ထန်တလန်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဝ ခန့်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံး
2023.08.29

ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့မှာ ဩဂုတ်လ ၂၈ ရက်နေ့ကဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၃ဝ ခန့်နဲ့ ချင်းကာကွယ်ရေး တပ်တွေဘက်က ၁၃ ဦးသေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦးနဲ့ ချင်းကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။
ထန်တလန်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ ခြေလျင်တပ်တရင်း (၂၆၉) ကို CNF- ချင်းအမျိုးသားတပ်ဦးက ဦးဆောင်ပြီး ဒေသခံကာကွယ်ရေး တပ်တွေဖြစ်ကြတဲ့ CDF ထန်တလန်၊ CDF ဟားခါးနဲ့ CDF ဇိုဖေအဖွဲ့တို့ ဩဂုတ်လ ၂၈ ရက် မနက်ပိုင်းမှာ သွားရောက်တိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
"လက်နက်ကြီးတွေ ဟားခါးဗျူဟာကနေ ၁၂၀ မမတွေ သုံးတယ်ဆိုတော့ ကျွန်တော်တို့ဘက်က ဆယ်ယောက်ကျော်ကျတယ်”
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုူအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့ရာမှာ ချင်းတိုင်းရင်းသား ပူးပေါင်း တပ်တွေဘက်က ၁၃ ဦးသေဆုံးပြီး ဆယ်ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။
“မနေ့က နံနက် ၅ နာရီလောက်မှာ CNA နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ လေးဖွဲ့က ထန်တလန်မြို့ ၂၆၉ တပ်ကို သွားတိုက်တယ်။ အဲမှာ သူတို့ဘက်က ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်လာပစ်တယ်၊ ပြီးတော့ လက်နက်ကြီးတွေ ဟားခါးဗျူဟာကနေ ၁၂၀ မမတွေ သုံးတယ်ဆိုတော့ ကျွန်တော်တို့ဘက်က ဆယ်ယောက်ကျော်ကျတယ်”
တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရာရသူတွေကို ကားသုံးစီးနဲ့ ဟားခါးမြို့ဘက် ပြန်သယ်သွားတာတွေ့ရတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။
ထန်တလန်မြို့မှာ စစ်ကောင်စီတပ်သား အင်အား ၁၅၀ ကနေနှစ်ရာခန့် တပ်စွဲထားပြီး တပ်စခန်းထဲအပြင် မြို့တွင်းမှာပါ တပ်ဖြန့်ထားတာကြောင့် အဲဒီနေရာတွေကို တိုက်ခိုက်ခဲ့တာလို့ ချင်းဒေသကာကွယ်ရေး ပူးပေါင်းကော်မတီ (CJDC) အထွေထွေ အတွင်းရေးမှူး ဆလိုင်းတီမီထွဋ်က RFA ကို ပြောပါတယ်။
“စစ်ကောင်စီကလည်း သူတို့ တပ်ကုန်းထဲပဲမနေဘူး မြို့တွင်းမှာလည်း တပ်ဖြန့်ထား တာရှိတယ်။ မြို့တွင်းထဲမှာပဲ တိုက်ပွဲဖြစ်တယ်။ မနေ့ညအထိ ၁၃ ဦးကျသွားတယ်”
သေဆုံးသွားသူတွေဟာ အသက် ၁၈ နှစ်ကနေ ၂၅ အကြား လူငယ်တွေဖြစ်တာကြောင့် တိုင်းပြည်အတွက် နစ်နာတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) စီမံအရာရှိ ဆလိုင်းမန်ဟရဲလျန်က RFA ကို ပြောပါတယ်။
“လူငယ်တွေက ဒီလိုအသက်တွေပေးပြီးတော့ တစ်နေ့ပြီးတစ်နေ့ တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ တိုင်းပြည်အနာဂတ်၊ ကျွန်တော်တို့ရဲ့ အနာဂတ်တွေ အများကြီးဆုံးရှုံးတယ်လို့ ပြောချင်တယ်။ မြန်မာနိုင်ငံ အနာဂတ်၊ ချင်းလူမျိုးတွေရဲ့ အနာဂတ်အတွက်လည်း တကယ်တမ်း တွေးကြည့်မယ် ဆိုရင် နိုင်ငံအတွက်၊ လူမျိုးအတွက် နစ်နာတယ်လို့ ပြောချင်ပါတယ်”
ဩဂုတ်လ ၁၄ ရက်နေ့ကလည်း ထန်တလန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဟောင်ကာဘုံး စခန်းကို CNA နဲ့ ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး နှစ်ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ချင်းဒေသ ကာကွယ်ရေးပူးပေါင်းကော်မတီ (CJDC) က ပြုစုထားတဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကနေ အခု ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ချင်းပြည်နယ်မှာ CNF အပါအဝင် ချင်းတော်လှန်ရေးတပ်သား စုစုပေါင်း ၂၄၄ ဦးသေဆုံးခဲ့ပြီ ဖြစ်ပါတယ်။