ပြည်တွင်းစစ်ကြားက ပေါက်ဖွားလာတဲ့ ကရင်နီပြည်ရဲဌာန
2025.02.06

(ကရင်နီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တည်ထောင်ရေး ကြိုးပမ်းမှုအကြောင်း အပိုင်းသုံးပိုင်းပါ RFA ဓာတ်ပုံဆောင်းပါး ဒုတိယပိုင်းဖြစ်ပါသည်။ ပထမပိုင်း ဖတ်ရှုရန်)
ဒီးမော့ဆို၊ ကယားပြည်နယ် - ရှမ်းပြည်နယ်တောင်ပိုင်း အမှတ် (၈) စခန်းက ရဲအရာရှိတွေဟာ ဘရိတ်မကောင်း၊ ရှေ့မီးလုံးအကွဲနဲ့ ဂျုံးဂျုံးကျနေတဲ့ မီနီဗင် ‘ရဲကား’ လေးထဲကနေ ကသုတ်ကရက် ဆင်းလိုက်ကြပါတယ်။ သူတို့ရဲ့တာဝန်ကတော့ အရှေ့တောင်အာရှဒေသမှာ ကပ်ရောဂါတစ်ခုလို ဖြစ်လာနေတဲ့ ယာဘစိတ်ကြွဆေးပြားတွေ ရှာဖွေသိမ်းဆည်းမယ့် စစ်ဆေးရေးဂိတ် ဖွင့်ဖို့ပဲ ဖြစ်ပါတယ်။
အသစ်ကျပ်ချွတ် ကရင်နီပြည်ရဲ (KSP) အဖွဲ့က ငယ်ငယ်ရွယ်ရွယ် ပိန်ပိန်ပါးပါး တပ်ဖွဲ့ဝင်တွေဟာ ‘ရဲ’ ဆိုတာထက် ကျောင်းသူကျောင်းသားလေးတွေနဲ့ ပိုတူနေပါတယ်။ တကယ့်ရဲကြီးတွေလို လက်ဝှေ့ယမ်း၊ ကားတွေကိုရပ်ခိုင်းပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ အာဏာပိုင်ပုံစံ ဖမ်းထားပေမယ့် မလုံမလဲ ပြုံးစိစိအမူအရာကိုတော့ မနည်းထိန်းချုပ်ထားရပုံပါပဲ။
နှစ်ပေါင်းများစွာ အနိုင်ကျင့်နှိပ်စက်ခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ နှိုင်းယှဉ်ရင်တော့ ပြည်သူကို ရိုရိုကျိုးကျိုးဆက်ဆံတာက ပိုကောင်းတာပေါ့လို့ ဒေသခံတွေက ဆိုကြပါတယ်။
“အရင်ကဆို အရပ်သားတွေက ရဲဆိုရင် မယုံကြတဲ့အတွက် စခန်းကို လာမတွေ့ကြဘူး။ အခုတော့ ကျွန်တော်တို့နဲ့ ပိုရင်းနှီးလာကြတယ်” လို့ အမှတ် (၈) စခန်းက ရဲမှူးတစ်ဦးဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် ကိုဘယ်ကျော်က သူ့အရာရှိတွေကို လမ်းဘေးတစ်နေရာကနေ စိတ်ရှည်လက်ရှည် စောင့်ကြည့်ရင်း ပြောပြပါတယ်။
ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချပြီး ခြောက်လအကြာ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ ကရင်နီပြည်ရဲ (KSP) ကို စတင်ဖွဲ့စည်းခဲ့တာပါ။ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းစစ်ဖြစ်လာတာနဲ့ ရဲတပ်ဖွဲ့တည်ထောင်တာဟာ ရုတ်တရက်ဆိုရင်တော့ အဆက်အစပ်မရှိသလို ထင်ရပါတယ်။
