ထိုင်း-မြန်မာနယ်စပ်အနီး တိုက်ပွဲကြောင့် ဒေသခံ လေးရာကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေး

RFA Burmese
2025.03.03
ထိုင်း-မြန်မာနယ်စပ်အနီး တိုက်ပွဲကြောင့် ဒေသခံ လေးရာကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေး ကရင်ပြည်နယ် ဖာပွန်ခရိုင်(မူတြော်ခရိုင်)မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့က တွေ့ရစဥ်။
KNU- Mutraw News Photo

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အခုရက်ပိုင်းတွေအတွင်း ဒေသခံလေးရာကျော် ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

လှိုင်းဘွဲ့မြို့နယ် လယ်ပေါ်ဟဲရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခလရ - ၃၁ လက်အောက်ခံ ပွိုင့် - ၁၂၄၈ စခန်းကုန်းကို KNLA ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေစလို့ ဝင်ရောက်တိုက်ခိုက်ရာကနေ ဒီနေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာလို့ ဆိုပါတယ်။

"ဟိုဘက်ကမ်းက တိုက်ပွဲပြီးသွားပြီ၊ ကျည်ဆန် ငြိမ်သွားပြီဆိုတာနဲ့ ပြန်ခိုင်းမှာပဲ"

စစ်ကောင်စီတပ်က KNLA ပူးပေါင်းတပ်တွေ ရှိနိုင်မဲ့ နေရာတွေကို လေကြောင်းရော၊ လက်နက်ကြီးတွေနဲ့ပါ နေ့စဉ် ပစ်ခတ်နေတာကြောင့် လယ်ပေါ်ဟဲရွာနဲ့ အနီးအနားကျေးရွာတွေက ဒေသခံ လေးရာကျော် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးနေရတာလို့လည်း ပြောပါတယ်။

ဒေသခံတွေဟာ တိုက်ပွဲစဖြစ်တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစလို့ ထွက်ပြေးနေကြရတာလို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ ပြောခွင့်ရသူ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။

"ဟုတ်တယ်။ ဒီဘက်ကမ်းကို ထွက်ပြေးတာ လေး၊ ငါးရာလောက်ရှိမယ် ထင်တယ်။ ဟိုတစ်နေ့ ၂၇ ရက် ကတည်းက သုံးရာ ရောက်နေပြီ။ ထွက်ပြေးတယ်ဆိုတာ လေးရာကျော် အနည်းဆုံးတော့ရှိမှာပဲ"

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ လှိုင်းဘွဲ့မြို့နယ်က စစ်ကောင်စီတပ်ရဲ့ ပူလူတူတပ်စခန်းနဲ့ ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအနီးမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့လည်း ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲ ဆက်ပြင်းထန်နေ

စစ်အာဏာရှင်စနစ်ကို တစ်မျိုးသားလုံး တိုက်ထုတ်ဖို့ KNU တိုက်တွန်း

နယ်မြေစိုးမိုးရေး ဆက်လက်ကြိုးပမ်းမယ်လို့ NUG နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေပြော


လက်ရှိမှာတော့ ထိုင်းနိုင်ငံ ထာ့ဆောင်ယန်းမြို့နယ်၊ မဲ့အူးစူးအုပ်စု၊ နောင်ဘိုကျေးရွာမှာ ခေတ္တခိုလှုံခွင့်ရနေပြီး ထိုင်းအာဏာပိုင်တွေဘက်က စားရေးသောက်ရေး စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။

ဒါဟာ တိုက်ပွဲဖြစ်နေဆဲ ကာလဖြစ်လို့ ထိုင်းအာဏာပိုင်တွေဘက်က ယာယီခိုလှုံခွင့် ပေးထားတာလို့ ထိုင်းနိုင်ငံရောက် စစ်ဘေးဒုက္ခသည်အရေး ကူညီနေတဲ့ ကိုဖိုးသင်္ကြန်က RFA ကို ပြောပါတယ်။

"ပြေးတော့ ဒီဘက်က ထိုင်းက လက်ခံတယ်ဗျာ။ လက်ခံပေးတယ်ဆိုပေမဲ့ အကြာကြီးလက်ခံတာ မဟုတ်ဘူးနော်။ တိုက်ပွဲဖြစ်နေလို့ ခဏလာရှောင်ဖို့အတွက် လက်ခံတာ။ ကျွန်တော်တို့ ဒီဘက်မှာ ခေါ်တဲ့ အခေါ်အဝေါ်အရ ဆိုရင် TSA လို့ ခေါ်တယ်။ Temporarily Safety Area ပေါ့ဗျာ။ အဲဒါမျိုး လက်ခံပေးလိုက်တာ။ ငါးရက် တန်သည်၊ သုံးရက် တန်သည်ပေါ့။ ဟိုဘက်ကမ်းက တိုက်ပွဲပြီးသွားပြီ၊ ကျည်ဆန် ငြိမ်သွားပြီဆိုတာနဲ့ ပြန်ခိုင်းမှာပဲ။ အဲဒီတော့ သူတို့အတွက် အခက်အခဲတွေ ရှိလာမှာပဲ"

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသား နှစ်ဦး သေဆုံးသွားပြီး နောက်ထပ် ဒဏ်ရာရသွားတဲ့ လူငါးဦးထက်မနည်းလည်း ဆေးကုသမှု ခံယူနေရတယ်လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံတွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းနဲ့ အင်တာနက်လိုင်း အခက်အခဲတွေကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ ကလေးဖိုးကလိုးကျေးရွာမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။ (Karen Information Center -KIC)
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ ကလေးဖိုးကလိုးကျေးရွာမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။ (Karen Information Center -KIC)

လှိုင်းဘွဲ့မြို့နယ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေဟာ KNU ဌာနချုပ် အပါအဝင် ဒေသခံတွေနေထိုင်တဲ့ ကျေးရွာတွေကို မကြာခဏ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတာကြောင့် KNLA က အဲဒီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်နိုင်တယ်လို့ ကရင်ပြည်နယ် အခြေစိုက် စစ်ရေးလေ့လာသုံးသပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

"ဒီလိုဒရုန်းတွေ ပျံလာဖို့ လက်လှမ်းမီတဲ့ စခန်းတွေက ဘယ်နေရာတွေ ဖြစ်မလဲဆိုတာ KNU ဘက်က သုံးသပ်တယ် ထင်ပါတယ်။ သုံးသပ်ပြီးတဲ့ အခါမှာ ထိုင်း-မြန်မာ နယ်စပ်က စခန်းတစ်ခုကို ပြီးခဲ့တဲ့ရက်က ဝင်တိုက်တယ်။ အဲဒီအတွက်ကြောင့်မလို့ စစ်ဘေးဒုက္ခသည်တွေလည်း ထိုင်းဘက်ကို ရောက်လာတာရှိတယ်။ အဓိကကတော့ အဲဒီစခန်းက ဒရုန်းတွေကို အသုံးပြုပြီးတော့ KNU ဌာနချုပ်ကို ခြိမ်းခြောက်နေတဲ့ သဘောရှိတယ်။ အဲဒါကြောင့်မလို့ ဝင်ပြီးတော့ တိုက်ခိုက်တယ်လို့ ကျွန်တော်ကတော့ သုံးသပ်တယ်"

ထိုင်းနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော်ခိုလှုံနေတဲ့ ဒေသခံတွေအရေးနဲ့ ပတ်သက်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကို RFA က ဒီနေ့ အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီသတင်း ထုတ်လွှင့်ချိန်အထိ အကြောင်းမပြန်သေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်ခဲ့ရာမှာလည်း ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။