ရေစကြိုမြို့နယ်မှာ စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ ပညာရေးယန္တရား ရပ်တန့်လုဖြစ်နေ

2022.03.15
ရေစကြိုမြို့နယ်မှာ စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ ပညာရေးယန္တရား ရပ်တန့်လုဖြစ်နေ မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းမှာ ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် နွေဦး​ကံ့ကော် ပရဟိတ​ဆေးခန်းကို တွေ့ရစဉ်
Photo: နွေဦးကံ့ကော် ပရဟိတဆေးခန်း ရေစကြို

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီအတွက် အလုပ်လုပ်နေတဲ့ ဝန်ထမ်းအားလုံး နုတ်ထွက်ကြဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လလယ်ပိုင်းမှာ ရေစကြို PDF က သတိပေးလိုက်တာ ကြောင့် အခု မတ်လဆန်းကစလို့ ဆေးရုံ ငါးခုနဲ့ အခြေခံပညာကျောင်း ၂၀၀ နီးပါး ပိတ်သွားတယ်လို့ ဒေသခံတွေနဲ့ CDM ဝန်ထမ်းတွေက ပြောပါတယ်။

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဝန်ထမ်းအများစုက အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်နေကြပြီး၊ အခုနောက်ပိုင်းမှာလည်း ဝန်ထမ်း အားလုံး ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထား နုတ်ထွက်ပေးဖို့ ရေစကြိုမြို့နယ် PDF က ဖေဖော်ဝါရီလလယ်ပိုင်းမှာ စာထုတ် သတိပေးခဲ့တာပါ။

ဒါ့ကြောင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ရေစကြိုမြို့နယ်က အခြေခံပညာကျောင်း ၁၉၆ ကျောင်းရှိတဲ့အနက် အားလုံး နီးပါး ပိတ်လိုက်ပြီး၊ မြို့နယ်ဆေးရုံကြီးအပါအဝင် ဆေးရုံ ငါးခုလည်း ပိတ်လိုက်တယ်လို့ ဒေသခံတွေနဲ့ CDM ဝန်ထမ်းတွေက ပြောပါတယ်။

ဒီလိုပိတ်လိုက်တာဟာ သူတို့အဖွဲ့ရဲ့ တိုက်တွန်းတာကြောင့် ဖြစ်တယ်လို့ ရေစကြိုမြို့နယ် PDF အဖွဲ့က ရဲဘော် ဝေကြီးက ပြောပါတယ်။

"အရင်ဆုံး စာမထုတ်ခင်ကတော့ တော်တော်များများက CDM လုပ်ထားတာပေါ့နော်။ မြို့ပေါ်က ကျောင်းတွေတို့၊ စစ်ကောင်စီက ဒေါက်တိုင်ပေးထားတဲ့ ကျောင်းတွေက ဖွင့်သေးတယ်ဗျ။ စာထုတ်ပြီးတဲ့ ၂၈ ရက်နေ့ နောက် မတ်လ ၁ ရက်နေ့ကစပြီး မြို့ပေါ်မှာရှိတဲ့ ကျောင်းတွေ၊ ဆေးရုံတွေ အကုန်ပိတ်သွားပြီ။ အခုထိလည်း ပိတ်ထား တယ်ပေါ့နော်။ ပြဿနာက ဝန်ထမ်းတွေ မရှိကြတော့ဘူး"

မြို့​ပေါ်က စာသင်​ကျောင်း​တွေဖြစ်တဲ့ မြို့မ​ကျောင်းနဲ့ အလယ်တန်း​ကျောင်း​တွေလည်း ပိတ်ထားပြီး အခြားဌာန ဆိုင်ရာရုံးတွေလည်း လည်ပတ်မှုမရှိသ​လောက် ဖြစ်​​နေတယ်လို့ မြို့ခံ​တွေက ​ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ အထက (၁၇) ကျောင်း၊ အထက ခွဲ (၂၂) ကျောင်း၊ အလက (၂၇) ကျောင်း၊ အလက ခွဲ (၁၇) ကျောင်း၊ မူလွန် (၃၁) ကျောင်း၊ အမက (၈၂) ကျောင်း စုစုပေါင်း ၁၉၆ ကျောင်းရှိပြီး အဲဒီအထဲက ကျောင်းအားလုံး နီးပါးက ပိတ်ထားရတယ်လို့ ပညာရေးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

