ထိုင်းရောက် မြန်မာတွေ တော်လှန်ရေးအတွက် လစဉ်ထောက်ပံ့နေ
2022.12.05

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ကားနဲ့ နာရီအနည်းငယ်သွားရတဲ့ ဒေသတစ်ခုမှာ မြန်မာနိုင်ငံတွင်းက စစ်ဘေးရှောင်နဲ့ ဒီမိုကရေစီပြန်လည်ရရှိရေးတိုက်ပွဲဝင်နေသူတွေထံ စားနပ်ရိက္ခာတွေ ပို့ပေးဖို့အတွက် လူငယ်တွေ ချက်ပြုတ်ကြော်လှော်နေတဲ့ နေရာတစ်ခုကို RFA က ဒီရက်ပိုင်းအတွင်း ရောက်ရှိခဲ့ပါတယ်။
အဲဒီလူငယ် ၅ဝ ခန့်ထဲမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပြီးနောက် ဖမ်းဆီးသတ်ဖြတ်မှုအန္တရာယ်က ထွက်ပြေးလာသူတွေနဲ့ ထိုင်းနိုင်ငံကို နှစ်ပေါင်းများစွာကတည်းက ရောက်ရှိနေသူတွေပါဝင်ပါတယ်။
လူငယ်တချို့က သူတို့ ညလုံးပေါက် ကြော်လှော်ချက်ပြုတ်နေခဲ့ကြတယ်လို့ ပြောပါတယ်။
မေး။ ။ဘယ်အချိန်ကတည်းက စပြီးလုပ်နေတာလဲခင်ဗျ။
ဖြေ။ ။ ညကတည်းက တစ်ညလုံးလုပ်နေတာ။ မအိပ်ရသေးတဲ့သူတွေ ဒီထဲမှာ ခုနစ်ယောက်လောက်ရှိတယ်။”
သူတို့အထဲက ၃၄ လို့ အမည်ဝှက်ပေးထားတဲ့ ခေါင်းဆောင်တစ်ဦးက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံရောက်မြန်မာတွေစုစည်းပြီး ဒီလှုပ်ရှားမှုကို စတင်ခဲ့တယ်လို့ RFA ကိုပြောပါတယ်။
“ကျွန်တော်တို့တတွေက ဒုက္ခသည်တွေ စစ်ဘေးရှောင်တွေ လက်ရှိပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးသူရဲကောင်းတွေ သူတို့အတွက်ကို ရည်ရွယ်ပြီးလှော်ပေးတာပါ။ အားလုံးပေါင်း ကီလိုချိန် ၅၀၀ လောက်ရှိပါတယ်။ ဒီလိုပဲ ရိက္ခာတွေ လိုအပ်ရင်လိုအပ်သလိုပို့လာတာ အခေါက် ၅ဝ ရှိပါပြီ။”
မြန်မာပြည်ကို စွန့်ခွာခဲ့ရပေမယ့် ပြည်တွင်းမှာ ဒီမိုကရေစီပြန်လည်ရရှိရေးတိုက်ပွဲဝင်နေသူတွေကို မိမိတို့ဝင်ငွေ တစ်စိတ်တစ်ပိုင်းလှူဒါန်းရင်း အားလပ်ရက်မှာ အနားမယူဘဲ အခုလိုစုဝေးလာရောက်ကူညီနေသူတွေထဲမှာ အမျိုးသမီးငယ်တွေလည်းပါဝင်ပါတယ်။
“မေး။ ။ ဗမာပြည်ဘယ်နေရာက လာကြတာတွေလဲ။
ဖြေ။ ။ ပဲခူးလည်းပါတယ် ကရင်ပြည်နယ် ရန်ကုန်။ …………..”
တော်လှန်ရေးသီချင်းသံတွေ ပျံ့လွင့်နေတဲ့ အဲဒီစုရပ်ကို တခြားထောက်ပို့ရေးအဖွဲ့တွေလည်း တဖွဲဖွဲ ထပ်မံရောက်ရှိလာခဲ့ပါတယ်။
နောက်ထပ်ရောက်ရှိလာတဲ့အဖွဲ့တွေထဲမှာ ခေါင်းဆောင်တစ်ဦးက ကိုမောင်နိုင် ဆိုသူပါ။ ကျပ်သိန်းပေါင်း ရာနဲ့ချီပြီး တန်ဖိုးရှိတဲ့ စားနပ်ရိက္ခာတွေကို သူတို့လှူဒါန်းခဲ့ပြီးပြီလို့ သူက ပြောပါတယ်။
“မေး။ ။ ပြောပြပါဦး။ ဒီလှုပ်ရှားမှုတွေမှာ ဘယ်လိုသဘောမျိုးနဲ့ပါဝင်နေတာပါလဲ။
ဖြေ။ ။ ကျွန်တော်ကတော့ ရှင်းရှင်းပြောပြမယ်။ကျနော်က ဒီစစ်အာဏာရှင်အောက်မှာ လုံးဝမခံယူချင်ဘူး။ ကျွန်တော်တို့က ဒီအဖွဲ့တွေကို တည်ထောင်ပြီး လုပ်ဆောင်ခဲ့ပါတယ်”
၃၄ လို့ အမည်ဝှက်ပေးထားသူက ကျပ်သိန်းပေါင်းသုံးထောင်ကျော်ဖိုး တန်ဖိုးရှိတဲ့ ရိက္ခာတွေကို သူတို့လှူဒါန်းခဲ့ပြီးပါပြီ။ နောက်လည်း စစ်အာဏာရှင်တွေ မပြုတ်မချင်း ဆက်လက်ပေးပို့မယ်လို့ ပြောပါတယ်။