ဒါပေမဲ့ တော်လှန်ရေးသမားတွေနဲ့ မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတွေကတော့ တော်လှန်ရေးအောင်မြင်ဖို့ဆိုရင် အဘက်ဘက်က အင်အားသာလွန်တဲ့ စစ်ကောင်စီကို တွန်းလှန်ရုံတင်မဟုတ်ဘဲ ဒေသခံပြည်သူတွေအတွက် စစ်ပွဲကာလအတွင်း ရပ်ဆိုင်းသွားတဲ့ လူထုဝန်ဆောင်မှုတွေကိုပါ အစားထိုးပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ ရဲတပ်ဖွဲ့အသစ် ဖွဲ့စည်းတာလည်း ပါဝင်ပါတယ်။
“အဲဒီလိုမှမလုပ်ရင် လူထုထောက်ခံမှု ဆုံးရှုံးသွားနိုင်ပါတယ်။ ကရင်နီပြည်သူတွေရဲ့လှုပ်ရှားမှု အောင်မြင်ဖို့ဆိုရင် ဒါက အရေးပါပါတယ်” လို့ ဘန်ကောက်အခြေစိုက် အမေရိကန်ပြည်ထောင်စုငြိမ်းချမ်းရေးအင်စတီကျု (USIP) က လေ့လာသုံးသပ်သူ ဂျေဆင်တာဝါက ပြောပါတယ်။
“တော်လှန်ရေးက ခဏလေးနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး”
ဌာနဆိုင်ရာအဖွဲ့အစည်းတွေ ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းတာဟာ ဖက်ဒရယ်ဒီမိုကရေစီအတွက် စံပြနမူနာအဖြစ်ရော၊ အတိတ်က မှားယွင်းတဲ့လုပ်ရပ်တွေကို ရှောင်ရှားနိုင်ဖို့အတွက်ပါ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုကြပါတယ်။ ဒီအထဲမှာ အရင်က ဖိနှိပ်မှုယန္တရား ဖြစ်ခဲ့တဲ့ ရဲတပ်ဖွဲ့ ပြန်လည်ဖွဲ့စည်းတာလည်း အပါအဝင်ပါ။
တစ်နည်းဆိုရရင် ဒီကြိုးပမ်းမှုဟာ စခန်းမှူးဘယ်ကျော်နဲ့ သူ့အဖွဲ့သားတွေရဲ့ အောင်မြင်မှုအပေါ် မူတည်နေပါတယ်။ “အခုအချိန်က တော်လှန်ရေးကာလ ဖြစ်တယ်။ လူငယ်တွေကလည်း နိုင်ငံအတွက် ဘာလုပ်ပေးရမလဲလို့ မေးနေကြပြီ” လို့ စကားပြန်ကတစ်ဆင့် သူက ပြောပြပါတယ်။
ပြည်သူကိုဖိနှိပ်တဲ့ရဲနဲ့ စောင့်ရှောက်တဲ့ရဲ
ကရင်နီပြည်ရဲဌာန (KSP) အပါအဝင် တော်လှန်ရေးသမားတွေ လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကတော့ အတော်များပါတယ်။ အကြီးမားဆုံးအခက်အခဲကတော့ အရင်းအမြစ် ချို့တဲ့မှုပါပဲ။ တော်လှန်ရေးခေါင်းဆောင်တွေဟာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ အမည်နဲ့ ပြည်နယ်အစိုးရအဖွဲ့ တည်ထောင်ထားပြီး လက်ရှိမှာ ရန်ပုံငွေမြှင့်တင်ရေးနဲ့ အခွန်စည်းကြပ်မှုတွေကတစ်ဆင့် ဝင်ငွေရှာဖွေနေပါတယ်။
