ထိုင်းမှာ အထောက်အထားမဲ့မြန်မာတွေ ခြိမ်းခြောက်ငွေညှစ်ခံနေရ

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.02.07
ထိုင်းမှာ အထောက်အထားမဲ့မြန်မာတွေ ခြိမ်းခြောက်ငွေညှစ်ခံနေရ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းက ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံလာကြသူများ။
AFP

စစ်ရေးပဋိပက္ခနဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးခိုလှုံနေကြတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းရဲတွေရဲ့အဖမ်းအဆီးခံရမှာကို အချိန်ပြည့်ကြောက်ရွံ့နေကြရပါတယ်။ ထိုင်းရဲတွေ ဖမ်းဆီးခံရရင် မြန်မာနိုင်ငံကို ပြန်ပို့ဖို့ ခြိမ်းခြောက်တာခံရပြီး၊ ငွေပေးမှ ပြန်လွှတ်ပေးတယ်လို့ ဖမ်းဆီးခံရသူတွေက ပြောပါတယ်။ ထိုင်းအစိုးရကတော့ ဒီလို ဖြစ်ရပ်တွေမရှိကြောင်း အစပိုင်းမှာ ငြင်းဆိုထားပေမယ့် နောက်ပိုင်းမှာတော့ စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောနေပါတယ်။

မြန်မာနိုင်ငံသား နိုင်ငံရေးလှုပ်ရှားသူနှစ်ဦးဖြစ်တဲ့ ကိုမင်းသူရနဲ့မချယ်ရီတို့ဟာ ပြီးခဲ့တဲ့နှစ်က ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့မှာ အပြင်သွားနေစဉ်မှာ ထိုင်းရဲတွေ ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။

အဲဒီနောက် သူတို့နှစ်ယောက်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာတွေအတွက် အကြောက်ဆုံးအဖြစ်ဆိုးကို ကြုံရပါတော့တယ်။

သူတို့နှစ်ယောက် ဖမ်းဆီးခံရစဉ်မှာ တရားဝင် စာရွက်စာတမ်းတွေ မရှိတဲ့အတွက် ပြန်လွတ်ဖို့ ထိုင်းရဲတွေကို လာဘ်ထိုးပြီး တော်တော်ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတာပါ။

“ကျွန်မတို့ကို ပြန်လွှတ်ပေးဖို့ တောင်းတောင်းပန်ပန်နဲ့ ပြောပါတယ်။ ဒါပေမယ့် လက်မခံပါဘူး။ သူတို့ကို ငွေပေးရင်ပေး၊ မပေးရင် မြန်မာနိုင်ငံကို ပြန်ပို့မယ်လုပ်ပါတယ်”လို့ လုံခြုံရေးအတွက် အမည်လွှဲပေးထားတဲ့ မချယ်ရီက RFA ကိုပြောပါတယ်။

မချယ်ရီနဲ့ကိုမင်းသူရတို့ နှစ်ဦးဟာ မဲဆောက်မြို့အကျဉ်းထောင်ထဲမှာ နေရတဲ့ သုံးရက်အတွင်းမှာ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ အသိမိတ်ဆွေတွေကို လှမ်းဆက်သွယ်ပြီး ရဲတွေကို လာဘ်ထိုးဖို့ အမေရိကန်ဒေါ်လာ ၃ဝဝ လောက်နဲ့ညီတဲ့ ဘတ် တစ်သောင်း လောက်ကို ချေးငှားဖို့ အသည်းအသန်ကြိုးစားရပါတော့တယ်။ သူတို့ဟာ ထိုင်းအကျဉ်းထောင်ထဲမှာ ဖုန်းခေါ်ဆိုမှုတိုင်းအတွက် ထိုင်းရဲတွေကို ဘတ် ၃ဝဝ ပေးရတယ်လို့လည်း မချယ်ရီက ပြောပါတယ်။

