၀က်လက်မြို့နယ် သမရိုးရွာက နေအိမ် ၂၇၀ ကျော် မီးရှို့ခံရ

RFA Burmese
2023.03.19
၀က်လက်မြို့နယ် သမရိုးရွာက နေအိမ် ၂၇၀ ကျော် မီးရှို့ခံရ ဝက်လက်မြို့နယ် သမရိုးရွာ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်နေသည့် နေအိမ်အဆောက်အအုံများကို မီးငြှိမ်းသတ်နေသည့် ဒေသခံများအား တွေ့ရစဉ်။
ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်က မူးမြစ်ကမ်းပေါ်မှာ မေးတင်ထားတဲ့ သမရိုးရွာဟာ အိမ်ခြေတစ်ထောင်နီးပါးရှိတဲ့ ရွာကြီးတစ်ရွာပါ။ ဝက်လက်မြို့နယ်နဲ့ အရာတော်မြို့နယ်ကို ဆက်သွယ်ထားတဲ့ တံတားအနီးမှာ ရှိပါတယ်။

အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခုဟာ ဝက်လက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ရင်း မတ်လ ၁၇ ရက်မှာ သမရိုးရွာကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ရွာထဲကို ရှင်းလင်းစီးနင်း ရင်း နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် အိမ် ၂၇၅ လုံး မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကတော့ ပြောလို့ကို မကုန်တော့ဘူးလေ။ ကျနော်လည်း ဘာပြောလို့ ပြောရမှန်းကို မသိတော့ဘူး"

စစ်ကောင်စီတပ်ရဲ့ စီးနင်းမှုမှာ ရွာသူရွာသား လေးထောင်ကျော်က နိုင်သမျှထုပ်ပိုးပြီး အသက်လုပြေးခဲ့ရပါတယ်။ လေဖြတ်နေတဲ့ အသက် ၇၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကတော့ မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ရွှေပန်းကုန်း (ရွာ) ထဲကနေပဲ တောက်လျှောက် တိုက်ရိုက်ဝင်ပြီး ဖြိုခွင်းသွားတာပါဗျ။ အင်အားက ရာဂဏန်းနဲ့ပဲ ဝင်သွားတာဗျ။ ပျူစောထီးတွေလည်း ပါပါတယ်ဗျ။ စစ်တပ်တွေလည်း ပါပါတယ်ဗျ။ အဘွားအိုက ပြောရမယ်ဆိုရင်တော့ စစ်ကြောင်းက မသိသာပဲနဲ့ ဗြုန်းစားကြီးဝင်ချလာပြီး ပစ်ခွင်းတဲ့အချိန်မှာ ဟိုလူကယ်ထုတ် ဒီလူ ကယ်ထုတ်နဲ့ မကယ်ထုတ်နိုင်တဲ့အပြင် အဘွားအိုကြီးတစ်ယောက် ကျန်ခဲ့တာပေါ့ဗျာ။ ကျန်တဲ့အခါ မီးထဲပါသွားတာပေါ့”

နေအိမ် ၂၇၀ ကျော် မီးလောင်ပျက်စီးတာကြောင့် လူတစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွား ပါတယ်။

နေအိမ်မီးထဲပါသွားလို့ နီးစပ်သူတွေဆီမှာ ခိုကပ်နေရတယ်လို့ သမရိုးရွာက နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

“တချို့တွေ ဆွေမျိုးဟိုဟာလေးတွေ ကျန်တဲ့အိမ်လေးတွေပေါ် ကပ်နေကြရတာပေါ့ဗျာ။ ထမင်းစားသောက်ရေး ကတော့ ကျနော်တို့တွေ စုပြီးတော့ ဘုန်းကြီးကျောင်းမှာ ကျွေးမွေးပါတယ်ဗျ။ စိုးရိမ်မှုက တော့ ဒီလမ်းကြောကြီး က ရွှေဘို-မုံရွာ လမ်းပေါ်ဆို တော့ တံတားလည်းရှိတော့ သူတို့ (စစ်ကောင်စီတပ်) အတွက် Main လမ်းကျမလား မသိဘူး။ အဲဒီလိုမျိုး စိုးရိမ်မှုကတော့ ရှိပါတယ်ဗျ။ ဒီလမ်းကို သူတို့က မဖြစ်မနေသုံးရ မယ့် အနေအထားမျိုးတွေ ရှိနေတော့ စိုးရိမ်မှုကတော့ အမြဲတမ်းရှိပါတယ်ဗျ”

အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း သမရိုးရွာကို စစ်ကောင်စီတပ်က သုံးကြိမ်ထက်မနည်း ဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရပ်သားတွေအပေါ် စစ်ကောင်စီတပ်ရဲ့ ရက်စက်မှုတွေဟာ ပြောလို့တောင်မကုန်တော့ ဘူးလို့ ဝက်လက်မြို့နယ် လူထုသပိတ်ကော်မတီရဲ့ ခေါင်းဆောင် ကိုလွင်မိုးသန့်က ပြောပါ တယ်။