ဒါပေမဲ့ ရရှိတဲ့အခွန်ပမာဏရဲ့ ၇၀ ရာခိုင်နှုန်းကို စစ်ရေးအတွက်အသုံးပြုရပြီး ကျန်တဲ့ပမာဏကို KSP ရဲအဖွဲ့နဲ့ အုပ်ချုပ်ရေးကောင်စီလက်အောက်က ပြည်နယ်ကျန်းမာရေး၊ ပညာရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေအတွက် သုံးရပါတယ်။ KSP အနေနဲ့ လေးနှစ်ကြာပြည်တွင်းစစ်ရဲ့ အကျိုးဆက်တွေဖြစ်တဲ့ မူးယစ်ဆေးဝါးပြဿနာနဲ့ အကြမ်းဖက်မှုတွေကို မဆိုစလောက် ဘတ်ဂျက်ငွေနဲ့ ကိုင်တွယ်ဖြေရှင်းနေရတဲ့ သဘောပါပဲ။
KSP ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုက လစဉ်ဘတ်ဂျက်ငွေပမာဏဟာ လိုအပ်တဲ့ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းသာရှိတယ်လို့ ဆိုပါတယ်။ ၂၀၂၄ ဩဂုတ်လအထိ ဖွဲ့စည်းပုံအရ တပ်ဖွဲ့ဝင် အမျိုးသား ၅၅၈ ဦး၊ အမျိုးသမီး ၁၈၀ ဦး စုစုပေါင်း ၇၃၈ ဦးရှိနေပါတယ်။ နောက်ထပ်လည်း တပ်ဖွဲ့ဝင်ရာနဲ့ချီပြီး လိုအပ်နေသေးတယ်လို့ ကိုဘိုဘိုက ခန့်မှန်းပါတယ်။
တပ်ဖွဲ့ဝင်တွေကို စစ်ဆေးရေးဂိတ်ဆီ သယ်ဆောင်လာတဲ့ ဗင်ကားဟာ ၁၉၉၆ ခုနှစ်ထုတ် တိုယိုတာ မီနီဗင်ဖြစ်ပြီး စကူတာဆိုင်ကယ်တစ်စီးကို လိုက်ဖမ်းဖို့တောင်မလွယ်တဲ့ ကားလေးပါ။ သေနတ်အရေအတွက်ထက် ရဲအရေအတွက်က ပိုများနေပြီး ယူနီဖောင်းလည်း မလုံလောက်သေးတဲ့အတွက် တပ်ဖွဲ့ဝင်အများစုက အရပ်ဝတ်နဲ့ပဲ နေရလေ့ရှိပါတယ်။
လစာလည်း ပုံမှန်မရကြပါဘူး။ အများစုက စခန်းတွေမှာပဲ နေပြီး အစားအသောက်ကိုတော့ ပတ်ဝန်းကျင်ပြည်သူတွေကပဲ ကျွေးလေ့ရှိပါတယ်။ အဲဒီအတွက်လည်း သူတို့က ပြည်သူတွေကို အမြဲကျေးဇူးတင်နေပါတယ်။
“ကျွန်တော်တို့မှာ လူအင်အားသိပ်မရှိလို့ အဖွဲ့ရဲ့စွမ်းဆောင်ရည်က သိပ်မမြင့်ဘူး ဖြစ်နေတယ်။ ကျွန်တော်တို့အဖွဲ့မှာ ငွေအများကြီးမရှိဘူး” လို့ ကယားပြည်နယ်တောင်ပိုင်း မယ်စဲ့က စခန်းမှူး ကိုဘိုဘိုက RFA ကို ပြောပြပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို ဖြုတ်ချနိုင်ဖို့ပြုလုပ်တဲ့ နိုင်ငံအနှံ့က ဝန်ထမ်းတွေရဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်ဟောင်း ကိုဘိုဘိုနဲ့ ကိုဘယ်ကျော်တို့လို ရဲအရာရှိတွေဟာ KSP ရဲ့ အဓိကအရေးပါတဲ့ အဖွဲ့ဝင်တွေပါ။ KSP မှာ အရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အရာရှိပေါင်း တစ်ရာကျော် ပါဝင်ပါတယ်။
