စစ်ဘေးကရတဲ့ စိတ်ဒဏ်ရာတွေ ထင်ဟပ်နေတဲ့ ကလေးတွေရဲ့ ပန်းချီပြိုင်ပွဲ

RFA Burmese
2024.11.14
စစ်ဘေးကရတဲ့ စိတ်ဒဏ်ရာတွေ ထင်ဟပ်နေတဲ့ ကလေးတွေရဲ့ ပန်းချီပြိုင်ပွဲ KNDF တပ်ရင်း (၅) က ရန်ပုံငွေရှာဖွေသည့် Way Back Home စာမျက်နှာမှ ကလေးပန်းချီ ပြိုင်ပွဲဝင်ကလေးငယ်အချို့၏ ပန်းချီလက်ရာအချို့ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ကလေးငယ်တွေ ခံစားနေရတဲ့ စိတ်ဒဏ်ရာတွေကို ပန်းချီတွေကနေ သိနိုင်ဖို့ရာနဲ့ စိတ်သက်သာရာ ရစေဖို့အတွက် ရည်ရွယ်ပြီးတော့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၅) ကနေ ရန်ပုံငွေ ရှာဖွေတဲ့ Way Back Home Page မှာ ကလေးပန်းချီ ပြိုင်ပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဲဒီပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့ ကလေးပန်းချီတွေထဲမှာ အသက် ၉ နှစ်ခွဲအရွယ် မီးမဂမ်းငယ်ရဲ့ ပန်းချီဖြစ်တဲ့ “အိမ်ခေါင်မိုးပေါ်သို့ လေယာဥ် မလာရ”ဆိုတဲ့ ခဲပန်းချီဟာ ဆိုရှယ်မီဒီယာမှာ လူစိတ်ဝင်စားမှု အများအပြား ရရှိခဲ့ပါတယ်။

မီးမဂမ်းငယ်လို လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပုံဖော်မှုတွေဟာ လာပြိုင်တဲ့ထဲက ခြောက်ဆယ် ရာခိုင်နှုန်းခန့်အထိ ရှိနေတယ်လို့ ပြိုင်ပွဲကျင်းပရေးမှာ ပါဝင်တဲ့ KNDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“အဓိပ္ပာယ် အများကြီးပဲ၊ သူတို့ ဖွင့်ထားတာကတော့ သူတို့ရဲ့အနာဂတ်တွေ မဲ့နေတဲ့ပုံစံတွေ။ ပြီးတော့ တစ်ဖက်မှာက မီးလောင်နေတယ်။ တစ်ဖက်မှာက ငြိမ်းချမ်းနေတယ်ပေါ့နော်။ အဲဒီလို ပုံစံမျိုးတွေလည်း သူတို့ ဆွဲလာတယ်။ ဒါတွေက သူတို့ရဲ့ခံစားချက် အစစ်အမှန်တွေပေါ့။ သနားမိတာပေါ့နော်။ ပြီးတော့ ကလေးတွေကိုယ်တိုင်က သူတို့ရဲ့အနာဂတ်တွေ သူတို့ဖြစ်နေတဲ့ဟာတွေကို စကားမပြောပြနိုင်တောင်မှ ပုံနဲ့ ဖော်ပြနိုင်တယ်ပေါ့နော်”

စက်တင်ဘာ ၅ ရက်နေ့ကတည်းကစခဲ့တဲ့ ဒီပန်းချီပြိုင်ပွဲမှာ ပြည်တွင်းရော နယ်စပ်မှာပါ ရှိနေတဲ့ ကလေးငယ် သုံးရာနီးပါး ပါဝင်ခဲ့ပြီး ၁၃ နှစ်အောက် ကလေးတွေရဲ့ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးမှုတွေသာ အကျုံးဝင်တယ်လို့ ဆိုပါတယ်။

“အိမ်နံရံမှာကပ်ထားတဲ့ ပန်းချီတွေကိုတောင် စစ်ကြောင်းနဲ့ဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖျက်ဆီးသွားလေ့ရှိပါတယ်”

လေယာဥ်တွေမြင်ရင် ပျော်ခဲ့ရတဲ့ ကလေးတွေဟာ ခုတော့ လေယာဥ်သံကြားရင် ကြောက်ရွံ့တုန်လှုပ်နေရပါပြီ။

လေကြောင်းတိုက်ခိုက်မှုကနေ အသက်ရှင်လျက် လွတ်မြောက်လာတဲ့ ၁၃ နှစ်အရွယ် သွန်းဟာ ဖြစ်ရပ်ဆိုး ကြုံရတဲ့နေ့ကို ပြန်ပုံဖော်ထားတဲ့ ပန်းချီပုံတွေကို ဆွဲလေ့ရှိပါတယ်။

ဒီပန်းချီပုံတွေ ဆွဲတိုင်းမှာ ဝမ်းနည်းမှုရပြီး လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ သူ့ရဲ့ တစ်ဝမ်းကွဲ မောင်လေးကိုလည်း သတိရတယ်လို့ သွန်းက ပြောပြပါတယ်။

