ကရင်နီ အမျိုးသမီးတပ် ဖွဲ့စည်း
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၅) က အမျိုးသမီးအထူးတပ်ခွဲ တစ်ခုကို ပြီးခဲ့တဲ့ မေလအတွင်းမှာ ဖွဲ့စည်းခဲ့ပါတယ်။ ဒါဟာ KNDF တပ်ရင်း (၅) ရဲ့ ပထမဆုံး အမျိုးသမီး အထူးတပ်ဖွဲ့ဖြစ်ပြီး ဒီအဖွဲ့က ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နိုင်ဖို့ အတွက် ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။ အဖွဲ့မှာ အမျိုးသမီး တပ်ဖွဲ့ဝင် ၆၀ ကျော် ပါဝင်ပြီး အမျိုးသားတပ်ဖွဲ့ဝင်တွေနဲ့ တန်းတူ စစ်ကောင်စီကို တိုက်ပွဲဝင်နေကြတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ပိုမိုမြင့်မားလာစေဖို့ ရည်ရွယ်တယ်လို့ ဒီအမျိုးသမီးအထူးတပ်ဖွဲ့ရဲ့ တပ်ခွဲမှူး ကရင်နီ တိုင်းရင်းသူ မအိန်ဂျလစ်မိုး က ပြောပါတယ်။
သူဟာ စစ်အာဏာမသိမ်းခင်က မူလတန်းပြဆရာမ တစ်ဦးဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့သူပါ။
CDM လုပ်ရင်း စစ်ရှောင်ပြည်သူတွေကို ကူညီရင်း စစ်ရှောင်ကလေးတွေကို ပညာ သင်ပေးရင်းနဲ့ စစ်အာဏာရှင်က ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်တာတွေ တွေ့လာတဲ့အခါ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ မအိန်ဂျလစ်မိုး က ပြောပါတယ်။
ဒီ အမျိုးသမီးအထူးတပ်ဖွဲ့ဝင်တွေဟာ စစ်သင်တန်းတွေ ကြံ့ခိုင်ရေးသင်တန်းတွေကို အမျိုးသားတပ်ဖွဲ့ဝင်တွေနဲ့ တန်းတူ ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ သင်ယူရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်ကြောင့် အသက်ပေးခဲ့ရသူတွေ အိုးအိမ်မဲ့ ကလေးငယ် တွေ ကြုံနေရတာတွေက သူ့အတွက် ဒီပင်ပန်းဆင်းရဲမှုတွေကို ကျော်လွှားနိုင်ခဲ့တယ် လို့လည်း ပြောပါတယ်။
စစ်အာဏာရှင်ကြောင့် ဝါသနာပါတဲ့ ကျောင်းဆရာမ အလုပ်ကို စွန့်လွှတ်လိုက်ရပေမဲ့ တော်လှန်ရေးကြီးပြီးသွားတဲ့နောက်မှာတော့ သူမြတ်နိုးတဲ့ စာသင်ကြားရေးအလုပ်ကိုသာ ပြန်လုပ်ခွင့်ရဖို့ မအိန်ဂျလစ်မိုး က မျှော်လင်ေ့နပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် ပညာသင်ကြားခွင့်မရတဲ့ ကလေးတွေအားမငယ်ဖို့လည်း သူက အားပေးစကား ပြောကြားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်အတွင်း ကယားပြည်နယ်မှာ အရပ်သားတွေ သတ်ဖြတ်ခံရတာ ၂၄၉ ဦး၊ ဖမ်းဆီးခံရတာ ၃၂၀ ရှိနေပြီး ဒုက္ခသည်ဦးရေ စုစုပေါင်းက ၂ သိန်းကျော် ရှိနေပြီလို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် KCSN က ပြီးခဲ့တဲ့ မေလက ကြေညာချက်ထုတ်ပြန်ထားပါတယ်။