"စာထုတ်ပြီးတဲ့ ၂၈ ရက်နေ့ နောက် မတ်လ ၁ ရက်နေ့ကစပြီး မြို့ပေါ်မှာရှိတဲ့ ကျောင်းတွေ၊ ဆေးရုံတွေ အကုန်ပိတ်သွားပြီ"

ကျန်းမာရေးကဏ္ဍမှာလည်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းက မြေတော်တိုက်နယ် ဆေးရုံကို ဖေဖော်ဝါရီ ၂၈ ရက် နေ့မှာ ပိတ်လိုက်သလို၊ မတ်လ ၁ ရက်နေ့မှာလည်း ရေစကြိုမြို့ပေါ်က ခုတင် ၂၀၀ ဆံ့ မြို့နယ်ဆေးရုံကြီးကို ပိတ်လိုက်တယ်လို့ CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ရေစကြိုမြို့နယ် PDF တပ်ဖွဲ့ဝင် ရဲဘော်ဝေကြီးကတော့ မြို့နယ်ဆေးရုံကြီးနဲ့ မြေတော် တိုက်နယ်ဆေးရုံအပြင် ရေစကြိုမြို့နယ်ထဲက မအူတိုက်နယ်ဆေးရုံ၊ ကြက်ဆူ ကျင်းတိုက်နယ်ဆေးရုံနဲ့ ပခန်းကြီးတိုက်နယ် ဆေးရုံတွေကိုလည်း ပိတ်ထားရတယ်လို့ ပြောပါတယ်။ လက်ရှိအချိန်မှာ ရေစကြိုမြို့နယ်ဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာတွေ မရှိကြတော့ဘဲ စစ်ကောင်စီတပ်ဖွဲ့တွေကသာ တပ်စွဲထားတယ်လို့ သူက ဆိုပါတယ်။

အခုအခါ ဒေသခံတွေရဲ့ ကျန်းမာ​ရေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် မတ်လ ၁၀ ရက်​နေ့မှာ ​​နွေဦး​ကံ့ကော် အမည်နဲ့ ပရဟိတ​ဆေးခန်းတစ်ခု ဖွင့်လှစ်လိုက်တယ်လို့ ဆေးခန်းတာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ကျတော်တို့ ရေစကြိုမြို့နယ်မှာ ကျန်းမာရေး ဆေးရုံဆေးခန်းတွေက ပိတ်လိုက်ပြီ ပေါ့နော်။ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့ နောက်ဆုံးဆိုပြီး ပကဖတွေက ထုတ်ပြန်လိုက်တော့ ဝန်ထမ်းတွေက နုတ်ထွက်သွားတယ်။ နုတ်ထွက်သွားတော့ ဆေးရုံတွေ ပိတ်လိုက် တယ်ပေါ့။ အဲလို ပိတ်လိုက်တော့ ဒီဆေးရုံတွေအတွက် တစ်ထောင့်တစ်နေရာကနေ အစားထိုးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆေးခန်းလေးကို မနေ့က စတင်ဖွင့်လိုက်တာပါ"

အဲဒီဆေးခန်းကို ​ရေစကြိုမြို့နယ် ရေလယ်ကျွန်းမှာ ဖွင့်ထားပြီး ဆရာဝန်တစ်ဦး၊ သူနာပြုဆရာမ သုံးဦး၊ ​ကျေးလက် ကျန်းမာ​ရေးဆရာ သုံးဦးနဲ့ တိုင်းရင်း​ဆေးဆရာ တစ်ဦးတို့က ​ဒေသခံ​တွေကို ကျန်းမာ​ရေး​စောင့်ရှောက်မှု ပေး​နေတာလို့ ​​​သူက ဆိုပါတယ်။

nway-oo-gantkaw-clinic
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းက နွေဦး​ကံ့ကော် ပရဟိတ​ဆေးခန်းကို ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်က တွေ့ရစဉ် (Photo: CJ)

ရွာ​ပေါင်း ၄၀ ​ကျော်ရှိတဲ့ ​ရေလယ်ကျွန်းတစ်ခုလုံးကို ကျန်းမာ​ရေး​စောင့်​ရှောက်မှု ပေးနိုင်ဖို့က သူတို့အဖွဲ့မှာ ကျန်းမာ​ရေး ဝန်ထမ်းလိုအပ်ချက်နဲ့ ဆေးဝါးပစ္စည်းလိုအပ်ချက်​​တွေ ရှိ​နေတယ်လို့ တာဝန်ကျ ဆရာမတစ်ဦးက RFA ကို ပြောပြပါတယ်။

