၂ဝ၁၅ တွင် ရခိုင်ပြည်နယ် လူ့စွမ်းအားမြင့်တင်ရေးစီမံ ချက်များကို UNDP ဦးစားပေးမည်
2014.10.04
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP အနေနဲ့ ရခိုင်ပြည်နယ်မှာ လာမယ့် ၂၀၁၅ ခုနှစ်ကစတင်ပြီး လူ့စွမ်းအား အရည်အသွေးမြှင့်တင်နိုင်မယ့် စီမံချက်တွေကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း စစ်တွေမြို့ အခြေစိုက် UNDP ရဲ့ ရခိုင်ပြည်နယ်တာဝန်ခံ Ms. Simonetta Rossi က ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးအကူအညီတွေပေးနေတာနဲ့ပတ်သက်ပြီး RFA က မနေ့က တွေ့ဆုံ မေးမြန်းခဲ့ရာမှာ Ms. Simonetta Rossi က အခုလိုပြောဆိုခဲ့တာပါ။
အဲဒီ စီမံချက်ပမာဏကိုတော့ အစိုးရနဲ့ ပြည်သူလူထုရဲ့ ဆန္ဒအပေါ်မူတည်ပြီး ဖွံ့ဖြိုးရေး စီမံချက်တွေအပေါ်မှာ ထပ်မံဖြည့်စွက်တဲ့အနေနဲ့ လုပ်ဆောင်သွားမှာဖြစ်တယ် လို့ပြောပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP အနေနဲ့ အခုလက်ရှိမှာစစ်တွေ၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနဲ့ ၊ပေါက်တောစတဲ့ မြို့နယ် ၆ ခုက ကျေးရွာပေါင်း ၆၃ ရွာမှာ ဖွံ့ဖြိုးရေးအကူအညီတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်တွေမြို့နယ်မှာ စံပြကျေးရွာအဖြစ်သတ်မှတ်ပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကူအညီတွေ ဆောင်ရွက်နေတဲ့ အုန်းရေပေါ်ကျေးရွာမှာလည်း ကျေးရွာဖွံ့ဖြိုးရေးအကူအညီတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း UNDP ရဲ့ ရခိုင်ပြည်နယ်တာဝန်ခံက ဒေသခံတွေနဲ့ မနေ့က တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ပါတယ်။