ကယားနဲ့ ရှမ်းတောင်မှာ လက်နက်ကြီးကြောင့် တစ်လအတွင်း အရပ်သား ၁၀ ဦး သေဆုံး

ကယား (ကရင်နီ) ပြည်နယ်အတွင်းက လွိုင်ကော်၊ ဒီးမော့ဆို မြို့နယ်အပါအဝင် နယ်မြေချင်း ထိစပ်နေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲမြို့နယ်တွေမှာ စစ်ကောင်စီ တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်လို့ အခု စက်တင်ဘာလ တစ်လတည်းမှာပဲ သေဆုံးသူ ၁၀ ဦး ရှိနေပြီလို့ ကရင်နီ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။
နေ့စဉ်လိုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရမှုတွေ ရှိခဲ့တာလို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ဒီနေ့ RFA ကို ပြောပါတယ်။
စက်တင်ဘာလ ၈ ရက်နေ့က စတင်ပြီး မိုးဗြဲ၊ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ကရင်နီ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး မိုးဗြဲ အခြေစိုက် စစ်ကောင်စီ ခလရ - ၄၂၂ တပ်နဲ့ လွိုင်ကော် အခြေစိုက် ခလရ - ၂၅၀ တပ်စခန်းတွေက အရပ်သားတွေရှိတဲ့ နေရာတွေဆီကို လက်နက်ကြီး ကျည်တွေ ကျရောက်ခဲ့တာလို့လည်း ဆိုပါတယ်။
စက်တင်ဘာလ ၂၈ ရက်နေ့မှာတော့ လွိုင်ကော်မြို့နယ် ကုန်းသာရွာက နေအိမ်တစ်လုံး ပေါ်ကို လက်နက်ကြီးကျည်ကျလို့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ် အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကိုဗညားက ဆိုပါတယ်။
စက်တင်ဘာလ ၂၇ ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ်က နှစ်ခြင်းဘုရားကျောင်း တစ်ခုကို လက်နက်ကြီးထိမှန်တာကြောင့် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ဒဏ်ရာရခဲ့ပြီး ဘုရားကျောင်းလည်း ထိခိုက်ပျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကယား (ကရင်နီ) ပြည်နယ် အရပ်ဘက်အဖွဲ့တွေရဲ့ နေ့စဉ်ထုတ်ပြန်တဲ့ အချက်အလက် တွေပေါ် အခြေခံပြီး RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ကယားပြည်နယ် လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့နဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ မြို့နယ်အတွင်းမှာ စက်တင်ဘာလ အတွင်း လက်နက်ကြီးကြောင့် ကလေးငယ်သုံးဦး အပါအဝင် အမျိုးသား ခြောက်ဦး၊ အမျိုးသမီး လေးဦး သေဆုံးခဲ့ပါတယ်။
လွိုင်ကော်မြို့နယ်အတွင်းမှာ သေဆုံးသူ လေးဦးနဲ့ ဒဏ်ရာရသူ လေးဦးရှိခဲ့ပြီး ဒီးမော့ဆိုမြို့နယ် အတွင်းမှာ သေဆုံးသူ တစ်ဦး ဒဏ်ရာရသူ တစ်ဦး ရှိခဲ့ပါတယ်။
မိုးဗြဲမြို့နယ်အတွင်းမှာတော့ ကလေးငယ် သုံးဦး အပါအဝင် ငါးဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက် မနည်း ဒဏ်ရရခဲ့ပါတယ်။
ကယားပြည်နယ်အတွင်းက တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူကို RFA က ဒီနေ့ ညနေပိုင်းမှာ ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့မယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) ရဲ့ စက်တင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ကယားပြည်နယ် အတွင်းမှာ အာဏာသိမ်း ၁၉ လအတွင်း စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခံရလို့ သေဆုံးသွားတဲ့အရပ်သား ၂၆၁ ဦး ရှိခဲ့ပြီး စစ်ဘေးတိမ်းရှောင်ရင်း မိုင်း၊ လက်နက်ကြီးနဲ့ အစာအာဟာရ မလုံလောက်လို့ သေဆုံးခဲ့ရတဲ့ အရပ်သား အရေအတွက် ၆၁ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။