စစ်ကိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဖို့ကြိုးပမ်းတဲ့ မြေသိမ်း ခံပြည်သူ ၂၀ တရားစွဲခံရ


2015.01.09

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနဲ့ တွေ့ဆုံခွင့်ရဖို့အတွက် တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့ မှာ စောင့်ဆိုင်းနေတဲ့ မုံရွာမြို့နယ် အိုးဘိုထောင်ရပ်ကွက်က ဒေသခံ ၂၀ ဦးကို မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူးက တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ မနေ့က အမှုဖွင့်လိုက်ပါတယ်။

အိုးဘိုထောင်ရပ်ကွက်က တိုင်းဒေသကြီးလွှတ်တော်ရုံး ဆောက်လုပ်ထားတဲ့ မြေနေရာအတွက် အသိမ်းခံရသူ မြေပိုင်ရှင် ၅၀ ဦးက မနေ့က လွှတ်တော်ရုံးရှေ့မှာ သွားရောက်စောင့်ဆိုင်းခဲ့တာဖြစ်ပါတယ်။

အဲဒီလိုစောင့်ဆိုင်းခဲ့တာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အဆောက်အဦးရှေ့မှာ လူစုလူဝေးနဲ့ တရားမဝင်နေထိုင်တယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၈နဲ့ မုံရွာမြို့နယ်ရဲစခန်းမှာ အမှုဖွင့်တာလို့ အမှုဖွင့်ခံရသူ ဒေါ်ဝါနုက ပြောပါတယ်။

"ဝန်ကြီးချုပ်ကို တွေ့ဆုံခွင့်ဆိုပြီးတော့ လုံခြုံရေးဂိတ်ကရဲတွေကို အကြောင်းကြားလိုက်တဲ့အခါကျတော့ ဝန်ကြီးချုပ်ကမရှိဘူးတဲ့ ခရီးစဉ်ရှိတယ်တဲ့၊ ကျန်တဲ့သူဘယ်သူ့ကိုတွေ့မလဲလို့ မေးလိုက်တဲ့အခါမှာ အတွင်းရေးမှူး ဦးထွန်းထွန်းဇော် ရှိသလားလို့ မေးတဲ့အခါမှာ ရှိပါတယ်တဲ့၊ ဦးထွန်းထွန်းဇော်က သူ့အခန်းထဲမှာရှိနေပြီး တွေ့ဆုံ ခွင့်မပေးခဲ့ဘူး၊ ဝန်ကြီးချုပ်ကိုပဲတောင်းရမှာ၊ ဝန်ကြီးချုပ်ကပဲရှင်းပေးနိုင်မှာ၊ ကျန်တဲ့လူတွေက ရှင်းမပေးနိုင်ဘူးလို့ ကျမတို့ ဝန်ကြီးချုပ်ကိုတွေ့ဖို့ဆိုပြီး လွှတ်တော်အပေါက်မှာထိုင်တာ မနက်ခင်း ၁ဝ နာရီခွဲလောက်ကထိုင်တာ ၇ နာရီကျော်ကျော်လောက်ဆို ရဲစခန်းဘက်ကိုပါသွားပြီ၊ စခန်းရောက်တဲ့အခါ အယောက် ၂ဝ ကို ဝန်ကြီးချုပ်ရုံး အရှေ့မှာသွားပြီးတော့ လူစုလူဝေးနဲ့မို့လို့ အုပ်ချုပ်ရေးမှူးကနေ ပုဒ်မ ၁၈ နဲ့ဆွဲတာ"

ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး၊ တိုင်းဒေသကြီးဝန်ကြီးတွေရဲ့ အိမ်ယာနဲ့ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ဖို့အတွက်ဆိုပြီး အိုးဘိုထောင်ရပ်ကွက်က နေအိမ် ၇၇ လုံးကို ဖယ်ရှားခိုင်းခဲ့တာဖြစ်ပါတယ်။

ဖယ်ရှားခံရစဉ်က အစားထိုးမြေနေရာနဲ့ လျော်ကြေးငွေမရခဲ့တာကြောင့် အိမ်တစ်လုံးကို နစ်နာကြေး ၁၅ သိန်းစီပေးဖို့ မြေသိမ်းခံရသူတွေက တိုင်းဒေသကြီးအုပ်ချုပ်ရေးအဖွဲ့ထံ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က တင်ပြခဲ့ကြပါတယ်။

အဲဒီလိုတင်ပြခဲ့တာကြောင့် နေအိမ်တစ်လုံးကို ၇ သိန်းစီပေးခဲ့ရာ မြေပိုင်ရှင်တွေက ထပ်တိုးပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။