ပလက်ဝဆေးရုံအုပ်အပါအဝင် ဒေသခံသုံးဦးကို AA ဖမ်းဆီး
2024.10.04

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်က ဆေးရုံအုပ် ဒေါက်တာ အေးကျော်နဲ့ အမည်မသိရသေးတဲ့ ဒေသခံအမျိုးသားနှစ်ဦးတို့ကို အာရက္ခတပ်တော် (AA) က စက်တင်ဘာ ၂၉ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေကို ပလက်ဝမြို့ပေါ်မှာ ထိန်းသိမ်းထားပြီး မိသားစုနဲ့ ဆက်သွယ်ခွင့် မပြုထားဘူးလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။
"ဖမ်းဆီးခံထားရသူတွေကို လောလောဆယ်တော့ အဆက်အသွယ် မရကြသေးပါဘူး။ ဒီရက်ပိုင်းတွေမှာ AA တပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို ဖမ်းဆီတာ ပိုလုပ်လာတယ်။ တချို့လူတွေကလည်း မီဇိုရမ်အထိ တိမ်းရှောင်ကြတာလည်း ရှိတယ်"
ဆေးရုံအုပ်အပါအဝင် ဒေသခံတွေကို ဘာကြောင့်ဖမ်းဆီးထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က မေးမြန်းထားပေမဲ့ အကြောင်းပြန်တာမရှိသေးပါဘူး။
ဒေါက်တာ အေးကျော်ဟာ သွားဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်ပြီး သူ့ကိုယ်ပိုင် ဆေးခန်းနဲ့ ဆေးကုသပေးနေပေမဲ့ ပလက်ဝမြို့ကို AA ထိန်းချုပ်ပြီးတဲ့နောက်မှာ မြို့နယ်ဆေးရုံမှာ ဆေးရုံအုပ်အဖြစ် တာဝန်ပေးခံထားရတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာလည်း AA တပ်ဖွဲ့ဝင်တစ်ဦးကို ရိုက်နှက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပလက်ဝဒေသခံ လေးဦး၊ ချင်းဒေသကာကွယ်ရေးတပ်(CDF) ပလက်ဝကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ဆယ်ဦးတို့ကို AA က ဖမ်းဆီးထားတယ်လို့ ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (GKO) က ပြောဆိုထားပါတယ်။