ချင်းပြည်နယ် ဝေဘူလမှာ လေကြောင်းဗုံးကြောင့် အရပ်သားကိုးဦးသေဆုံး

RFA Burmese
2023.04.11
ချင်းပြည်နယ် ဝေဘူလမှာ လေကြောင်းဗုံးကြောင့် အရပ်သားကိုးဦးသေဆုံး စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲခဲ့သည့် ဝေဘူလမြို့မှ မီး‌လောင်ပျက်စီးသွားသော နေအိမ်အချို့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ အခြေခံပညာအထက်တန်းကျောင်းအနီးကို စစ်ကောင်စီတပ်က ဧပြီ ၁၀ ရက် မနေ့ မနက် ၁၀ နာရီလောက်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ဒေသခံ ကိုးဦးသေဆုံးပြီး လေးဦဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၁၂ အရွယ် ဆလိုင်းဗျက်လှယ်ကျဲအိုအပြင် ခရစ်ယာန်ဓမ္မဆရာ သိက္ခာတော်ရ ဆရာတော် ဂျေစောဇာထန်း၊ ကျောင်းအုပ်ဆရာကြီး ထောင်းဇအုပ်၊ ဒေါ်ထီးယန်းဆုန်း၊ အလယ်တန်းပြဆရာမ ဒေါ်ဇာနှဲမ်ကိမ်း၊ ဆလိုင်းနာထန်ဟရင်းဆန်း၊ ဆလိုင်းနောအဆန်းလျန်း၊ ဒေါ်စေလှယ်ကိမ်း၊ မောင်ချစ်မင်းသူ တို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးလေးလုံးကြဲချခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝေဘူလမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အကြောင်းမဲ့ပစ်တာပါ။ ကျောင်းအုပ်ကြီးရယ် ကျောင်းအုပ်ကြီး၊ ဇနီးရယ်ပေါ့နော်။ သူတို့အပါအဝင် ကိုးဦး ဆုံးသွားတယ်ပေါ့။ နောက်ပြီးတော့ လေးယောက်ဒဏ်ရာရ၊ တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်။ နှစ်ယောက်ကတော့ ဒဏ်ရာ မပြင်းထန်ဘူးပေါ့နော်။ ပြည်သူ့အိုးအိမ်ကတော့ ကျောင်းဝန်းထဲကျတဲ့အတွက် ကျောင်းပျာတာ အိမ်နှစ်လုံးတော့ ပျက်စီးသွားတယ်။ နောက်ပြီးတော့ ပြည်သူ့အိမ် သုံးလုံး မီးလောင်ပျက်စီး သွားတယ်”

သေဆုံးသူတွေကို ဧပြီ ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာ သင်္ဂြိုဟ်ခဲ့ပြီး ဒဏ်ရာရသူတွေကိုတော့ ဝေဘူလမြို့မှာရှိတဲ့ ဆေးခန်းတစ်ခုမှာ ဆေးကုသပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၁၀ ရက်နေ့ မနက်အစောပိုင်းက ဖလမ်းမြို့နယ် ဗားရ်ရွာနဲ့ ဗားရ်တံတားအနီးက ရဲကင်းစခန်းကို ချင်းဒေသကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၄ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၁၁ ဦးကို အရှင်ဖမ်းဆီး ရမိခဲ့သလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CNDF အဖွဲ့က ပြောပါတယ်။

ဒီကင်းစခန်းမှာ ရဲတွေနဲ့အတူ စစ်သားတွေပါ ရှိနေပေမယ့် အရှင်ဖမ်းမိတာနဲ့ သေဆုံးမှုတွေမှာ ရဲနဲ့ စစ်သားအရေ အတွက်ကို တိတိကျကျ ပြောဆိုတာမရှိသလို ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

"အကြောင်းမဲ့ပစ်တာပါ။ ကျောင်းအုပ်ကြီးရယ် ကျောင်းအုပ်ကြီး၊ ဇနီးရယ်ပေါ့နော်။ သူတို့အပါအဝင် ကိုးဦး ဆုံးသွားတယ်ပေါ့။"

ကင်းစခန်းအသိမ်းခံရပြီးနောက် မနက် ၉ နာရီဝန်းကျင်လောက်မှာ ဗားရ်ရွာအနီးကို ဗုံးခြောက်လုံး၊ မနက် ၁၁ နာရီလောက်မှာ ဝေဘူလမြို့က စာသင်ကျောင်းအနီး နေရာကို ဗုံးလေးလုံး၊ ညနေ ၄ နာရီလောက်မှာ ရမ်ထလိုရွာ အနီးကို ဗုံးခြောက်လုံးစီ ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ကြဲချခဲ့တာလို့လည်း ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ဒေသခံတစ်ဦး သေဆုံးခဲ့ပါတယ်။

အခုလက်ရှိမှာတော့ ဖလမ်းမြို့က စစ်ကောင်စီတပ်တွေက CNDF သိမ်းပိုက်ခဲ့တဲ့ ဗားရ်ရွာက စစ်ကောင်စီ ရဲကင်းစခန်းကို ပြန်လည်ပြီး တပ်စွဲထားတယ်လို့ CNDF အဖွဲ့ကပြောပါတယ်။

တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ ဝေဘူလမြို့နဲ့ ရမ်ထလိုကျေးရွာအနီးကို ဗုံးကြဲချတာဟာ ဒေသကာကွယ်ရေးအဖွဲ့တွေအပေါ် ပြည်သူတွေ ယုံကြည်မှုမရှိတော့အောင် စစ်ကောင်စီက လုပ်ဆောင်နေတာလို့ ချင်းအမျိုးသားကာကွယ်ရေး CNDF အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က ပြောပါတယ်။

“ဝေဘူလလိုမျိုး၊ ရမ်ထလို လိုမျိုးမှာ တိုက်ပွဲမရှိဘဲနဲ့ ဗုံးကြဲတယ်ဆိုတာက ပြည်သူလူထုကို အစုလိုက်အပြုံလိုက် သေစေချင်တဲ့ ပုံစံမျိုးပါပဲ။ ပြည်သူလူထုကနေပြီးတော့ ကာကွယ်ရေးတပ်ဖွဲ့တွေကြောင့် ငါတို့ ဒီလိုမျိုးခံရတယ်လို့ ထင်အောင် လုပ်နေတာက တစ်ပိုင်းပါတယ်။ နောက်တစ်ပိုင်းက လေကြောင်းနဲ့ ကျနော်တို့ ချင်းပြည်နယ်ကို အဆက်မပြတ် တိုက်ခိုက်နေတဲ့ အခြေအနေဟာ အသက်ငင်နေတဲ့ သဘောမျိုး ဖြစ်နေတဲ့အတွက် နောက်ဆုံးကျည်ဆံ သုံးတယ်လို့ပဲ ထင်တယ်၊ ကျနော်တို့ကတော့”

ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့ကလည်း ရမ်ထလိုကျေးရွာကို စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၉ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မနေ့က ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဟာ မြေပြင် အခြေအနေမှာ မနိုင်တဲ့အတွက် လေကြောင်းကို ပိုမိုအသုံးပြုလာတာ တွေ့ရတယ်လို့ ချင်းဒေသအရေးလေ့လာသူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

“ ချင်းပြည်သူတွေအပါအဝင် နိုင်ငံအနှံ့မှာ အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ်တ သုံးပြုပြီးမှ တိုက်ခိုက်မှုတွေ လုပ်လာတာက ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်း မရှိဘူး။ မြန်မာနိုင်ငံကို လက်နက်တွေ ရောင်းဝယ်နေတဲ့ နိုင်ငံတွေအားလုံးကို ကုလသမဂ္ဂ ကနေဖိအားပေးပြီးတော့မှ လက်နက်ရောင်းဝယ်ခွင့်ကို လုံးဝပိတ်ပေးဖို့ ဖြစ်တယ်။ လက်နက်ရောင်းဝယ်မှုမှာ လေယာဉ်ဆီ အပါအဝင်ပေါ့နော်။ အကြမ်းဖက် စစ်အုပ်စုရဲ့ လုပ်ရပ်အပေါ်မှာ နိုင်ငံတကာအနေနဲ့ အမြန်ဆုံးအရေးယူပေးဖို့ တောင်းဆိုချင်ပါတယ်”

စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲခဲ့သည့် ဝေဘူလမြို့ရှိ ‌သေဆုံးသူများကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က သင်္ဂြိုဟ်ပေးနေစဉ်။ ( Photo: Citizen Journalist)
စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲခဲ့သည့် ဝေဘူလမြို့ရှိ ‌သေဆုံးသူများကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က သင်္ဂြိုဟ်ပေးနေစဉ်။ ( Photo: Citizen Journalist)

မတ်လ ၃၀ ရက်နေ့ကလည်း ထန်တလန်မြို့နယ်၊ ခွာဖိုရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ကိုးဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာဟာ ပြည်သူတွေ ကိုယ့်ရပ်ကိုယ့်ဒေသမှာ မနေရဲအောင် လုပ်ဆောင်နေတာလို့ ချင်းလူ့အခွင့်ရေးအဖွဲ့ရဲ့ စီမံအရာရှိ၊ ဆလိုင်းမာန်ဟင်လျန်က ပြောပါတယ်။

“ လေယာဉ်တွေနဲ့ တိုက်တယ်၊ ကြဲတယ်၊ ပြီးတော့ သတ်ဖြတ်တယ်။ အဲဒီလုပ်တဲ့အခါမှာ ပြည်သူလူထုတွေက ကိုယ့်ရပ်၊ ကိုယ့်နယ်၊ ကိုယ့်မြေ၊ ကိုယ့်ရေတွေမှာ မနေရဲဘူး။ ဆိုတော့ စစ်ကောင်စီအနေနဲ့ ကျနော်တို့ ကိုယ့်ရဲ့ နယ်မြေမှာ မနေနိုင်အောင် ၂၀၁၇ ခုနှစ်မှာ ရခိုင်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ အလားသဏ္ဍာန်တူတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စတင်လုပ်ဆောင်နေပြီလို့ ကျနော်တို့ သုံးသပ်လို့ရတယ် ”

ချင်းအရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ ချင်းပြည်နယ်ထဲမှာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းခန့်ရှိပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မဏိပူရ်ပြည်နယ်ဘက် ထွက်ပြေးခိုလှုံနေရတဲ့ ဒုက္ခသည် ငါးသောင်း ဝန်းကျင်ရှိပါတယ်။

ချင်းရေးရာအဖွဲ့ချုပ်ရဲ့ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်နဲ့ ဒေသခံတွေအပါအဝင် ၄၀၀ နီးပါး သေဆုံးခဲ့ပြီး နေအိမ်ပေါင်း ၄၃၀၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။