မြန်မာရဲတပ်ဖွဲ့ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ကြမ်းတမ်းတဲ့နည်းစနစ်တွေ သုံးတယ်လို့ ဝေဖန်ခံခဲ့ရပေမယ့် ၂၀၁၁ ခုနှစ်မှာ စစ်အစိုးရက အာဏာခွဲဝေပေးဖို့ သဘောတူခဲ့ပြီးနောက် ပြုပြင်ပြောင်းလဲမှုတွေ စတင်ခဲ့တယ်လို့ ဂျေဆင်တာဝါက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြပွဲတွေကို ဖြိုခွင်း၊ ဆန္ဒပြသူတွေကို ဖမ်းဆီးပြီး အရင်အကျင့်ဆိုးတွေ ပြန်ပေါ်လာပါတော့တယ်။ ဒါပေမဲ့ ကိုဘိုဘိုနဲ့ ကိုဘယ်ကျော်တို့လို ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ ရဲအရာရှိတွေလည်း ရှိနေတယ်ဆိုတာ တွေ့ခဲ့ကြရပါတယ်။
သိုသိုသိပ်သိပ်နဲ့ စကားပြောညင်သာတဲ့ ကိုဘိုဘိုဟာ ငယ်ငယ်က သိပ္ပံပညာရှင်တစ်ယောက် ဖြစ်ချင်ခဲ့ပေမယ့် တက္ကသိုလ်ကနေ ဘွဲ့ရအပြီးမှာ ငွေကုန်ကြေးကျမရှိဘဲ အလုပ်ရဖို့သေချာတဲ့အတွက် ရဲသင်တန်းကျောင်းကို တက်ခဲ့တယ်လို့ ပြောပြပါတယ်။ ပထမဆုံးအနေနဲ့ ဇာတိမြို့က ရဲစခန်းတစ်ခုမှာ တာဝန်ကျခဲ့ပေမယ့် ရဲတွေကို ဒေသခံတွေနဲ့ မရင်းနှီးစေချင်တဲ့ စစ်တပ်က မကြာခင်မှာပဲ နယ်ဝေးကို ပြောင်းရွှေ့တာဝန်ချခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီနှစ်ကာလတွေအတွင်း သူကြုံခဲ့ရတဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် မကြာခင်မှာပဲ စိတ်ပျက်ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။ တစ်ကြိမ်မှာ သူ့မိတ်ဆွေတစ်ဦး ဆိုင်ကယ်အခိုးခံရရာမှာ ဆိုင်ကယ်ပြန်ရဖို့ ရဲကိုပေးရမယ့် လာဘ်ငွေက ဆိုင်ကယ်တန်ဖိုးထက် ပိုများနေတဲ့အတွက် အမှုမဖွင့်တော့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
လူသတ်မှု၊ မုဒိမ်းမှုတို့လို အမှုကြီးတွေကို ရဲအရာရှိတွေက တက်တက်ကြွကြွ လိုက်ကောင်းလိုက်ကြပေမယ့် အမှုမှန်ပေါ်မပေါ် ဆိုတာကတော့ ကြိုသိထားပြီးသား ဖြစ်နေတယ်လို့လည်း ကိုဘိုဘိုက ပြောပြပါတယ်။
“အမှန်အမှားဆိုတာမရှိဘူး။ ပိုက်ဆံရှိရင် အမှုနိုင်မှာပဲ” လို့ ကိုဘိုဘိုက ပြောပါတယ်။
စစ်မြေပြင်တွေမှာ တော်လှန်ရေးအင်အားစုရဲ့ အောင်မြင်မှုကြောင့် ရဲတပ်ဖွဲ့နဲ့ ပြည်သူအကြား ဆက်ဆံရေးကောင်းအောင် ပြန်ထူထောင်ဖို့ အခွင့်အရေးရှိလာစေတယ်လို့ USIP က လေ့လာသူ ဂျေဆင်တာဝါက ပြောပါတယ်။
“အရင်တုန်းက ရဲတပ်ဖွဲ့ဆိုတာ ရပ်ရွာထဲမှာ ပြည်သူလူထုကို နှိပ်စက်သူတွေပဲ။ ရပ်ရွာလုံခြုံရေးတို့ စောင့်ရှောက်ရေးတို့ဆိုတာ ဘာမှမရှိဘူး”
အလေ့အကျင့်သစ်များ မွေးမြူခြင်း
မြန်မာရဲတပ်ဖွဲ့မှာ အဂတိလိုက်စားမှုတွေ များရတဲ့အကြောင်းရင်းတစ်ခုကတော့ လစာနည်းပါးတာပါပဲ။ ကရင်နီပြည်ရဲအဖွဲ့ (KSP) မှာ လစာပိုနည်းပါသေးတယ်။ မကြာခဏဆိုသလို လစာမရဘဲ သီတင်းပတ်တော်တော်ကြာတတ်ပါတယ်။
