ငပလီလေဆိပ်ကို AA ထိန်းချုပ်

RFA Burmese
2024.06.23
ငပလီလေဆိပ်ကို AA ထိန်းချုပ် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။
Photo: Arakan Army

ရခိုင်ပြည်နယ် သံတွဲလေဆိပ်နဲ့ ငပလီကမ်းခြေနား တစ်ဝိုက်မှာရှိတဲ့ ခမရ(၅၆၆)၊ ခလရ(၅၅) စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မနေ့က နေ့လယ်လောက်ထိ ငပလီကမ်းခြေတစ်ဝိုက်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းသုံး လာရောက်ပစ်ခတ်တာလည်းရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံပရဟိတသမားတစ်ဦးက ပြောပါတယ်။

မနေ့ညနေပိုင်းကစလို့ အခြေအနေတွေ တိတ်ဆိတ်နေပြီး၊ စစ်ကောင်စီဘက်က ပိတ်ထားတဲ့ မြို့ဝင်မြို့ထွက် ဂိတ်တွေလည်း ပြန်ပွင့်နေပြီလို့ ပြောကြပါတယ်။

နောက်ထပ်ဒေသခံတစ်ဦးကလည်း "စစ်တပ်ဘက်က ရှုံးပြီလို့ ကြားတယ်။ အဲဒါကြောင့် ဂိတ်တွေပြန်ဖွင့်လိုက်တာ။ လေယာဉ်ကွင်းထဲမှာ တပ်မမှူးတွေ၊ ဗျူဟာမှူးတွေရော၊ တခြားဗိုလ်တွေရောစုနေတယ်။ ဖမ်းထားတယ်" လို့ ပြောပါတယ်။

အဲဒီဘက်မှာ အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေမကောင်းတာကြောင့် သတင်းအတိအကျသိရဖို့ ခက်ခဲနေပါတယ်။

ရခိုင်အခြေစိုက် သတင်းတွေမှာလည်း ငပလီလေဆိပ်ကို ရခိုင့်တပ်တော် AA က သိမ်းလိုက်ပြီလို့ ဖော်ပြနေကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ AA ဘက်ကိုရော စစ်ကောင်စီဘက်ကိုပါ RFA က ဆက်သွယ်မေးမြန်းပေမဲ့ အကြောင်းပြန်တာမရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။