ထိုင်းရဲတွေကို ဘတ်တစ်သောင်း ပေးလိုက်မှ သူတို့ကို ပြန်လွှတ်ဖို့ စာရွက်စာတမ်းတွေ စီစဉ်ပေးတယ်လို့ ပြောပါတယ်။

မချယ်ရီဟာ အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှုတွေထဲမှာ ပါဝင်ခဲ့တဲ့အတွက် ထောင်ထဲမှာ ခုနစ်လလောက် ထောင်ကျခံခဲ့ရတဲ့နောက် ထိုင်းနိုင်ငံမှာ ခိုလှုံနေခဲ့တာပါ။

image.jpg
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ထိုင်းနယ်စပ်တစ်နေရာမှ တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများအား ထိုင်းစစ်တပ်တာဝန်ရှိသူတစ်ဦးက စစ်ဆေးမေးမြန်းနေစဉ်။ (Photo: armyprcenter/ Facebook)

မချယ်ရီတို့ရဲ့ အဖြစ်အပျက်ဟာ ထူးခြားဖြစ်စဉ်တော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခနဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဥပဒေကြောင်းအရ မဆုံးနိုင်တဲ့ ပြဿနာတွေ ရင်ဆိုင်ကြရပြီး ကြေးကြီးကြီး ပေးဆပ်နေရပါတယ်။

စစ်တပ်က အာဏာမသိမ်းခင်က တစ်ရက်ကို မြန်မာနိုင်ငံသား ၁၀၀လောက် ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်နေခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ ထိုင်းဘက်ကို ဝင်ရောက်လာတဲ့ မြန်မာအရေအတွက် တစ်ရက်ကို နှစ်ထောင်လောက်အထိ တိုးလာတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အကူအညီအပေးနေတဲ့ အဖွဲ့က ဦးအောင်ကျော်က RFA ကို ပြောပါတယ်။

ထိုင်းအစိုးရရဲ့ စာရင်းတွေအရတော့ ပြီးခဲ့တဲ့နှစ်မှာ ရွှေ့ပြောင်းလုပ်သား ၆ဝဝဝဝ လောက်ကို ဖမ်းဆီးခဲ့ပြီး ဒီအထဲက ၄၅ဝဝဝ လောက်ဟာ မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးလာကြသူတွေပါ။

ထိုင်းမှာ ဖမ်းဆီးခံရတဲ့ မြန်မာအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းလောက်ဟာ မြန်မာနိုင်ငံကို ပြန်ပို့ခံရတာ၊ ထောင်ဒဏ်ချမှတ်ခံရတာနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ကြုံခဲ့ရတယ်လို့ ထိုင်းရောက်မြန်မာတွေကို အကူအညီပေးနေတဲ့ ရခိုင်အလုပ်သမားများအဖွဲ့ AWO က ကိုနိုင်အောင်က ပြောပါတယ်။

2021-12-19T091303Z_1578143979_RC2FHR9TWKYF_RTRMADP_3_MYANMAR-POLITICS-THAILAND.JPG
၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းက ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာကြသူများအား ထိုင်းအစိုးရက နေရပ်ပြန်လည်ပို့ဆောင်ရန် ပြင်ဆင်နေစဉ်။ (Photo: Reuters)

ထိုင်းရောက် မြန်မာလုပ်သားတွေအတွက်တော့ ထိုင်းရဲတပ်ဖွဲ့က ငရဲပြည်လိုပါပဲ။ သူတို့အနေနဲ့ ရဲတွေဆီက အကူအညီမရဘဲ ငွေညှစ်တာပဲ ခံနေရပါတယ် လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံကနေ ဒုက္ခသည်အဖြစ် ထိုင်းဘက်ကို ထွက်ပြေးလာပြီး ထိုင်းရဲတွေရဲ့ ဖမ်းဆီးခံခဲ့ရသူအချို့ကို Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဆက်သွယ် စကားပြောခဲ့ရာမှာ အဲဒီလို ဖမ်းဆီးခံရပြီးတဲ့နောက် ထိုင်းရဲတွေက ခြိမ်းခြောက်ငွေညှစ်တာ ခံခဲ့ရတယ်လို့ အားလုံးက ပြောကြတဲ့အကြောင်း Fortify Rights အဖွဲ့က ပက်ထရစ် ဖုန်ဆာသုန်က ပြောပါတယ်။