ရဲတပ်ဖွဲ့အသစ်မှာ အကျင့်ပျက်ခြစားမှုတွေ ပြန်လည်ရှင်သန်မလာစေဖို့အတွက် တပ်ဖွဲ့ဝင်အသစ်တွေကို ရဲလုပ်ထုံးလုပ်နည်းနဲ့အညီသာမက တော်လှန်ရေးအတွက်အရေးပါတဲ့ ကရင်နီသမိုင်း၊ ဒီမိုကရေစီကျင့်ဝတ်နဲ့ လူ့အခွင့်အရေး စတာတွေနဲ့အညီပါ သင်တန်းပေးလေ့ကျင့်နေတယ်လို့ ဆိုပါတယ်။
ကယားပြည်နယ်အစိုးရရဲ့ ဖွဲ့စည်းပုံဇယားမှာ KSP က အရပ်သားထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။ ဒါကတော့ စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ မတူတဲ့အချက်ပါပဲ။
ဒါပေမဲ့ RFA က သွားရောက်တွေ့ဆုံစဉ်က အမှတ် (၈) စခန်းမှာ အချုပ်သားတစ်ယောက်ကို ကိုလိုနီခေတ်ပုံစံ ခြေကျင်းဝတ်ကို ထိပ်တုံးခတ်ပြီး ချုပ်နှောင်ထားတာလည်း တွေ့ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ "ဆန်းဒေး" ဟာ ကျူးလွန်မှုတစ်ခုအတွက် တစ်ပတ်အချုပ်ခံရမှာကို နှစ်ပတ်တောင်ရှိနေပြီလို့ ပြောပါတယ်။
RFA သွားရောက်ခဲ့တဲ့ စခန်းနှစ်ခုမှာ တွေ့ခဲ့ရတဲ့ တခြားအကျဉ်းသားတွေကတော့ မူးယစ်ဆေးဝါးသုံးစွဲလို့ မိဘတွေက ဖမ်းပို့ခဲ့တဲ့ ဆယ်ကျော်သက်တွေဖြစ်ပါတယ်။ သားသမီးတွေကို မထိန်းချုပ်နိုင်တော့မှာ စိုးရိမ်တဲ့မိဘတွေက သူတို့ကို ပြန်လည်ထူထောင်ရေးသဘောမျိုးနဲ့ ထောင်ထဲထည့်ထားပေးဖို့ KSP ကို တောင်းဆိုခဲ့ကြတာပါ။
ကယားပြည်နယ်မှာ တရားသူကြီးနဲ့ ရှေ့နေဦးရေ နည်းပါးတာကြောင့် မူးယစ်ဆေးအလွန်အကျွံသုံးစွဲသူတွေဟာ အမှုမပြီးပြတ်နိုင်ဘဲ သီတင်းပတ်ပေါင်းများစွာ ထောင်ထဲမှာ နေရတတ်ပါတယ်။
အန္တရာယ်ရှိတဲ့အလုပ်
KSP က အရာရှိလေးတွေ ရင်ဆိုင်နေရတဲ့ နောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့ အလုပ်တာဝန်နဲ့ပတ်သက်တဲ့ အန္တရာယ်တွေပဲ ဖြစ်ပါတယ်။
အမှတ် ၈ ရဲစခန်းဟာ ရွှေဝါရောင်စပါးခင်းတွေနဲ့ လှေကားထစ်စိုက်ခင်းတွေ ဝန်းရံထားတဲ့ လမ်းမကြီးနံဘေးမှာ ရှိပါတယ်။ မြင်ကွင်းကတော့ ငယ်ရွယ်တဲ့ ရဲအရာရှိတွေအတွက် နွေရာသီအပန်းဖြေစခန်းတစ်ခုနဲ့တောင် တူနေပါတယ်။
