ဖွဲ့စည်းပုံပြင်ဆင်ရေး တပ်ကိုယ်စားလှယ်တွေ ဆွေးနွေးတော့မှာမဟုတ်
2019.07.29

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ် ပါဝင်ဆွေးနွေးဖို့ စာရင်းပေးထား တာကို တပ်မတော်သားကိုယ်စားလှယ်တွေက ပြန်ရုပ်သိမ်းလိုက်ပါတယ်။
အဖွဲ့ဝင် ၄၅ ဦးပါဝင်တဲ့ ပူးပေါင်းကော်မတီဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ဖို့ အချက်ပေါင်း ၃၇၆၅ ချက်ကို စုစည်းပြီး ပြည်ထောင်စုလွှတ်တော်မှာ ဇူလိုင်လ ၁၅ ရက်နေ့က အစီရင်ခံစာ တင်သွင်းခဲ့တာပါ။
အဲဒီအစီရင်ခံစာကို တပ်မတော်သား ကိုယ်စားလှယ် ၇၈ ဦး အပါအဝင် ကိုယ်စားလှယ် ၁၂၅ ဦးက ပါဝင်ဆွေးနွေးဖို့ စာရင်းပေးထားရာကနေ တပ်မတော်ဘက်က ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။
ပူးပေါင်းကော်မတီ ဖွဲ့စည်းဆောင်ရွက်တာဟာ ဖွဲ့စည်းပုံနဲ့ မကိုက်ညီကြောင်း၊ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာတဲ့ အနေနဲ့သာ ပူးပေါင်းကော်မတီမှာ ပါဝင်ခဲ့တာဖြစ်ကြောင်းနဲ့၊ အစီရင်ခံစာလုပ်ငန်းတွေဟာ အခန်း ၁၂ ပါ ပြဌာန်းချက်တွေနဲ့ မကိုက်ညီဘူးလို့ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က သဘောထား မှတ်ချက် ပြုထားပါတယ်။
ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမှာ အဲဒီလို သဘောထားမှတ်ချက် ပြုထားတဲ့အတွက် ဆွေးနွေးဖို့မလိုဘူးလို့ ပြန်လည်သုံးသပ်ပြီး အခုလို ရုပ်သိမ်းလိုက်တာလို့ အမည်မဖော်လိုသူ ကိုယ်စားလှယ်တစ်ဦးက RFA ကို ပြောပါတယ်။
ဒီအစီရင်ခံစာကို မနက်ဖြန်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၆ ဦး၊ ရခိုင်အမျိုးသားပါတီ၊ SNLD နဲ့ တိုင်းရင်းသားပါတီတချို့က ကိုယ်စားလှယ်တွေအပါအဝင် ကိုယ်စားလှယ် ၂၁ ဦးက စတင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။