ရခိုင်မှာ ကိုဗစ် ကာကွယ်ဆေး ထိုးကြဖို့ AA တိုက်တွန်း

ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါ တစ်ကျော့ပြန် ကူးစက်ပျံ့နှံ့နေလို့ ကိုဗစ်ဆိုင်ရာ စည်းကမ်း ချက်တွေကို တိတိကျကျ လိုက်နာကြဖို့နဲ့ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြဖို့ ရက္ခိုင့် တပ်တော် (AA) က မတ်လ ၁ ရက် မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကိုဗစ် ကူးစက်ခံရလို့ စစ်တွေဆေးရုံ အပါအဝင် ပြည်နယ်တွင်း ဆေးရုံသုံးခုနဲ့ မြို့နယ် အလိုက် ဆေးကုသမှုခံယူနေရသူ နှစ်ရာကျော် ရှိတယ်လို့ ပြည်နယ် စစ်ကောင်စီကလည်း ထုတ်ပြန်ထားပါတယ်။
ပြည်နယ်အစိုးရက ဦးဆောင်ပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေရာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လအထိ ရခိုင်မှာ လူဦးရေ ၁၄ သိန်းကျော်၊ ၆၉ ရာခိုင်နှုန်းအထိ ထိုးနှံပြီးပြီလို့ ပြည်နယ် ကျန်းမာရေးဌာနရဲ့ စာရင်းအရ သိရပါတယ်။
ရက္ခိုင့်တပ်တော် (AA) က တောင်းဆိုထားလို့ AA တပ်ဖွဲ့ဝင်တွေ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ဒေသခံတွေကို ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေတယ်လို့ ပြည်နယ်ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က RFA ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြောထားပါတယ်။
Booster Dose ကိုလည်း အခါအခွင့်သင့်ရင် ထိုးနှံထားကြဖို့လည်း AA က တိုက်တွန်းသလို ရခိုင်ဒေသတွင်း ရောဂါကူးစက်ပျံ့နှံ့မှုပေါ် မူတည်ပြီး သတိပေးချက်တွေ ဆက်လက် ထုတ်ပြန် မယ်လို့လည်း ဆိုထားပါတယ်။
ရခိုင်ပြည်နယ်မှာ အခုလက်ရှိ ကိုဗစ် ကူးစက်ခံရလို့ သေဆုံးမှုတွေ မရှိပေမယ့် စစ်တွေ ဆေးရုံမှာ ၁၂၉ ဦး၊ ကျောက်ဖြူ ဆေးရုံမှာ ၂၆ ဦး၊ သံတွဲဆေးရုံမှာ ၂၂ ဦး အပါအဝင် မြို့နယ်အချို့မှာ ကုသမှုခံယူနေရသူ ၂၀၇ ဦး ရှိတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်က ထုတ်ပြန်ထားပါတယ်။
မတ်လ ၁ ရက် မနေ့ကအထိ တစ်ပြည်လုံးမှာ COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၅၉၀,၂၃၇) ဦး ရှိပြီး သေဆုံးသူစုစုပေါင်း (၁၉,၃၇၂) ဦး ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။