လွိုင်ကော်မြို့ကို ထိန်းချုပ်ဖို့ စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေ
2024.06.07
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ကနေ စစ်အင်အား ငါးရာကျော်နဲ့ ထိုးစစ်ဆင်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မေလကုန်ပိုင်းမှာ လွိုင်ကော်မြို့ကိုရောက်လာပြီး မြို့ရဲ့နေရာ ထက်ဝက်နီးပါးကို ထိန်းချုပ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကယားပြည်နယ်ရဲ့ မြို့တော်လွိုင်ကော်ကို အပြည့်အဝထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်က ပြီးခဲ့တဲ့မတ်လကစလို့ ဆီဆိုင်-လွိုင်ကော် လမ်းမကြီးကနေ ထိုးစစ်ဆင်ခဲ့တာပါ။
လွိုင်ကော်မြို့ပေါ်က ရှန်းပိုင်း၊ မင်္ဂလာ၊ ဒေါတမကြီးရပ်စတဲ့ ရပ်ကွက်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မေလကုန်ပိုင်းမှာ ပြန်လည်ထိန်းချုပ်လိုက်တာလို့ အမည်မဖော်လိုတဲ့ လွိုင်ကောင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ငါးဆယ် ရာခိုင်နှုန်းလို့ ပြောရမယ်။ သူတို့ပြန်ထိန်းနိုင်ပြီပေါ့နော်။ ဒါပေမဲ့ တစ်မြို့လုံးလည်း မဟုတ်သေးဘူး။ ငါးဆယ် ရာခိုင်နှုန်းဆိုတာ အဓိက (ဒ-က-စ) တို့ ၅၅ တပ်မ ရှိတဲ့နေရာတို့တော့ အဓိကပေါ့နော့်။ အဲဒါတော့ သူတို့နဂိုကတည်းက ထိန်းချုပ်နိုင်ပြီးသား နေရာပေါ့လေနော့်။ သူတို့က လွိုင်လင်လေးဘက်ကနေ လာပြီးတော့ ကယန်းသာယာဘက်ကနေဝင်တယ်၊ အကုန်လုံးသိတယ်။ သူတို့မှာနောက်က ကူညီတဲ့ဒရုန်းတွေ အတော်လေး အဆင့်မီတဲ့အခါကျတော့ တော်လှန်ရေးတပ်သားတွေက ခုခံနိုင်အား သိပ်အားနည်းသွားလာပေါ့လေ”
လွိုင်ကော်မြို့တောင်ဘက် မိုင်းလုံရပ်ကွက် အနီးတစ်ဝိုက်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားဆဲဖြစ်ပြီး တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်က ထိန်းချုပ်ထားတဲ့ မြို့ပေါ်နေရာတွေကို ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ဖို့ ပြင်ဆင်နေပြီး စာသင်ကျောင်းတွေပြန်ဖွင့်ဖို့ ကျောင်းဆရာမတွေကို ပြန်လည်ခေါ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွိုင်ကော်မြို့ကို ပြန်တဲ့ဒေသခံတွေကတော့ ဈေးဆိုင်တွေ၊ နေအိမ်တွေ ဖောက်ထွင်းခံရထားရတာနဲ့ ကြုံခဲ့ကြရတယ်လို့ ပြောပါတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာ ဒေသခံတွေအားလုံး နေရပ်ပြန်မလာရဲကြသေးဘူးလို့လည်း ဆိုပါတယ်။
မေ ၂၉ ရက်နေ့မှာတော့ သွားလာခွင့် ကန့်သတ်ထားတဲ့ လွိုင်ကော်-ဆီဆိုင်-တောင်ကြီး လမ်းပိုင်းကို စစ်ကောင်စီဘက်က ပြန်လည်ဖွင့်လှစ်လိုက်ပြီး ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ တောင်ကြီးလမ်းပိုင်းကတော့ ပိတ်ထားတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။
လွိုင်ကော်မြို့ပေါ်မှာ ကျန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လွိုင်ကော်- ဆီဆိုင်မြို့ လမ်းမကြီးနဲ့ အနီးတစ်ဝိုက် နေရာတွေကို အပြည့်အဝထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေဖြစ်နေတယ်လို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကို ဗညားက ပြောပါတယ်။
“သူတို့ စစ်အင်အားအလုံးအရင်းနဲ့ လွိုင်လင်လေးကနေ လွိုင်ကော်မြို့ပေါ်ကို ထိုးစစ်ဆင်လာတာပေါ့နော်။ တိုက်ပွဲကတော့ ရက်တိုင်းလိုလိုတော့ ဖြစ်နေတယ်ပေါ့နော်။ အခြားတစ်ဖက်မှာလည်း လွိုင်ကော်မြို့ပေါ်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေကလည်း လွိုင်လင်လေးလမ်းကို ထိန်းချုပ်ဖို့ တန်ပြန်ပုံစံမျိုး ထိုးစစ်ဆင်တာ ရှိပါတယ်။ သူတို့ရည်ရွယ်ချက်ကတော့ လွိုင်ကော်မြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့လို့ ထင်ရတယ်။ နောက်တစ်ခုက သူတို့ကြေညာထားသလို လွိုင်ကော်မြို့ပေါ်မှာကျောင်းတွေ ပြန်ဖွင့်ဖို့ ပုံမှန်ပြန်လည်ပတ်နိုင်ဖို့အတွက် ကြိုးစားတယ်ဆိုတဲ့ စဉ်းစားချက်ဖြစ်မယ်လို့ ထင်ပါတယ်”