ထိုင်းရဲတွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အတင်းအကြပ် ပြန်ပို့တာ၊ အပြစ်မရှိဘဲ ဖမ်းဆီးတာ၊ အကျဉ်းချထားတာနဲ့ ခြိမ်းခြောက်ငွေညှစ်တာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့အကြောင်း Fortify Rights အဖွဲ့က ထိုင်းအစိုးရကို ပြီးခဲ့တဲ့လက အထောက်အထားနဲ့ တင်ပြတိုင်ကြားခဲ့ရာမှာ မြန်မာဒုက္ခသည်တွေကို ပြုမူဆက်ဆံပုံနဲ့ပတ်သက်ပြီး ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကနေ စုံစမ်းစစ်ဆေးသွားမယ်လို့ အကြောင်းပြန်လာတဲ့အကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံသားတွေကို ခြိမ်းခြောက်ငွေညှစ်မှုတွေ ရှိနေတယ်ဆိုတာနဲ့ပတ်သက်ပြီး ထိုင်းရဲဌာနကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်လာတာ မရှိပါဘူး။

၂၀၂၂ ခုနှစ် ဧပြီလ ၂၀ ရက်က၊ အေပီသတင်းဌာနရဲ့ သတင်းတစ်ပုဒ်မှာတော့ ထိုင်းနိုင်ငံခြားရေးဌာနပြောခွင့်ရသူက အဲဒီလို ခြိမ်းခြောက်ငွေညှစ်မှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ ရှိတယ်ဆိုတာကို ငြင်းဆန်ခဲ့ပါတယ်။

ထိုင်းရောက် မြန်မာနိုင်ငံသားအချို့ကတော့ ထိုင်းရဲတွေရဲ့ ဖမ်းဆီးတာ မခံရဖို့ ‘ရဲကတ်’ လို့ ခေါ်ကြတဲ့ တရားမဝင်ကတ်ပြားတွေကို ပွဲစားတွေကနေတစ်ဆင့် ဝယ်ယူကြရပါတယ်။ ဒီရဲကတ်တွေဟာ ထိုင်းရဲတွေကို လိုင်းကြေးလို့ ခေါ်ကြတဲ့ လာဘ်ငွေပေးထားပြီး ဖြစ်ကြောင်း အထောက်အထားပြဖို့ သုံးတာဖြစ်ပြီး တစ်လကို ဘတ်ငွေ ၃၀၀ ကနေ ၃၅၀ လောက် ပေးဝယ်ကြရတယ်လို့ ရခိုင် အလုပ်သမားများအဖွဲ့ AWO ကပြောပါတယ်။

000_994487.jpg
၂ဝ၂၁ ခုနှစ် မေလ ၁ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မယ့်ဟောင်ဆောင်ပြည်နယ် စစ်ဆေးရေးဂိတ်တစ်ခုတွင် ထိုင်းစစ်သားတချို့က မေးမြန်းစစ်ဆေးနေစဉ်။ (Photo: AFP)

မချယ်ရီနဲ့ ကိုမင်းသူရတို့ ကတော့ အဲဒီ ရဲကတ်တွေကို လတိုင်းဝယ်ထားရပေမယ့် ထိုင်းရဲတွေ အဖမ်းအဆီးတာမခံရဖို့ အာမခံချက် မရှိဘူးလို့ ပြောပါတယ်။

