အစိုးရဆန့်ကျင်ရေးအဖွဲ့တွေကို တရုတ်မထောက်ခံကြောင်း စစ်အစိုးရသတင်းစာ ရေးသား

နယ်စပ်ဒေသတွေမှာ မြန်မာအစိုးရကို ဆန့်ကျင်မယ့် လှုပ်ရှားမှုတွေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်စေမယ့် လုပ်ရပ်တွေကိုလုပ်မယ့် ဘယ်အဖွဲ့အစည်းကိုမှ လက်ခံ၊ ထောက်ခံမှာမဟုတ်ကြောင်း တရုတ်သမ္မတ ဟူကျန်တောင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး မြန်မာစစ်အစိုးရ သတင်းစာတွေက ဒီနေ့ သတိပေးရေးသား လိုက်ပါတယ်။

2010.09.12
china_burma_border_signboard_305_z မူဆယ်မြို့အနီး တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် စိုက်ထူထားသည့် သတိပေးဆိုင်းဘုတ်။ (Photo: AFP)
AFP

ဒါဟာ စစ်အစိုးရ အဆိုပြုထားတဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို လက်မခံတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ရည်ညွှန်းပုံရတယ်လို့ ကချင်ပြည်နယ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နဲ့ ပတ်ဝန်းကျင်ရေး လေ့လာနေတဲ့ ကချင် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့ ဥက္ကဌ ဦးအောင်ဝါက ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ်မှာ ၀ တပ်ဖွဲ့ဝင် အင်အား ၃ သောင်းနဲ့ ကချင် တပ်ဖွဲ့ဝင် အင်အား ၈ ထောင်လောက် ရှိနေပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ မြန်မာတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ မနှစ်က တိုက်ပွဲဖြစ်ပွားတဲ့ ကိစ္စကြောင့် ဖြစ်ပေါ်လာရတဲ့ တင်းမာမှု ပပျောက်ရေးအတွက် သွားရောက်တဲ့ ခရီးစဉ် ဖြစ်ပုံရတယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။

အဲဒီ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ထောင်နဲ့ ချီပြီး တရုတ်နိုင်ငံဘက် ထွက်ပြေးခဲ့ရပါတယ်။ နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲ ချောချောမွေ့မွေ့ ကျင်းပနိုင်ဖို့ ရွေးကောက်ပွဲ မတိုင်ခင် နယ်စပ် တင်းမာမှုတွေကို စစ်အစိုးရက ချုပ်ကိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ကချင် လက်နက်ကိုင်အဖွဲ့က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားတာကလည်း ပယ်ချခံရပါတယ်။ ဒီအကြောင်း အာအက်ဖ်အေ ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က စုစည်း တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။