ကရင်ပြည်နယ်နဲ့ တနင်္သာတိုင်းမှာ တိုက်ပွဲပြင်းထန်နေ

RFA Burmese
2025.03.11
ကရင်ပြည်နယ်နဲ့ တနင်္သာတိုင်းမှာ တိုက်ပွဲပြင်းထန်နေ ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အဆောက်အအုံတချို့အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Kwe Ka Lu News

တောင်ပိုင်းတိုင်းစစ်ဒေသ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းထဲကို စစ်ကောင်စီတပ်က အခုနှစ်ဆန်းပိုင်းကစပြီး လေကြောင်း၊ လက်နက်ကြီးအပြင် ဒရုန်းနဲ့ပါ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေပြီး မြေပြင်ကနေပါ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ KNU အပါအဝင် ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီးက ကော့နွဲရွာတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNU/KNLA) ပူးပေါင်းအဖွဲ့တွေ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတာပါ။

“တပ်မဟာ ခုနစ်ခုရှိတဲ့အထဲမှာ တပ်မဟာခုနစ်ခုလုံးမှာ တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်နေပါတယ်နော်"

စစ်ကောင်စီတပ်က တိုက်ပွဲဧရိယာအပြင် KNU ထိန်းချုပ်ထားတဲ့ ရွာတွေဘက်ကိုပါ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တစ်ရာထက်မနည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေနဲ့ တပ်စခန်းတွေပြန်ရဖို့နဲ့ ကုန်သွယ်ရေးလမ်းပိုင်းကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲနေ့စဉ်ဖြစ်နေတယ်လို့ ကရင်အမျိုးသားအစည်းရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

စစ်ကြောင်းထိုးစီးနင်းမှုကြောင့် တနင်္သာရီဒေသခံ တစ်ထောင်ကျော် ထွက်ပြေး

ကော့ကရိတ်မှာ တိုက်ပွဲပြင်းထန်ပြီး ရွာတချို့ ဗုံးကြဲတိုက်ခိုက်ခံရ

ထိုင်း-မြန်မာနယ်စပ်အနီး တိုက်ပွဲကြောင့် ဒေသခံ လေးရာကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေး


“တပ်မဟာ ခုနစ်ခုရှိတဲ့အထဲမှာ တပ်မဟာခုနစ်ခုလုံးမှာ တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်နေပါတယ်နော်။ ဖြစ်ပွားတဲ့ ပုံစံကတော့ မတူဘူးပေါ့လေ။ တပ်မဟာ ၃ ဘက်မှာဆိုရင် စစ်တောင်းမြစ် အနောက်ဘက်ကမ်း သူတို့ စိုးမိုးနိုင်ရေးအတွက် သူတို့ လုံးထားတာရှိတယ်။ ကျသွားတဲ့စခန်းတွေ ပြန်ပြီးရဖို့ သူတို့ တန်ပြန်ထိုးတာလည်း ရှိတယ်။ တပ်မဟာ ၄ ဘက်မှာလည်း မောတောင်လမ်းကိုလည်း ထိန်းချုပ်နိုင်ရေးအတွက် ကြိုးစားတာတွေရှိတယ်။ နောက်ပြီးတော့ တပ်မဟာ ၆ နဲ့ တပ်မဟာ ၇ ဘက်မှာဆိုရင်လည်း အာရှလမ်းမကြီး တိုက်ပွဲက လနဲ့ချီပြီးကျော်လာပြီလေ။ ပြင်းတော့ ပြင်းထန်နေတယ်။ ဘယ်လောက် ပြင်းထန်ဦးမလဲဆိုတာ ပြောလို့မရဘူး။ တိုက်ပွဲနေ့တိုင်းလိုလို ဖြစ်နေတယ်“

လနဲ့ချီကြာ စစ်ကြောင်းထိုးနေပေမဲ့ ဒေါနတောင်ကို မကျော်နိုင်သေးတဲ့ အောင်ဇေယျစစ်ကြောင်းကို စစ်ကောင်စီဘက်က စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေသလို ကရင်ပူးပေါင်းတပ်တွေကလည်း စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းယူဖို့ကြိုးစားနေတာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစပြီး ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ် လယ်ပေါ်ဟဲရွာအနီးက စစ်ကောင်စီရဲ့ ခလရ (၃၁) တပ်စွဲထားတဲ့ ပူလူတူတပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း လေကြောင်း၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လယ်ပေါ်ဟဲရွာနဲ့ အနီးနားရွာတွေက ဒေသခံလေးရာကျော် ထိုင်းဘက်ကို ထွက်ပြေးခိုလှုံနေရပါတယ်။

