၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင်တချို့ တရားစွဲခံရ
2014.03.26

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဒေသခံလူထုကို ဟောပြော ခဲ့ကြတဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူမှုအဖွဲ့အစည်း က ကျောင်းသားခေါင်းဆောင်တချို့ကို မြို့နယ်ရဲစခန်းက ဒီနေ့ ပုဒ်မ ၁၈ နဲ့ တရားစွဲလိုက်ပြီး အာမခံပေးလိုက်တယ် လို့ သိရပါတယ်။
ပခုက္ကူမြို့က ဆန္ဒပြပွဲဟာ ခွင့်ပြုချက်မရဘဲ ကျင်းပခဲ့တာကြောင့် ဦးဆောင်သူ ပခုက္ကူမြို့ခံ ကိုသန်းနိုင်နဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူမှုအဖွဲ့အစည်းက ကိုပြုံးချိုနဲ့ ခေါင်းဆောင်တချို့ တရားစွဲခံရတာလို့ ၈၈ မျိုးဆက် ပွင့်လင်းလူမှုအဖွဲ့အစည်းက ကိုဉာဏ်လင်းက ပြောပါတယ်။
"ကိုသန်းနိုင်၊ ကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်းတို့ လေးယောက်ကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုပါတယ်၊ လေးယောက်စလုံးကိုလည်း အာမခံပေးပါတယ်ဆိုပြီးတော့ တပါတည်းပြောပါတယ်ပေါ့၊ အဲဒီအခြေအနေမှာ ကျနော်တို့က ပုဒ်မ ၁၈ နဲ့ တရားစွဲတာကို လက်မခံဘူး၊ အာမခံပြန်ပေးတာကိုလည်း အာမခံမယူနိုင်ဘူး၊ ကျနော်တု့ိကို ဖမ်းချင်ရင်ဖမ်းပါ၊ တကယ်လို့ တရားစွဲဆိုခဲ့မယ်ဆိုလို့ရှိရင်လည်း ပူးပေါင်းဆောင်ရွက်မှုလုပ်မှာ မဟုတ်ဘူး"
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးရေး ဆန္ဒပြပွဲတွေကို တခြားမြို့တွေမှာ ခွင့်ပြုချက်ရနေပေမယ့် မကွေးတိုင်းထဲမှာပဲ ခွင့်ပြုချက်မရဘူးလို့ သိရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒပြပွဲတွေကိုလည်း ဒီနေ့ ထားဝယ်၊ မော်လမြိုင်မြို့တွေမှာလည်း ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
ဒီကနေ့ တရားစွဲဆိုခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက်ပွင့်လင်းလူမှုအဖွဲ့အစည်းက ကိုဉာဏ်လင်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။