ရတနာပုံမိုင်းရွာကို စစ်ကောင်စီတပ်က ရွှေ့ခိုင်းတာကြောင့် ဒေသခံတွေ ထိုင်းနိုင်ငံဘက် ထွက်ပြေးနေရ

RFA Burmese
2022.12.10
ရတနာပုံမိုင်းရွာကို စစ်ကောင်စီတပ်က ရွှေ့ခိုင်းတာကြောင့် ဒေသခံတွေ ထိုင်းနိုင်ငံဘက် ထွက်ပြေးနေရ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ရတနာပုံမိုင်းရွာရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်။
Citizen Journalist

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ရတနာပုံမိုင်းရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရွာခံတွေကို  ရွှေ့ပြောင်းဖို့ ဖိအားပေးတာကြောင့် ဒီဇင်ဘာလ ၉ ရက်မနေ့ကအထိ ထိုင်းနိုင်ငံဘက် ထွက်ပြေးရသူ ၄၀၀ ကျော်လာပြီလို့ ဘုတ်ပြင်းဒေသခံတွေက RFA ကို ပြောပါတယ်။

အိမ်ခြေ ၃၀၀ နီးပါးနဲ့ လူဦးရေ တစ်ထောင်ခန့်ရှိတဲ့အနက် ၄၀၀ ကျော်ဟာ ၁၆ မိုင်ခန့်ဝေး တဲ့ တစ်ဖက် ထိုင်းနိုင်ငံ၊ ပရာကျွတ်ခရိုင်ထဲက ခေါင်လွဲရွာဆီ ထွက်ပြေးခဲ့နေရပြီး တချို့က တော့  ဘေးလွတ်ရာ ဆွေမျိုးတွေဆီ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့က အဲဒီရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ နယ်စပ်ဂိတ်စခန်း ကို PDF ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီးနောက် အခုလို ရွှေ့ပြောင်းခိုင်းတာလို့ ဘုတ်ပြင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ ထိတွေ့မှု ဖြစ်ပြီးကတည်းကိုက အလုံးအရင်းနဲ့ ပြန်တက်လာပြီးတော့ ရွာသား တွေကို ခြိမ်းခြောက်မှု လုပ်တော့ ၃ ရက်နေ့ကတည်းက ရွာသားတွေက ကြောက်ပြီး တော့ ပြေးကြတာပေါ့။ အခုကျတော့ တော်တော်များများ ကုန်သလောက်ဖြစ်သွားပြီ နယ်ခံတွေက။ ဘာမှ ယူလို့မကျန်ဘူးလေ။ သက်ကြီးရွယ်အိုတွေနဲ့ မိန်းမတွေနဲ့ ဒီကလေးတွေနဲ့ တော်တော်လေးကို ခက်ခဲတယ်။ နယ်စပ်နဲ့ဆိုရင် ထိုင်းနဲ့ဆိုရင် ခန့်မှန်းခြေ ၁၆ မိုင်လောက်တော့ ရှိမယ်”

ရတနာပုံဒေသမှာ ဒီဇင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီရဲ့ နယ်စပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ပြီး RPG တစ်လက်၊ MA1 တစ်လက်နဲ့ ဆက်စပ်ပစ္စည်းတချို့ရခဲ့သလို စစ်ကောင်စီတပ်ဘက်က သုံးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာ ရခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာလ ၄ ရက်မှာ သတင်းထုတ်ပြန် ထားပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

"သက်ကြီးရွယ်အိုတွေနဲ့ မိန်းမတွေနဲ့ ဒီကလေးတွေနဲ့ တော်တော်လေးကို ခက်ခဲတယ်။ နယ်စပ်နဲ့ဆိုရင် ထိုင်းနဲ့ဆိုရင် ခန့်မှန်းခြေ ၁၆ မိုင်လောက်တော့ ရှိမယ်”