ရှမ်းပြည်တောင်ပိုင်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေထဲမှာ တပ်မ ၅၅ လက်အောက်ခံတပ်ဖွဲ့ဝင်တွေ ပါဝင်သလို လောက်ကိုင်တိုက်ပွဲအတွင်း လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ရင်းအချို့နဲ့ စစ်မှုမထမ်းမနေရစနစ်အရ တပ်ထဲရောက်လာတဲ့ လူအသစ်တွေလည်း ပါဝင်တာကို တွေ့ရတယ်လို့ KNDF ဘက်က ဆိုပါတယ်။
မေလကုန်ပိုင်းကစလို့ အဲဒီစစ်ကြောင်းတွေဟာ လွိုင်ကော်မြို့အစွန်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေထဲကို ရောက်လာပြီဖြစ်လို့ သူတို့ဘက်ကလည်း လိုအပ်တာတွေပြင်ဆင်ထားတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ဒု-စစ်ဦးစီးချူပ် မာဝီက ပြောပါတယ်။
“ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ကနေ ထိုးလာပြီးတော့ အခုတော့ လွိုင်ကော်မြို့အစွန်နားမှာရှိတဲ့ တပ်ထဲကို ဝင်သွားပြီပေါ့လေနော့်။ ဝင်ဖို့ ကျန်နေတဲ့ဟာတွေလည်း ရှိတယ်ပေါ့လေနော့။ ကျွန်တော်တို့ဘက်ကတော့ လုပ်စရာရှိတာတွေ ပြင်စရာရှိတွေနဲ့ တားစရာရှိတာတွေ လုပ်နိုင်တဲ့နေရာမှာ အကုန်လုံးလုပ်ဖို့ရှိပါတယ်။ ကျွန်တော်တို့ဒေသထဲကို ရောက်လာရင်တော့လည်း ဒါအပြီးအပြတ် ပြန်လည်ချေမှုန်းသွားရမယ့် တာဝန်ရှိတယ်ပေါ့လေနော့”
၂၀၂၃ နိုဝင်ဘာလမှာစတင်တဲ့ တစ်လေးလုံး စစ်ဆင်ရေးကနေ အခုနှစ် မေလအကုန်အထိ လွိုင်ကော်မြို့ပေါ်က စစ်ကောင်စီတပ်စခန်း ၁၂ ခုအပါအဝင် စစ်ကောင်စီ တပ်စခန်းပေါင်း ၆၅ ခုနဲ့ မြို့ပေါင်းရှစ်မြို့ကို ကရင်နီ ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် လွိုင်ကော်မြို့က ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထာတဲ့စစ်စခန်းအချို့ ဖယ်ပေးလိုက်ရတယ်လို့ KNDF သတင်းပြန်ကြားရေး တာဝန်ခံက ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ကယားပြည်နယ် စစ်ကောင်စီပြောခွင့်ရ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်း နိုင်ငံရေးလေ့လာသူတစ်ဦးကတော့ လွိုင်ကော်ဟာ စစ်ရေးအရ အရေးပါတာကြောင့် အပြင်းအထန် ထိုးစစ်ဆင်နေရတာလို့ ပြောပါတယ်။
“ကယားပြည်နယ်မှာဆိုရင် လွိုင်ကော်က မြေပြန့်လေနော်။ လူနေသိပ်သည်းမှုကလည်း လွိုင်ကော်ကပဲ အများဆုံးကိုနော့။ အဲဒီတော့ လွိုင်ကော်ကိုထိန်းချုပ်နိုင်ရင် ကယားပြည်နယ်ကို ထိန်းချုပ်နိုင်တယ် ဆိုတဲ့သဘောပါပဲ။ ဒါ့ကြောင့်မို့ လွိုင်ကော်ကို သူက ပတ်ဝန်းကျင်ကို ငြိမ်ဝပ်ပိပြားသွားအောင် လုပ်တယ်ဆိုတဲ့သဘောပါ။ ဒါက အရေးကြီပါတယ်”
ဒီစစ်ဆင်ရေးမှာ ပအိုဝ်းပြည်သူ့စစ် (PNO) ရဲ့ အကူအညီတွေဟာ စစ်ကောင်စီအတွက် အများကြီးထိရောက်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဇွန် ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့နယ်တွေမှာ ၂၀၂၄ ဇန်နဝါရီလ ၁ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ ငါးလအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း နှစ်ရာနီးပါး ဖြစ်ခဲ့ပါတယ်။
တိုက်ပွဲကာအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တာ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေအပြင် စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးခဲ့ရသူ ၅၁ ဦးရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီတိုက်ပွဲတွေအတွင်း ကရင်နီကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေဘက်က ၁၃၉ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကတော့ ၅၆၂ ဦးသေဆုံးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။