တခြားမြို့နယ်တွေကနေလည်း တိုက်ပွဲတွေကြောင့် တိမ်းရှောင်ရတဲ့ဒေသခံတွေရှိပေမဲ့ အရေအတွက် အတိကျကိုတော့ လတ်တလောမသိရသေးဘူးလို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ဒုက္ခသည်တွေ အကူအညီရဖို့ ခက်ခဲနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“ခက်ခဲတယ်ဆိုတာက ကျွန်တော်တို့က လာရောက်လှူဒါန်းတဲ့သူက ရှိတယ်ဆိုရင်တောင် လာလို့မရတာမျိုး၊ သွားချင်ရင် လမ်းကြောင်းက မရတာမျိုးတို့ အခုဆိုရင် သွားတယ်ဆိုရင်တောင် ဖြတ်လမ်းကပဲ သွားရတာပေါ့။ အဲလို အခက်ခဲအကျပ်အတည်းတွေ ကြုံတွေ့နေရတာပေါ့။ အဲဒါ ဖြေရှင်းပေးမဲ့သူတွေ မရှိတဲ့အခါ ကျွန်တော်တို့ အနေနဲ့ အခက်ခဲတစ်ခုအနေနဲ့ ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေရတာပေါ့။ ကိုယ်ကိုယ်တိုင်လည်း ဘာမှမဖြည့်ဆည်းပေးနိုင်တဲ့ အတွက်ကြောင့်"

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ထဲက ကျားဖြန့်ငွေလိမ်လုပ်ငန်း နှိမ်နင်းရေးအတွက်ဆိုပြီး မြန်မာဘက်ကို လျှပ်စစ်မီးနဲ့ လောင်စာဆီအပါအဝင် ကုန်ပစ္စည်း ၁၂ မျိုးအပေါ် ထိုင်းအစိုးရက ဖြတ်တောက်လိုက်သလို စစ်ကောင်စီကလည်း ပြည်မကနေတင်သွင်းတဲ့ လောင်စာဆီကို ဖြတ်တောက်ထားပါတယ်။

စစ်ကောင်စီဟာ ကျားဖြန့်နှိမ်နင်းရေးကို အသုံးချပြီး ကာကွယ်ရေးတပ်တွေကို ချေမှုန်းဖို့ ကြိုးပမ်းနေသလို ကရင်ပြည်နယ်မှာ စစ်ဆင်ရေးဖော်ဆောင်ဖို့ အဆင့်မြင့်ဒရုန်းတွေ အပါအဝင် စစ်အင်အားတွေ ဆက်တိုက်ဖြည့်တင်းနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အလားတူ တနင်္သာရီတိုင်းထဲက ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ ကျေးရွာတွေကိုလည်း ၂၀၂၅ နှစ်စကစပြီး စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ထားဝယ်၊ မြိတ်၊ တနင်္သာရီ အပါအဝင် မြို့နယ်ရှစ်ခုက ဒေသခံ ခုနစ်သောင်းကျော် (၇၇,၂၀၀ ဦး) ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Taninthary အဖွဲ့က ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းသုံးခုကို သိမ်းပိုက်ခဲ့ပြီးနောက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်များအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ထုတ်ရစဉ်။ (Karen National Union Photo)
ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းသုံးခုကို သိမ်းပိုက်ခဲ့ပြီးနောက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်များအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ထုတ်ရစဉ်။ (Karen National Union Photo)

၂၀၂၅ နှစ်စကလို့ တနင်္သာရီတိုင်းမှာ လေကြောင်းတိုက်ခိုက်ခံရတာ ပိုများလာတာကြောင့် လေကြောင်းရန်ကို စိုးရိမ်နေရတယ်လို့ ထားဝယ်မြို့နယ်ထဲက ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

