ဟားခါးမှာ ခရစ်ယာန် တရားဟောဆရာတစ်ဦး အပါအဝင် ၁၂ ဦး အဖမ်းခံရ

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့မှာ မေလ ၆ ရက်နေ့က ခရစ်ယာန် အသင်းတော်ဆရာတစ်ဦး အပါအဝင် ဒေသခံ ၁၂ ဦးကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးသွားတဲ့ ၁၂ ယောက်ထဲက ၁၀ ယောက် ဒီနေ့ည ၉ နာရီကျော်မှာ ပြန်လွတ်လာတယ်လို့ သူက ပြောပါတယ်။ ပြန်မလွှတ်သေးတဲ့ နှစ်ယောက်ထဲက တစ်ယောက်က အသက် ၁၈ နှစ် မပြည့်သေးဘူးလို့ အမည်မဖော်လိုတဲ့ ဟားခါးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။ ပြန်လွတ်လာတဲ့အထဲမှာ အသင်းတော်ဆရာ ပါမပါတော့ မသိရသေးပါဘူး။
စစ်ကောင်စီက ရဲကား ၃ စီး၊ စစ်ကား ၆ စီးနဲ့ စီးနင်းရှာဖွေဖမ်းဆီးရာမှာ နှီလ်လွန်းရွာသစ်က နေအိမ်တစ်အိမ်ကနေ ပိုက်ဆံ ၁၀ သိန်းနဲ့အတူ အဝတ်အစားတွေ ယူဆောင်သွားတယ်လို့ အဲဒီမိသားစုနဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“အိမ်တံခါးတွေ ဖျက်ပြီး ဝင်စီးတာပေါ့။ မတရား ယူသွားတာကတော့ များတယ်။ ချင်းဝတ်စုံတွေပါတဲ့ ခရီးဆောင်အိတ်သုံးအိတ် ပါသွားတယ်။ ပြီးတော့ အိမ်နေရင်းဝတ်တဲ့ အင်္ကျီတွေ သံသေတ္တာနဲ့ သုံးလုံး ပါသွားတယ်။ ပိုက်ဆံလည်း ဆယ်သိန်း ယူသွားတယ်။ ဆိုင်ကယ်တစ်စီးလည်း ယူသွားတယ်” လို့ ပြောပါတယ်။
ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဟားခါးပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF) အကြား တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဟားခါးဒေသခံတချို့ ရှောင်တိမ်းနေကြပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း ဟားခါးမြို့ကနေ တပ်ကုန်း၊ မတူပီ၊ ထန်တလန်နဲ့ ဖလမ်းမြို့တွေကို သွားရာလမ်းဆုံတွေ၊ မြို့အဝင်အထွက်တွေမှာ မှတ်ပုံတင်စစ်ဆေးတာ၊ ဖုန်းတွေ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာတဲ့ ကားတွေကို စစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ် ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။