မန္တလေးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် လေးဦး ပုဒ်မနှစ်ခုနဲ့ စွဲချက်တင်ခံရ

2021.07.09
မန္တလေးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် လေးဦး ပုဒ်မနှစ်ခုနဲ့ စွဲချက်တင်ခံရ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကို ၂၀၂၀ ခုနှစ်က တွေ့ရစဉ်
Photo: Dr Zaw Myint Maung - facebook

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကို အိုးဘိုအကျဉ်းထောင်တွင်း တရားရုံးကနေ ဇူလိုင်လ ၉ ရက် ဒီနေ့မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဘေးစီမံအမှုတွေနဲ့ စွဲချက်တင်လိုက်သလို NLD အစိုးရ ဝန်ကြီးဟောင်း နှစ်ဦးနဲ့ မန္တလေးတိုင်း NLD ပါတီ အတွင်းရေးမှူးကိုလည်း ဘေးစီမံအမှုနဲ့ စွဲချက်တင်လိုက် တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေအဖွဲ့က ပြောပါတယ်။

ဒေါက်တာ ဇော်မြင့်မောင် ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ-၂၅/၃၀ (က) တို့နဲ့ စွဲချက်တင်ခံရတာဖြစ်ပြီး လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်းနဲ့ မန္တလေးတိုင်း NLD ပါတီ အတွင်း ရေးမှူး ဦးတင်ကိုကို တို့ သုံးဦးကတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ-၂၅/၃၀ (က) တို့နဲ့ စွဲချက်တင်ခံလိုက်ရတာပါ။

အခုလိုစွဲချက်တင်ခံရတာကြောင့် တရားလိုပြသက်သေတွေ ပြန်လည်စစ်ဆေးဖို့ ဒီနေ့ရုံးတော်ကို တင်ပြ ထားတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

“တရာလိုနဲ့ တရားလိုပြသက်သေတွေကို ပြန်လည်စစ်ဆေးဖို့ ခေါ်ယူပေးပါဆိုပြီး ရုံးကိုပြန်ခေါ်သက်သေ အနေနဲ့ ပြောထားတယ်။ စွဲချက်တင်လိုက်တော့ လိုအပ်တဲ့ မေးခွန်းတွေ ထပ်မေးရမယ်”

ဒေါက်တာ ဇော်မြင့်မောင် ရဲ့ ထောင်တွင်းနေရတဲ့အခန်းဟာ မြောက်ဘက်လှည့်အခန်းဖြစ်လို့ လေဝင် လေထွက် မကောင်းတာ၊ ရာသီဥတု ပူပြင်းတာတွေကြောင့် ပိန်ကျသွားတာ တွေ့ရတယ်လို့လည်း အဲဒီ ရှေ့နေက ပြောပါတယ်။

ဒီနေ့စွဲချက်တင်ခံရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် နဲ့ လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် တို့ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) နဲ့ပါ ထပ်ပြီး အမှုဖွင့်ခံထားရပါတယ်။

ဒါပေမဲ့ အဲဒီထပ်တိုးအမှုကိုတော့ ဒီနေ့အချိန်ထိ တရားရုံးကို စွဲတင်လာတာမရှိသေးဘူးလို့လည်း သိရပါတယ်။

ဒီနေ့စွဲချက်တင်ခံရတဲ့အမှုနဲ့ ပတ်သက်လို့ နောက်တစ်ပတ်ရုံးချိန်းကို လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့ကို ချိန်းဆိုလိုက်တယ်လို့လည်း ရှေ့နေတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။