ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ်အပြီး ခြောက် ပွင့်ဆိုင် ပြန်စမည်


2015.06.12
6talks-meet-620 နေပြည်တော်က သမ္မတအိမ်တော်မှာ ဧပြီလ ၁ဝ ရက်နေ့က ကျင်းပတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်တို့ ပြည်ပခရီးစဉ်တွေရှိနေပြီး လူမစုံသေးတဲ့အတွက် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ပြန်လည်ကျင်းပမယ့်အချိန်ကို မညှိနှိုင်းနိုင်သေးတာလို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ ဆက်လက်ကျင်းပနိုင်မယ့် အခြေအနေကို သတင်းထောက်တွေက မေးမြန်းရာမှာ ဝန်ကြီးဦးရဲထွဋ်က အခုလိုဖြေကြားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးစဉ်ကနေ ပြန်ရောက်တဲ့ အချိန်မှာ တွေ့ဆုံဆွေးနွေးပွဲ ဆက်ကျင်းပဖို့အတွက် တွေ့ဆုံနိုင်မယ့်နေ့ကို ညှိနှိုင်းသွားမယ်လို့ ဦးရဲထွဋ်က ပြော ပါတယ်။

"ရှိတဲ့လူတွေ တစ်ယောက်ပြီးတစ်ယောက် ခရီးသွားပဲနေကြတာ၊ အခုလည်း အစ်မကြီး ဒေါ်အောင်ဆန်း စုကြည်က တရုတ်ပြည်သွားနေတာပေါ့၊ ပြီးတော့ပြန်လာရင်တော့ ပြန်ညှိရမှာပေါ့၊ ဘာဖြစ်လို့လည်း ဆိုတော့ ခေါင်းဆောင်တွေအားလုံးက တစ်ယောက်ပြီးတစ်ယောက် ခရီးသွားနေကြလို့၊ လူစုံတော့ပြန် ညှိရမှာပေါ့နော် ဘာလို့လဲဆိုတော့ နာယကကြီးရဲ့ ခရီးစဉ်ဆိုလည်း ကျနော်တို့ ကြိုမသိဘူးလေ၊ အမျိုးသားလွှတ်တော် ဥက္ကဌကြီးကိစ္စဆိုလည်း ကြိုမသိဘူး၊ ဆိုတော့ အစ်မကြီး ဒေါ်အောင်ဆန်းစုကြည် ပြန် လာလို့ရှိရင်တော့ ကျနော်တို့ အချိန်တစ်ခုပြန်ညှိရမှာပေါ့၊ ပြီးခဲ့တဲ့လတုန်းကတော့ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ အပြင်ရောက်နေများတာပေါ့"

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သက်ရောက်မှုရှိနိုင်လားလို့ သတင်းထောက်တွေရဲ့ မေးမြန်းရာမှာတော့ ဒီကိစ္စဟာ လွှတ်တော်ကသာ ဆုံးဖြတ်ရမှာဖြစ်ကြောင်း ဦးရဲထွဋ်က ဖြေကြားခဲ့ပါတယ်။

"ကျနော် နားလည်သလောက်ပြောရရင်တော့ ဖွဲ့စည်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာလေ လွှတ်တော်ထဲ မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကပဲ ဆုံးဖြတ်မှာပါ၊ နိုင်ငံတော်သမ္မတလည်း ဝင်ရောက်ဆုံးဖြတ်လို့ မရပါဘူး၊ ဆိုတော့ အကျိုးသက်ရောက်မှုရှိလား မရှိဘူးလားဆိုတာတော့ လူကြီးတွေဆွေးနွေးမှပဲသိမှာပါ၊ သို့သော် ဆွေးနွေးသည်ဖြစ်စေ ဟိုဘက်မှာတွေ့သည်ဖြစ် မတွေ့သည်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်တွေ ကတော့ အားလုံးစဉ်းစားပြီးတော့ မဲပေးခွင့်ရှိတာပေါ့၊ ဒီဟာကပဲ ပထမအဆင့် အဖြေဖြစ်မှာပေါ့၊ ပြီးလို့ရှိရင်တော့ ပြည်သူ့ဆန္ဒခံယူပွဲလုပ်ဖို့ လိုအပ်တယ်ဆိုရင်တော့ ပြည်သူတွေကိုချပြပြီးတော့ ပြည်သူတွေရဲ့ အဆုံးအဖြတ်က အတည်ဖြစ်မှာပါ"

နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒေါက်တာအေးမောင်တို့ပါဝင်တဲ့ ပထမဆုံးအကြိမ်ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ဧပြီလ ၁ဝ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ လက်ရှိကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမတိုင်ခင် နောက်တစ်ကြိမ် တွေ့ ဆုံမယ်လို့ ပြောကြားထားပေမယ့် အခုချိန်ထိ တွေ့ဆုံနိုင်ခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။