ရှမ်းပြည်တောင်ပိုင်းမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု တိုးလာ

RFA Burmese
2024.11.06
ရှမ်းပြည်တောင်ပိုင်းမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု တိုးလာ ရှမ်းပြည်နယ်တောင်ပိုင်း ပေါက်ခဲရွာမှ နေအိမ်စွန့်ခွာထွက်ပြေးနေကြသည့် ဒေသခံများအား KNDF တပ်သားများနှင့် Free Burma Rangers အဖွဲ့သားများက ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က အကူအညီပေးနေစဉ်။
RFA

ပြီးခဲ့တဲ့ အောက်တိုလာလ ၃၁ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်က မိုင်းဖြတ်ရွာမှာ စစ်ကောင်စီရဲ့ ဒရုန်းယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ရှစ်နှစ်အရွယ် မိန်းကလေးရဲ့ မိခင်ဖြစ်သူ ငိုကျွေးနေတာပါ။ ဒီဒေသမှာ စစ်ရေးတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတဲ့ ကရင်နီ Free Burma Rangers ဆေးအဖွဲ့ရဲ့ ဒု - ခေါင်းဆောင် ကိုအောင်ဇေယျက ဒီဗီဒီယိုကို ရိုက်ကူးပြီး RFA ကို ပေးပို့ခဲ့တာဖြစ်ပါတယ်။

မိုင်းဖြတ်ရွာမှာ စစ်ကောင်စီရဲ့ ဒရုန်းတွေက ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိန်းကလေးငယ်အပြင် အသက် ၃၇ နှစ်အရွယ် လူကြီးတစ်ဦးတို့ နေရာမှာတင် သေဆုံးသွားတယ်လို့ ကိုအောင်ဇေယျက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ စစ်ကောင်စီတပ်တွေဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီး ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှု တိုးလာတာကြောင့် ဒေသခံရွာသားတွေ နေအိမ်စွန့်ခွာထွက်ပြေးနေကြပြီး KNDF တပ်သားတွေနဲ့ Free Burma Rangers အဖွဲ့သားတွေက ထွက်ပြေးလာသူတွေကို အကူအညီပေးနေတာ ဖြစ်ပါတယ်။

မိုင်းဖြတ်ရွာကနေ ခြောက်မိုင်လောက်ဝေးတဲ့ ပေါက်ခဲရွာမှာတော့ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးလာမကျဲခင်ကတည်းက ရွာသားတွေဟာ တောင်ထူထပ်ပြီး ခက်ခဲကြမ်းတမ်းတဲ့ လမ်းပေါ်မှာ ရှိသမျှ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့အတွက် အသေအပျောက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ မကြာခင်က KNDF တပ်တွေ ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့နဲ့ လေဆိပ်ကို ပြန်သိမ်းယူနိုင်ခဲ့တဲ့နောက် မိုးဗြဲနဲ့ လွိုင်ကော်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာလို့ KNDF ခေါင်းဆောင်တွေက ပြောပါတယ်။



KNDF တပ်တွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်တွေမှာ တပ်တွေ ဖြန့်ကြက်ပြီး ထိန်းချုပ်ထားခဲ့ရာက အခုအချိန်မှာ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ကို တောင့်ခံထားဖို့ ကြိုးစားနေတာပါ။ သူ့နာမည်ကို လုံခြုံရေးကြောင့် ထုတ်မပြောလိုတဲ့ KNDF တပ်ရင်း ၃၁ ရဲ့ တပ်ရင်းမှူးက သူတို့တပ်ဖွဲ့တွေဟာ ခြေကုပ်ယူထားတဲ့စခန်းကို နှစ်လလောက် ခုခံခဲ့ပေမယ့် အင်အားလျော့လာနေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အခုနောက်ပိုင်းမှာ ဗုံးကြဲချဖို့ ပိုအဆင့်မြင့်တဲ့ တရုတ်နိုင်ငံလုပ် ဒရုန်းတွေကို သုံးလာပါတယ်။ အရင်က စစ်ကောင်စီရဲ့ ဒရုန်းတွေကို KNDF ဘက်က Jammer လို့ခေါ်တဲ့ ရေဒီယိုလှိုင်းဖြတ်စက် တွေနဲ့ တားဆီးနိုင်ပေမယ့် နောက်ပိုင်းမှာလုပ်လို့ မရတော့ဘူးလို့ ပြောပါတယ်။