ဝက်လက်မြို့နယ် သမရိုးရွာတွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်ပျက်စီးနေသည့် အကြွင်းအကျန်ပစ္စည်းများကို ရှာဖွေနေသည့် ဒေသခံအမျိုးသမီးတစ်ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ)
ဝက်လက်မြို့နယ် သမရိုးရွာတွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်ပျက်စီးနေသည့် အကြွင်းအကျန်ပစ္စည်းများကို ရှာဖွေနေသည့် ဒေသခံအမျိုးသမီးတစ်ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ)

“စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကတော့ ပြောလို့ကို မကုန်တော့ဘူးလေ။ ကျနော် လည်း ဘာပြောလို့ ပြောရ မှန်းကို မသိတော့ဘူး။ အဓိကကတော့ ဒီရွာတွေကို အိမ်ပြန် ဆောက်နိုင်ဖို့ ဒါပဲ လုံးပန်းတော့ တယ်ဗျ။ ကျနော်တို့ က အိမ်ဆောက်ဖို့ ထန်းရွက်က အစ၊ ဝါးကအစ ဘယ်လိုပြောမလဲ အစစအရာရာတော့ လိုတာပေါ့ဗျာ။ ဒီဘက် နယ်တွေ က ဘယ်လိုပြောရမလဲ လူသားချင်းစာနာမှုအကူအညီတွေ ကျနော်တို့ ဝက်လက်မှာ မရောက်ဘူး။ မရောက်တဲ့အတွက် ကျနော်တို့ သပိတ်ကော်မတီအနေနဲ့ အများကြီး လုံးပန်းရတာတော့ ရှိတာပေါ့ အဲဒီလိုမျိုး။ ကျနော်တို့တစ်ဖွဲ့တည်းနဲ့လည်း လောက်င အောင် မပေးနိုင်ဘူး”

ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာတော့ မီးရှို့ခံရတဲ့ ရွာတွေနဲ့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ နေရာတွေက အမြဲတမ်း စစ်ဘေးဒုက္ခသည် ငါးထောင်ဝန်းကျင် ရှိနေကြပြီး စစ်ကြောင်းထိုး တဲ့အခါ ခဏတဖြုတ် စစ်ဘေးတိမ်းရှောင် နေရသူတွေလည်း ရှိနေတယ်လို့ သူက ပြောပါ တယ်။

ဒီလူတွေအတွက် စားနပ်ရိက္ခာ၊ အိုးခွက်၊ ပန်းကန်တွေအပြင် မီးရှို့ခံရတဲ့ အိမ်တွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ကိုလွင်မိုးသန့်က ဆိုပါတယ်။

စစ်ကိုင်းတိုင်းက ဝက်လက်မြို့နယ်၊ ရွှေဘိုမြို့နယ် နဲ့ အရာတော်မြို့နယ်တို့ကို ဖေဖော်ဝါရီလ ၂၂ ရက်မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။

ဝက်လက်မြို့နယ် သမရိုးရွာကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်ပျက်စီးနေသည့် နေအိမ်အဆောက်အအုံများအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ)
ဝက်လက်မြို့နယ် သမရိုးရွာကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်ပျက်စီးနေသည့် နေအိမ်အဆောက်အအုံများအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ)

အဲ့ဒီနောက် ဝက်လက်မြို့နယ်မှာ ထိုးစစ်တွေ ပိုများလာတယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော့်ဝက်လက်က ပိုတောင်ပိုတယ် မှတ်တာ။ ကျနော်ပြောပြမယ် အဲဒီရဲ့ (စစ်အုပ်ချုပ်ရေးကြေညာပြီး) နောက်ပိုင်းမှာက စစ်ကြောင်းတစ်ခါထိုးရင် သုံးကြောင်း၊ သုံးကြောင်းထိုးတယ်။ ပြီးတော့ ကျနော်တို့မြို့နယ်မှာ အထိုင်လည်း အများကြီးချထား တယ်။ စစ်အုပ်ချုပ်ရေးကြေညာတဲ့ ပတ်ဝန်းကျင်ကနေ တစ်လကျော်အတွင်းကို ပထမ တစ်ကြိမ် ၁၄ ရွာ ရှို့သွားတာက ၁၁၀၃ အိမ်၊ နောက်ဟာက (အိမ်ခြေ) ၇၀၀ ကျော်၊ အခုဟာနဲ့ဆို နှစ်ထောင်ကျော်သွားပြီနော်။ တစ်လကျော်အတွင်းလေးတင်ကို”

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကတော့ သူ ခရီးထွက်နေတဲ့ အတွက် လတ်တလော အခြေအနေတွေကို မသိရသေးဘူးလို့ မတ်လ ၁၈ ရက်မှာ RFA ကို ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မီးလောင်ပျက်စီးမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar ရဲ့စာရင်း တွေအရ  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ စစ်ကိုင်းတိုင်းက နေအိမ် ၄၃,၂၉၂ လုံး မီးလောင်ပျက်စီးခဲ့ ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။