“လေယာဥ်ပစ်တုန်းက ပုံတွေ ကိုယ့်စိတ်ကူးထဲ ကိုယ်ပုံဖော်ပြီး ဆွဲထားတယ်။ ကျောင်းကြီးထဲမှာ ကလေးတွေက ပြေးနေကြတယ်။ ကစဥ့်ကလျားနဲ့။ အပေါ်က လေယာဥ်နှစ်စင်းနဲ့ လာပစ်နေတာ။ အဲဒီပုံတွေ။ ခြေပြတ် လက်ပြတ်တွေ၊ စာအုပ်လေးတွေ စားပွဲပေါ်မှာ ပြန့်ကျဲနေတဲ့ပုံတွေ။ တွေးမိတိုင်း ငိုချင်လာတယ်။ သမီး မောင်လေးကိုလည်း လွမ်းတယ်”

ဒီလိုခံစားချက်တွေကို ပုံဖော်ပြီး အိမ်နံရံမှာကပ်ထားတဲ့ ပန်းချီတွေကိုတောင် စစ်ကြောင်းနဲ့ဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖျက်ဆီးသွားလေ့ရှိတယ်လို့ သွန်းက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

စိတ်ဒဏ်ရာနဲ့ ကလေးတွေရဲ့ အနာဂတ် ဘယ်လိုရှိမလဲ

နိုင်ငံတစ်ဝန်း စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်နှစ်ရာနီးပါးရှိလာ

ကရင်နီဒေသက ဒုက္ခသည်ကလေးတွေကို ဂီတပညာသင်ပေးနေသူ


ပန်းချီဝါသနာပါတဲ့ သွန်းဟာ အာဏာမသိမ်းခင်က တောင်တန်းပုံ၊ ပန်းခင်းပုံနဲ့ လူပုံတွေ ဆွဲပြီး အခုနောက်ပိုင်းမှာတော့ အိမ်ကိုပြန်ချင်တဲ့အကြောင်း၊ မိသားစုနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်တဲ့အကြောင်းအရာ ပန်းချီတွေကိုပဲ ပုံဖော်တယ်လို့ သူ့ရဲ့မိခင်က ပြောပါတယ်။

“သူ ငြိမ်းချမ်းရေး ဂျိုးငှက်လေး ဆွဲတုန်းကဆိုရင် သမီး ဘာလို့ ဒီပုံလေးကို ဆွဲတာလဲဆိုတော့ မေမေတဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေရအောင်လို့လေတဲ့။ အခု သမီးတို့ ငြိမ်းငြိမ်းချမ်းချမ်းမှ မနေရဘဲနဲ့တဲ့။ တစ်ခါ သူ မြို့က တိုက်ပုံတွေ ဆွဲတယ်။ သမီး ညည်းက ဘာလို့ ဒီတိုက်ပုံတွေ ဆွဲတာလဲဆိုတော့ သမီး မုံရွာကို လွမ်းလို့တဲ့၊ မုံရွာ ပြန်ချင်လို့တဲ့။ အဲဒါကြောင့်မလို့ ဆွဲတာတဲ့။ အဲဒီလို ပြောတော့ ကျွန်မ တကယ် စိတ်လည်း မကောင်းဘူး”

KNDF တပ်ရင်း (၅) က ရန်ပုံငွေ ရှာဖွေသည့်  Way Back Home စာမျက်နှာမှ ကလေးပန်းချီ ပြိုင်ပွဲဝင်ကလေးငယ်အချို့၏ ပန်းချီလက်ရာအချို့ ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဥ်။ (RFA Photo)
KNDF တပ်ရင်း (၅) က ရန်ပုံငွေ ရှာဖွေသည့် Way Back Home စာမျက်နှာမှ ကလေးပန်းချီ ပြိုင်ပွဲဝင်ကလေးငယ်အချို့၏ ပန်းချီလက်ရာအချို့ ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဥ်။ (RFA Photo)

စိတ်ကျန်းမာရေး ကုသပေးတဲ့နေရာတွေမှာ ကျင့်သုံးလေ့ရှိတဲ့ ပန်းချီကုထုံး ဆိုတာဟာ စိတ်‌‌‌ဒဏ်ရာရနေတဲ့ ကလေး၊ လူကြီးမဆို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ‌‌‌ပန်းချီထဲ အာရုံစိုက်ပြီး လျှော့ချ‌‌ဖြေပျောက်တဲ့ ကုထုံးပဲဖြစ်ပါတယ်။

ဒါကြောင့် ကလေးငယ်တွေရဲ့ စိတ်ဒဏ်ရာတွေကို သက်သာစေဖို့နဲ့ ကလေးတွေ ဘာတွေ ခံစားနေရတယ်ဆိုတာကို လူကြီးတွေသိပြီး ကူညီနိုင်ဖို့ရာအတွက် ဒီပြိုင်ပွဲကို လုပ်ခဲ့တာဖြစ်သလို လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ “အိမ်ခေါင်မိုးပေါ်သို့ လေယာဥ်မလာရ”ဆိုတဲ့ ပန်းချီကိုလည်း လေလံနဲ့ရောင်းချမယ်လို့ ပြိုင်ပွဲကျင်းပရေးမှာပါဝင်တဲ့ KNDF တပ်ဖွဲ့ဝင်က ပြောပါတယ်။

အဲဒီပန်းချီ မူရင်းကို စစ်ကောင်စီရဲ့ လုံခြုံရေးဂိတ်တွေကို ဖြတ်ပြီး ကရင်နဲ့ ကရင်နီနယ်စပ်မှာ သွားယူထားတာဖြစ်ပြီး ရရှိတဲ့ငွေကိုတော့ တော်လှန်ရေးအတွက် ပြန်သုံးမှာလို့ သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။