အင်ဒိုနီးရှား အကျဉ်းထောင်မှာ မြန်မာနိုင်ငံ သား ၈ ဦးသေဆုံး


2013.04.05
indonesia-detention-305 အင်ဒိုနီးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး အကျဉ်းထောင်တစ်ခု ကို တွေ့ရစဉ်
photo: AFP

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းက ဘီလာဝီဆိပ်ကမ်း အကျဉ်းထောင်ထဲမှာ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေကို မူဆလင် ရိုဟင်ဂျာအုပ်စုက ထောင်တွင်းအုပ်စုဖွဲ့ ရိုက်နှက်တာကြောင့် ၈ ဦး သေဆုံးခဲ့တယ်လို့ အေအက်ဖ်ပီသတင်းမှာ ဒီနေ့ ဧပြီလ ၅ ရက်နေ့မှာ ဖေါ်ပြပါတယ်။

မိတ္တီလာမြို့က အကြမ်းဖက်မှု၊ မီးလောင်ကျွမ်းမှု ဓါတ်ပုံတွေကို ထောင်တွင်းမှာရှိတဲ့ မူဆလင် ရိုဟင်ဂျာတွေက ကြည့်ရှုရပြီး၊ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေကို အုပ်စုနဲ့ တိုက်ခိုက်တာလို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ကို ကိုးကားပြီး အေအက်ဖ်ပီက ရေးသားခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းဖက်ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှနယ်စပ်ဖက်က မူဆလင် ရိုဟင်ဂျာတွေ လှေတွေနဲ့ရောက်ရှိရာမှာ အင်ဒိုနီးရှားအစိုးရကဖမ်းဆီးပြီး ဘီလာဝမ်ဆိပ်ကမ်းက လူဝင်မှုကြီးကြပ်ရေး အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားတာပါ။ အလားတူ အင်ဒိုနီးရှားရေပိုင်နက်ထဲ ငါးခိုးဖမ်းမှုနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း အဲဒီလဝက အကျဉ်းထောင်ထဲမှာ ထိမ်းသိန်းထားတာရှိတယ်လို့ဆိုပါတယ်။ အဲဒီ ငါးခိုးဖမ်းမှုနဲ့ ထိမ်းသိန်းခံရသူ မြန်မာနိုင်ငံသားတွေကိုတော့ လာမယ့်မေလအတွင်း မြန်မာနိုင်ငံကိုပြန်ပို့ဖို့ စီစဉ်ထားတာလို့လည်းသိရပါတယ်။

မူဆလင်ရိုဟင်ဂျာတွေက ထောင်တွင်းကုတင်တိုင်တွေကို လက်နက်သဖွယ်အသုံးပြုပြီး အုပ်စုနဲ့ရိုက်နှက်ရာမှာ ၈ ဦးသေဆုံးခဲ့တာလို့ဆိုပါတယ်။ အင်ဒိုနီးရှားရဲတပ်ဖွဲ့တွေက ဒီနေ့မနက်အစောပိုင်းရောက်ရှိရာမှာ သေဆုံးနေပြီးဖြစ်တယ်လို့ဆိုပါတယ်။ အခင်းဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မူဆလင် ရိုဟင်ဂျာ တစ်ရာကျော်ကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က စစ်ဆေးနေသလို မျက်မြင်သက်သေ ၃ဝ ကိုလည်း စစ်ဆေးနေကြောင်းသိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။