"ကျတော်တို့ CDM လုပ်တဲ့အတွက် ကျတော်တို့က ကိုယ်ဘယ်လောက် လုပ်နိုင်လဲ ဆိုတာထက် ကျတော်တို့က ပြည်သူတွေအတွက် ဘယ်လောက်လုပ်ပေးရမယ်၊ ကိုယ်လုပ်နိုင်တာထက် ပိုပြီး လုပ်ပေးနိုင်ဖို့ ကျတော်က ရှိတယ်။ ပြီးတော့ ကိုယ် မလုပ်နိုင်ဘူးဆို သူတို့ကို ဘယ်နေရာမှာ ဘယ်လိုချိတ်ဆက်ပြီး လုပ်ပေးရမလဲ ဆိုတာမျိုးအတွက် ကျတော်တို့ အဲဒါတွေ အကုန်လုံးကို ကြိုးစားပြီး လုပ်ဆောင် နေကြပါတယ်။ ကျတော်တို့ ဒဏ်ရာကြီးကြီးမားမားပဲ ဖြစ်ဖြစ်ပေါ့နော် ပြည်သူတွေပဲ ဖြစ်ဖြစ်၊ ကာကွယ်ရေးတပ်မတော်သားတွေပဲဖြစ်ဖြစ် သူတို့တွေအတွက် ဘယ်လောက် လုပ်ပေးနိုင်မလဲဆိုတာ ညှိညှိနှိုင်းနှိုင်းနဲ့ ကြိုးစားနေကြတယ်ဗျ"

လက်ရှိအချိန်မှာ ​ဆေးခန်းအတွက် အမြဲတမ်းထိုင်နိုင်မယ့် ဆရာဝန်လိုအပ်​နေပြီး အခု တာဝန်ယူထားတဲ့ ဆရာဝန်ကလည်း အခြားမြို့နယ်တစ်ခုကနေ တစ်ပတ်မှ တစ်ခါသာ လာကြည့်​ပေးနိုင်တယ်လို့ အဲဒီဆရာမက ​​ပြောပါတယ်။ ​

ဒေသခံတွေက​တော့ အခုလို​ဆေးခန်း​လေး ဖြစ်လာတာကို ဝမ်းသာကြိုဆိုကြတယ်လို့ ​​အဲဒီ ကျန်းမာရေးဆရာမကပဲ သူသိသမျှကို ဆက်ပြောပြပါတယ်။

"သူတို့အနေနဲ့ ဆေးရုံ၊ ဆေးခန်းတွေပိတ်တော့ မြို့ပေါ်မှာ သွားလာပြသဖို့က မလွယ် ဘူးလေ။ ဒီအတိုင်းသွားပြရင် တောင် ကြည့်နေရတာပေါ့လေ။ ကြောက်လည်း ကြောက်နေရ၊ ထိတ်လန့်နေရတာဆိုတော့ ဒီမှာ ဒီလိုဆေးခန်း လေး ဖွင့်လိုက်လို့ သူတို့အတွက်က ကျေနပ်တယ်ပေါ့၊ ဝမ်းသာတယ်ပေါ့။ သူတို့ဘက်ကလည်း တတ်နိုင်သမျှ ကူညီပေးမယ်ဆိုတဲ့သဘောမျိုး အဲလိုမျိုးတော့ ကြားရတယ်"

ရေစကြိုမြို့နယ်မှာ ပညာရေးဝန်ထမ်း စုစုပေါင်း ၂၂၀၀ ရှိတဲ့အနက် အာဏာသိမ်းပြီး ကတည်းက CDM လုပ်နေတဲ့ ဝန်ထမ်းပေါင်း ၇၃၀ နဲ့ အခုနောက်ပိုင်းမှာ ရေစကြိုမြို့နယ် PDF ရဲ့ သတိပေးမှုကြောင့် အားလုံးနီးပါး အလုပ် မသွားကြတော့ဘဲ ရပ်နားလိုက်တာ လို့လည်း CDM ဆရာ၊ ဆရာမတွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ရေစကြိုမြို့နယ် ပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။