KNDF အဖွဲ့တွေမှာ ရိုင်ဖယ်သေနတ်တွေ အလုံအလောက်ရှိပေမဲ့ ကျည်ဆန်ရှားပါးမှုလည်း ကြုံနေရပါတယ်။ RFAနဲ့ စကားပြောခဲ့တဲ့ KNDF တပ်သားသုံးဦးက သူတို့မှာ ကျည်ဆန်ကိုးတောင့်ပဲ ကျန်တော့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကနေ ထွက်ပြေးလာကြတဲ့ ရွာသားတွေကတော့ သုံးနှစ်လောက် စစ်ဘေးရှာင်ဘဝနဲ့ နေလာရတာကို အသားကျနေကြပုံရပါတယ်။ အခုဆိုရင် ကယားပြည်နယ်တစ်ခုလုံးမှာ စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲကျော် ရှိနေပါပြီ။

အသက် ၅၄ နှစ်အရွယ် ဒေါ်သန်းအေးဆိုရင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခုလိုပဲ ထွက်ပြေးလာရတာ ငါးကြိမ်ရှိပြီလို့ ပြောပါတယ်။

စစ်ဘေးဒုက္ခသည်နောက်တစ်ဦးကတော့ ရွာမှာ မရိတ်သိမ်းရသေးဘဲ ထားခဲ့ရတဲ့ ပြောင်းစိုက်ခင်းတွေအတွက် စိတ်ပူနေတဲ့ ကိုစိုင်းပန်ဆောင်ပါ။ သူဟာ စစ်တပ်အာဏာမသိမ်းခင်က ညောင်ရွှေမြို့မှာ မီးသတ်သမား တစ်ယောက်ပါ။ အာဏာသိမ်းပြီးတဲ့အခါ CDM လှုပ်ရှားမှုထဲမှာ ပါဝင်ခဲ့ပြီး သူ့ဇာတိရွာမှာ ပြန်နေခဲ့တာပါ။


ဆက်နွှယ်သော သတင်းများ

စစ်အတွင်းသေဆုံးသွားတဲ့ KNDF တပ်ဖွဲ့ဝင်လူငယ်များ

ပြေးစရာမြေမရှိတော့တဲ့ ကရင်နီစစ်ဘေးဒုက္ခသည်များ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့ကြောင်း KNDF ပြော



ပေါက်ခဲရွာကနေ ထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ရှိသမျှ ဆန်နဲ့ ရိက္ခာတွေကို ဆိုင်ကယ်တွေ၊ KNDF တပ်ဖွဲ့ရဲ့ ထရပ်ကားတွေပေါ်မှာ တင်လို့ရသမျှ တင်ပြီး သယ်လာခဲ့ကြပါတယ်။ အခုသယ်လာတဲ့ ရိက္ခာတွေကြောင့် ဘယ်နေရာရောက်ရောက် သူတို့မိသားစု တော်တော်ကြာကြာ စားလို့ရမယ်လို့ ကိုစိုင်းပန်ဆောင်က ပြောပါတယ်။

တောတွင်းတစ်နေရာက စစ်စခန်းတစ်ခုမှာတော့ KNDF တပ်ရင်း ၁၂ က တပ်သား ၃၀ လောက်ဟာ စခန်းကို ဖျက်သိမ်းပြီး ဆုတ်ခွာဖို့ ပြင်ဆင်နေကြပါတယ်။ ပိတ်နေတဲ့ ထောက်ပို့လမ်းကြောင်းတွေ ပြန်မဖွင့်နိုင်သေးရင် KNDF ရိက္ခာရှားပါးမှု ဖြစ်နိုင်တာကြောင့် တပ်သားတွေဟာ စားလို့ရသမျှကို သိမ်းဆည်းနေကြပါတယ်။

ပြီးခဲ့တဲ့လပိုင်းလောက်က စပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် သူတို့ တပ်ရင်းက တပ်သား ငါးဦး ကျဆုံးပြီး ၁၀၀ လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNDF တပ်ရင်း ၁၂ ရဲ့ တပ်ရင်းမှူးက ပြောပါတယ်။ သူက စစ်တပ်က အာဏာမသိမ်းခင်က ဒီဒေသမှာ ကယားဝက်အူချောင်းတွေ လုပ်ပြီး ခရီးသွားတွေကို ရောင်းချခဲ့သူပါ။ သူက အဲဒီလို အခြေအနေမျိုး ပြန်ရောက်ချင်ပါတယ်လို့ RFA ကို ပြောပြပါတယ်။

(RFA အင်္ဂလိပ်ဌာန၏ သတင်းဆောင်းပါးအား ကိုရဲခေါင်မြင့်မောင် ဘာသာပြန်ဆိုတင်ပြသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။