“မေး။ ။ ဒီတော်လှန်ရေးအတွက် ဘယ်လောက်လောက်ထိ ကူညီနိုင်ခဲ့ပြီလဲ။
ဖြေ။ ။ သိန်း သုံးထောင်ကျော်သွားပြီ။ စတင်ဖွဲ့စည်းကတည်းကနေ ကျွန်တော်တို့ TTYM အဖွဲ့ခွဲတွေနဲ့ အားလုံးပေါင်းစည်းပြီး စာရင်းချုပ်လိုက်မယ်ဆိုရင် သိန်းသုံးထောင်ကျော်နေပါပြီ ခင်ဗျ။ လက်ရှိကိုလည်း တတ်နိုင်သလောက် NUG နဲ့ ချိတ်ဆက်ပြီး ပူးပေါင်းလုပ်ဆောင်နေပါတယ်။ တကယ် NUG လက်လှမ်းမမှီတဲ့နေရာတွေကို အဓိကထားပြီး ပို့ဆောင်နေပါတယ်”

အဲဒီနေ့က လာရောက်ပူးပေါင်းတဲ့ အဖွဲ့ ၁၅ ဖွဲ့ရှိပါတယ်။ အဖွဲ့ခွဲခေါင်းဆောင် နှစ်ဦးက အခုလိုလစဉ်ပါဝင်မယ့် တခြားအဖွဲ့အစည်းများစွာရှိသေးတဲ့အတွက် သူတို့စည်းရုံးဖို့လိုတယ်လို့ နှိုးဆော်စကားပြောပါတယ်။
“လစဉ်လတိုင်းကို ဒီထောက်ပို့ကိစ္စနဲ့ ထိုင်းနယ်မြေနဲ့ ထိစပ်နေတဲ့ PDF တွေအတွက်ကို ရိက္ခာကြော်လှော်မှာဖြစ်တယ်။ အဖွဲ့အစည်းက ဒီထဲမှာ ပါဝင်ထားတာ အားလုံး ၁၅ ဖွဲ့ရှိတယ်။ ၁၅ ဖွဲ့ထဲမှာ ငါးထောင်သော်လည်းကောင်း၊ တစ်သောင်းသော်လည်းကောင်း၊ ကျွန်တော်တို့တွေ ခွဲတမ်းနဲ့ သွားပြီး အစီအစဉ်လုပ်မယ် အားလုံးသဘောတူလား။ တူပါတယ်။ သဘောတူတယ်ဆိုရင် နောက်လစဉ် လစဉ်ကို ကျွန်တော်တို့ ဒီလိုကြော်လှော်မယ့်ရက်ကို ဒီကနေ New Power Generation က သတ်မှတ်ပေးလိုက်မယ်။ ရိက္ခာဝယ်တာတို့၊ ပြုတာတို့ အကုန်လုံးကို New Power Generation ကနေ ဒီစာရင်းတွေကို ကိုင်တွယ်မှာဖြစ်တယ်။ ကိုင်တွယ်ပြီးတော့ အားလုံးကိုလည်း ချပြမယ်။ ဒီဥစ္စာတွေ ပို့ဆောင်မှာကလည်း တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ပြည်သူ့ကာကွယ်ရေးတပ် အဲ့ကိုတစ်ခါတည်း ပို့မှာ။ အဲ့ဒီကနေပြီး အောက်မှာရှိတဲ့ Local ၁၃ ခုကို ဖြန့်ပြီးတော့ ဒီရိက္ခာကို ပေးမှာ ဒါကို လစဉ်လုပ်ချင်လို့ ဒီလိုမျိုး ခေါ်ပြီး လုပ်တာ။ ပါဝင်မယ့် တခြားအဖွဲ့အစည်းတွေကိုလည်း ဆွဲခေါ်လို့ရရင် ဆွဲခေါ်ပေးပါလို့။ အားလုံးလည်း ပါဝင်မယ်ဆိုရင် တစ်ဖွဲ့တစ်ဖွဲ့ကို ဘယ်လောက်မှ မကျဘူး။ ငါးထောင် သို့မဟုတ် တစ်သောင်း ဒီလောက်ပဲရှိတယ်။ ရိက္ခာအနေအထားပေါ်ကြည့်ပြီး လုပ်သွားမှာပေါ့နော်။ ကျွန်တော်တို့ စိစစ်ပြီးတော့ ဒီတော်လှန်ရေးပွဲမှာ ပါဝင်နိုင်ဖို့ကိုလည်း အားလုံးကူညီထောက်ပံ့ကြဖို့ကိုလည်း မေတ္တာရပ်ခံပါတယ်။ အရေးတော်ပုံအောင်ရမည်”
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ခြောက်သိန်းခန့်ရှိတယ်လို့ အဖွဲ့အစည်းတချို့က ပြောပေမယ့် အဲဒီဦးရေဟာ စစ်တပ်အာဏာမသိမ်းမီက ဖြစ်ပြီး နေ့စဉ်ပြေးဝင်လာသူထောင်နဲ့ချီရှိတဲ့အတွက် လက်ရှိ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားအရေအတွက်ဟာ တစ်သန်းကျော်ရှိနိုင်တယ်လို့ အလုပ်သမားခေါင်းဆောင်တွေက ပြောပါတယ်။