"အစကတော့ စစ်ကြောင်းဝင်လာတယ်။ တိုက်ပွဲဖြစ်တယ်။ ထွက်ပြေးတယ်။ သူတို့ရဲ့ စစ်ကြောင်းနဲ့ ဝေးတဲ့နေရာကို ထွက်ပြေးရင် လွတ်နိုင်တဲ့အနေအထားရှိတယ်။ ဒါပေမဲ့ အခုက ဘယ်လိုဖြစ်နေတာလဲဆိုရင် စစ်ကြောင်းထိုးပြီဆို လေယာဉ်လိုက်လာပြီ။ ရှေ့နှစ်ရက်လောက်က တနင်္သာရီမြို့နယ်ထဲက လေကြောင်းနဲ့ ဗုံးကြဲလို့ အရပ်သားတွေ ထိခိုက်သေဆုံးကြတာရှိတယ်။ အခုက ထွက်ပြေးနေကြရတဲ့အပြင် ဘယ်အချိန် ဗုံးလာကြဲမလဲဆိုတာကို စိတ်ပူနေရတဲ့ အနေအထားပေ့ါနော်။ ဆိုလိုတာက တိုက်ပွဲဖြစ်လို့၊ စစ်ကြောင်းဝင်လာလို့ တိုက်ပွဲနဲ့ဝေးရာကိုပြေးလည်း အချိန်မရွေး ဗုံးလာကြဲခံရနိုင်တဲ့ အနေအထားဖြစ်နေတယ်"

ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းထဲကို လေကြောင်းနဲ့ ဒရုန်းအသုံးပြု ဗုံးကြဲနေတဲ့အပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း ထားဝယ်နဲ့ မြိတ်ခရိုင်ထဲက ထားဝယ်ရေနက်ဆိပ်ကမ်း စီပွားရေးဇုန် စီမံကိန်းနေရာ အပါအဝင် နေရာ ၄၀ လောက်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီရဲ့ တပ်စခန်းတချို့ကို သိမ်းယူထားတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် စစ်ကောင်စီ၏ အောင်သာဝရစခန်းအား KNLA နဲ့ PDF ပူးပေါင်းအဖွဲ့များမှ ၂၀၂၄ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က သိမ်းယူပြီးတွေ့ရစဉ်။ (Kwe Ka Lu News)
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် စစ်ကောင်စီ၏ အောင်သာဝရစခန်းအား KNLA နဲ့ PDF ပူးပေါင်းအဖွဲ့များမှ ၂၀၂၄ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က သိမ်းယူပြီးတွေ့ရစဉ်။ (Kwe Ka Lu News)

ထားဝယ်ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန်စီမံကိန်း အကောင်ထည်ဖော်နိုင်ဖို့ နယ်မြေရှင်းလင်းရေးအတွက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေတာလို့ ထားဝယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်ထင်တာက ရုရှားကနေပြီးတော့ ရေနက်ဆိပ်ကမ်း လုပ်မယ်ဆိုတဲ့အခါကျတော့ သူတို့အနေနဲ့ သတိထားပြီးတော့ စစ်ကြောင်းတွေထိုးနေတဲ့ ပုံစံမျိုးလို့ထင်တယ်။ သူတို့က တစ်ခါတလေကျ တပ်လာစွဲတာတွေရှိတယ်။ တပ်လာစွဲတဲ့အချိန် စစ်ကြောင်းထိုးတဲ့အချိန် တချို့က တပ်လာစွဲတယ်။ တပ်လာစွဲတဲ့အချိန် စစ်ကြောင်းထိုးတဲ့အချိန်မှာ တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ကြတာပေါ့ဗျာ"

မြိတ်ခရိုင်ထဲက သရက်ချောင်း၊ ပုလောနဲ့ တနင်္သာရီမြို့နယ်ထဲမှာပါ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

ကျားဖြန့်နှိမ်နင်းရေး ဆောင်ရွက်နေတဲ့ ကရင်ပြည်နယ်နဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီပွားရေးဇုန် စီမံကိန်း အကောင်ထည်ဖော်မဲ့ တနင်္သာရီတိုင်းထဲက နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အဆင့်မြင့်ဒရုန်းတွေကို ပိုသုံးလာတာကြောင့် ကာကွယ်ရေးတပ်တွေကလည်း ဒရုန်းနည်းပညာကို အဆင့်မြင့်တင်သွားမယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။