နယ်စပ်စခန်းကိုသိမ်းပိုက်ပြီး နောက်တစ်ရက် ဒီဇင်ဘာလ ၄ ရက်မှာ စစ်ကောင်စီတပ်က အင်အားထပ်တိုး ပြန်တက်လာပြီး အခုလို ရွှေ့ပြောင်းခိုင်းတာလို့ ဘုတ်ပြင်း PDF သတင်း ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးသူတွေဟာ ထိုင်းနိုင်ငံဘက်အခြမ်းအထိ ထွက်ပြေးရတာကြောင့် အကူအညီပေးဖို့ အကန့်အသတ်ရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေ သူတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ဘေးရှောင်တွေက ထိုင်းနဲ့ မြန်မာနယ်စပ် ခေါင်လွဲရွာမှာ ရောက်နေကြတာ။ ထိုင်းဘက်က အောက်ခြေ အာဏာပိုင်တချို့နဲ့ ခေါင်လွဲရွာက ရွာလူကြီးကနေပြီးတော့ စောင့်ရှောက်ပေးထားတယ်။ စစ်တပ်ကဘာလို့ ရွှေ့ခိုင်းလဲတော့ အသေးစိတ်တော့ မသိဘူး။ အခု စစ်ဘေးရှောင်တွေကျတော့ လေးရာလောက်ရှိပြီပေါ့။ ထိုင်းရောက် မြန်မာတွေ ရွှေ့ပြောင်းအလုပ်သမားတွေ တချို့ကလည်း သူတို့ကိုကူညီတယ်။ အရင်ကတော့ အထဲဝင်လို့ရတယ်။ နောက်ပိုင်း ဓာတ်ပုံတွေက အွန်လိုင်းပေါ် ရောက်သွားတော့ မြန်မာတွေကို ဝင်ခွင့်မပေးတော့ဘူး”

လက်ရှိ စစ်ဘေးဒုက္ခသည်တွေရဲ့ ဖုန်းတွေကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းထား သလို စကားပြောဆိုခွင့်ပါ ကန့်သတ်ထားတာကြောင့် သူတို့ရဲ့လိုအပ်ချက်ကို အတိအကျ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးကတော့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးနေရသူ ၁၀၀ ကျော်သာရှိပြီး နေရပ်ပြန်နိုင်ဖို့လည်း လုပ်ဆောင်နေတယ်လို့ RFA ကိုပြောပါတယ်။

“အဲဒီလေးရာကျော်ကြီးကတော့ မဟုတ်ပါဘူး။ ကျနော်တို့သိတာကတော့ တစ်ရာကျော်လောက်ပဲ ရှိတယ်။ အားလုံးပြောထားပါတယ်။ ဒါတွေ စိုးရိမ်ခြင်းမပြုကြဖို့ ဟိုဘက်ကို သွားတယ်ဆိုရင်လည်း ဟိုဘက်က လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေနဲ့ အရေးယူခံရနိုင်တယ်။ ဒါ့ကြောင့် အဲဘက်မှာ မနေကြဖို့ ပြောတာပေါ့လေ။ အတတ်နိုင်ဆုံး စည်းရုံးရေးပုံစံနဲ့လည်း ပြောထားတာရှိတယ်။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့က အတတ်နိုင်ဆုံး ကိုယ့်နိုင်ငံသားတွေအတွက် စောင့်ရှောက်မှာပါပဲ။ ဟိုဘက်ကလည်း တကယ်လို့များ ရောက်ခဲ့လို့ရှိရင် ကိုယ့်ဘက်ကို အကြောင်းကြားလာလို့ရှိရင် တည်ဆဲဥပဒေတွေနဲ့အညီ ကူညီပေးမှာပါ”

စစ်ကောင်စီက ဘာကြောင့်ရွှေ့ဖို့ ဖိအားပေးတာလည်းဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

တနင်္သာရီတိုင်းအခြေစိုက် လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Southern Monitor ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲ (၄၃) ကြိမ် ဖြစ်ခဲ့တယ်လို့ ဒီဇင်ဘာ ၉ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအထိ တနင်္သာရီတိုင်းမှာ ဒေသခံ ၃၁၇ ဦး သေဆုံးခဲ့ပြီး နှစ်ဖက်တိုက်ပွဲကြောင့် ၁၅,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။