ဒါပေမဲ့ အန္တရာယ်ရှိတာကတော့ အမှန်ပါ။ အမှတ် (၈) စခန်းရဲ့ အဓိက အားသာချက်က မြေပြင်နေရာအနေအထားအရ ရုတ်တရက်မမြင်နိုင်တာပါ။ စခန်းတည်နေရာကို စစ်ကောင်စီက သိရင် ဗုံးလာကြဲမှာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှာ အမှတ် (၂) စခန်း ဗုံးကြဲခံခဲ့ရပြီး ဒဏ်ရာရသူတွေထဲမှာ KSP ရဲအရာရှိတစ်ဦးရဲ့ ဇနီးဖြစ်သူ မဇင်ဇင်အောင်လည်း ပါဝင်ပါတယ်။ ဗိုက်ထဲမှာလွယ်ထားတဲ့ ငါးလသားအရွယ် သန္ဓေသားကိုတော့ ဆုံးရှုံးခဲ့ရပါတယ်။
KSP အရာရှိတွေဟာ လက်နက်အင်အားအရ ဒေသတွင်းက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေနဲ့ မယှဉ်နိုင်ပါဘူး။ မူးယစ်ဆေးကုန်သည်တချို့ဟာ ဒေသတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အဆက်အသွယ် ရှိနေကြပါတယ်။
ကယားနယ်စပ်အနီး ရှမ်းပြည်နယ်တောင်ပိုင်းတခွင်မှာ ဘိန်းစိုက်ခင်းတွေကို တွေ့ရပါတယ်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံးရဲ့ ထုတ်ပြန်ချက်အရ စစ်ပွဲတွေဖြစ်နေတဲ့ ကာလတွေအတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းတင်ပို့မှုအများဆုံးနိုင်ငံ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
“တစ်ခါတလေ မူးယစ်ဆေးဝါးကုန်သည်တွေက မင်းတို့ကို အချိန်မရွေး သတ်ပစ်လိုက်လို့ ရတယ်’ ဆိုပြီး ခြိမ်းခြောက်စာပို့သေးတယ်” လို့ စခန်းမှူးဘယ်ကျော်က ပြောပြပါတယ်။
ကော်ကိုင်းမျက်မှန်နဲ့ လေးနက်တဲ့ မျက်နှာပေးရှိတဲ့ အသက် ၂၀ အရွယ် မရွန်းလဲ့ရည်ဝင်းက သူတို့တတွေ ရင်ဆိုင်နေရတဲ့ အန္တရာယ်အကြောင်း RFA ကိုပြောပြပါတယ်။ သူကလည်း ပိုမိုတရားမျှတတဲ့ လူ့အဖွဲ့အစည်းသစ် တည်ဆောက်ရာမှာ တစ်တပ်တစ်အား ပါဝင်ချင်တာကြောင့် KSP ရဲတပ်ဖွဲ့ကို ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်ဟောင်းတွေက “အကျင့်ပျက် လာဘ်စားတယ်၊ အရပ်သားတွေကို အမြဲအာဏာပြတယ်” လို့ မရွန်းလဲ့ရည်ဝင်းက ပြောပါတယ်။
KSP ရဲတွေ လက်ပြတားပြီး အစစ်ခံခဲ့ရတဲ့ အရပ်သားတွေထဲက အသက် ၂၈ နှစ်အရွယ် ကိုဝီလျံထွန်းကလည်း အဲဒီလိုပဲ မြင်ပါတယ်။
“ကျွန်တော်တို့က စစ်ရဲကိုတော့ ကြောက်တယ်။ အကြောင်းပြချက်မရှိဘဲကို သူတို့က လူတွေကို ထောင်ထဲထည့်တာ”
KSP ရဲအရာရှိတွေက ရပ်ခိုင်းပြီး ရှာတာဖွေတာ စစ်ဆေးတာတွေ အဆင်ပြေရဲ့လားလို့ မေးတဲ့အခါမှာ သူက အဆင်ပြေကြောင်း ပြန်ပြောပါတယ်။ ရဲတွေထဲမှာ သူတို့အရပ်ကလူတွေ အတော်များများ ရှိတယ်လို့ ဆိုပါတယ်။
"ဒီလူတွေအားလုံးက ကျွန်တော့်မိတ်ဆွေတွေချည်းပဲ"
(ကလျာလွင် မြန်မာဘာသာပြန်ဆိုသည်။)
_____