မိုးထိ မိုးမိရွှေတူးဖော်ရေး အလုပ်သမား ခေါင်းဆောင်များ ၈၈ မျိုးဆက်နှင့် တိုင်ပင်ဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသ ရွှေတူးဖော်ရေး လုပ်ငန်းခွင်က အလုပ်သမား ခေါင်းဆောင် (၅) ဦးဟာ ဆန္ဒပြ ထုတ်ဖော်မှုတွေ ဆက်လက် လုပ်ဆောင် သွားဖို့အတွက် ရန်ကုန်မြို့က (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေရဲ့ ရုံးခန်းကို ဒီကနေ့ လာရောက်ခဲ့ပြီး ဦးမင်းကိုနိုင်၊ ဦးဂျင်မီ၊ ဦးကိုကိုကြီး (စမ်းချောင်း)၊ ဦးအောင်သူတို့နဲ့ ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။

2012.09.10
88-gs-gold-miner-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်က မိုးထိ မိုးမိဒေသ ရွှေတူးဖော်ရေး အလုပ်သမား ခေါင်းဆောင် (၅) ဦး (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် တိုင်ပင်ဆွေးနွေးနေစဉ်။
Photo: 88 Generation Students

(၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့မှာ လာရောက်တိုင်ပင်ရတာနဲ့ ပတ်သက်လို့ အလုပ်သမား ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးနေအောင်ထက်က RFA ကို အခုလိုပြောပြပါတယ်။

"၈၈ မျိုးဆက် ကျောင်းသားများနဲ့လည်း တိုင်ပင်ပြီးတော့မှ သူတို့ဆီက အကြံဉာဏ်တွေ ကျွန်တော်တို့ ရယူသွားမယ်။ ရယူသွားပြီးမှ ရှေ့ဆက်လုပ်ရမဲ့လုပ်ငန်းတွေကတော့ ဥပဒေ လမ်းကြောင်းအတိုင်းပဲ ဒီကအချက်အလက်တွေ ရဖို့တောင်းဆိုမယ်။ ပြီးတော့ နိုင်ငံတော်ကနေ ထုတ်ပြန်ထားတဲ့ တရားဥပဒေနဲ့အညီ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့် ဒီဟာတွေကို လျှောက်ထားတင်ပြသွားပြီးမှ ကျွန်တော်တို့က ဆန္ဒထုတ်ဖော်သွားမှာ ဖြစ်ပါတယ်"

မိုးထိ မိုးမိ ရွှေတူးဖော်ရေးလုပ်ငန်းခွင်က ရွှေလုပ်သားများ ကော်မတီ အနေနဲ့ ရွှေလုပ်သားတွေ အနေနဲ့ ရွှေတူးဖော်ရေး လုပ်ကွက်ရှိတဲ့ ရမည်းသင်းမြို့နဲ့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီရုံးချုပ် အခြေစိုက်တဲ့ ရန်ကုန်မြို့မှာ တစ်ပြိုင်တည်း ငြိမ်းချမ်းစွာ ဆန္ဒပြဖို့အတွက် အခုရက်ပိုင်းအတွင်း သက်ဆိုင်ရာကို လျှောက်ထားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အလုပ်သမားအရေး ကူညီပေးနေတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များအဖွဲ့က ဦးအောင်သူကလည်း အခုလ ၂၃၊ ၂၄ ရက်တွေမှာ မိုးထိ မိုးထိဒေသကို သွားရောက်လေ့လာဖို့ ရှိတယ်လို့ RFA ကိုပြောပါတယ်။

"အဓိက ကတော့ အလုပ်သမားတွေက သူတို့ကိုယ်တိုင် သူတို့အခွင့်အရေး၊ သူတို့ရဲ့ နစ်နာချက်ကို ဘယ်လိုတောင်းရသလဲဆိုတဲ့ အပေါ်မှာ အစ်ကိုတို့က အကြံဉာဏ်ပေးသွားမယ်။ ဒီဥပဒေရေးရာတွေကို နားလည်တဲ့ ရှေ့နေ၊ ရှေ့ရပ်တွေနဲ့ သူတို့နဲ့ ကျွန်တော်တို့နဲ့ အားလုံးပေါ့နော်။ တိုင်ပင် ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားဖို့ ရှိတယ်။ ဥပမာ နိုင်ငံတော်အစိုးရကို စာတင်တာ၊ လွှတ်တော် နှစ်ရပ်စလုံးဆီကို စာတင်တာ စသဖြင့် အဲဒီအပိုင်းတွေကိုလည်း ကျွန်တော်တို့ လုပ်သွားမယ်"

မိုးထိ မိုးမိဒေသမှာ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနဲ့ ရွှေတူးဖော်ရေး အလုပ်သမားတွေ ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်ပါ အချက် (၆) ချက်ကို ကုမ္ပဏီဘက်က ချိုးဖောက်တယ်ဆိုပြီး အလုပ်သမားတွေက သက်ဆိုင်ရာ အာဏာပိုင်တွေထံ တင်ပြထားပေမယ့် အခုထိ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးတာ မရှိသေးဘူးလို့လည်း အလုပ်သမား ခေါင်းဆောင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။