အဲဒီကတ်ဆောင်ထားရင် ရဲအဖမ်းမခံရဘူးလို့ သိထားပေမယ့် တကယ်က မဟုတ်ပါဘူး။ ကျွန်မတို့ကို အဲဒီကတ်က အကာအကွယ်မပေးနိုင်ပါဘူး။ ကျွန်မတို့က ဒုက္ခသည်တွေပါ။ ဒါပေမယ့် မြန်မာနိုင်ငံသားတစ်ဦးအဖြစ်နဲ့ကော ထိုင်းကို တရားမဝင်ရောက်နေသူတစ်ဦးအနေနဲ့ရော လူသားတစ်ယောက်အနေနဲ့ပါ ဘာလူ့အခွင့်အရေးမှ မရှိပါဘူးလို့ မချယ်ရီက ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ကုလသမဂ္ဂရဲ့ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်း သဘောတူညီချက်ကို လက်မခံသေးတဲ့အတွက် နိုင်ငံတကာကလာတဲ့ ဒုက္ခသည်တွေရဲ့ လူ့အခွင့်အရေးအတွက် အကာအကွယ်မရှိဘဲ ဖြစ်နေတာလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံသားတွေ အဖမ်းအဆီးခံရတာ အနည်းဆုံး နှစ်ဆလောက် တိုးလာပြီး၊ ပြန်ပို့ခံရတာလည်း တိုးလာနေတယ်လို့ ထိုင်း NGO အဖွဲ့ ပညာရေးနဲ့တိုးတက်ရေး ဖောင်ဒေးရှင်းက ပြောပါတယ်။

မကြာခင်က ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတစ်စောင်မှာ ၂၀၂၂ ခုနှစ်အတွင်း တစ်လကို မြန်မာနိုင်ငံသား ငါးထောင်လောက်အထိ ပြန်လာနေကြပြီး၊ အများစုဟာ ပြန်ပို့ခံရတာလို့ ခန့်မှန်းထားပါတယ်။

ထိုင်းနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ ထင်ရှားတဲ့သူအချို့ဆိုရင် ထိုင်းရဲတွေရဲ့ ဖမ်းဆီးပြီးပြန်ပို့တာ မခံရဖို့ အမေရိကန်ဒေါ်လာ ၁၅၀၀ လောက်နဲ့ညီတဲ့ ဘတ်ငွေ ငါးသောင်းလောက်အထိ ပေးခဲ့ရတဲ့အကြောင်း၊ အချို့ဆိုရင် မြန်မာနိုင်ငံ နယ်စပ်ဂိတ်အထိ ပြန်ပို့ခံရတဲ့နောက် မြန်မာဘက်က အာဏာပိုင်တွေကို ကျပ်ငါးသိန်းလောက် လာဘ်ထိုးပြီး ပြန်လွတ်လာခဲ့တယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။

tt.jpg
၂ဝ၂၂ ခုနှစ် မေလဆန်းပိုင်းက ထိုင်းနိုင်ငံထဲသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသော မြန်မာနိုင်ငံသားများအား ဖမ်းဆီးမိစဉ်။ (Photo: Citizen Journalist)

ရခိုင်အလုပ်သမားများအဖွဲ့ဟာဆိုရင် အရင်က ထိုင်းလူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေနဲ့ လစဉ်သွားရောက်တွေ့ဆုံပြီး ထိုင်းရဲတွေ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို အကူအညီပေးဖို့နဲ့ မြန်မာနိုင်ငံကို ပြန်မပို့ဖို့ ဆောင်ရွက်နေခဲ့ရာက စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ ထိုင်းအာဏာပိုင်တွေဟာ သူတို့လို အဖွဲ့အစည်းတွေရဲ့ ပါဝင်မှုကို လက်မခံတော့ဘဲ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ပို့ဖို့ စစ်ကောင်စီအလိုကျ လုပ်ပေးလာတာ တွေ့ရတယ်လို့ ပြောပါတယ်။

မချယ်ရီရဲ့အမျိုးသား ကိုမင်းသူရဟာဆိုရင် ထိုင်းနိုင်ငံမှာရောက်နေတဲ့ အတောအတွင်းမှာ ထိုင်းရဲတွေရဲ့ မေးမြန်းစစ်ဆေးမှုကို အနည်းဆုံး ငါးကြိမ်လောက်ခံခဲ့ရပြီး အကြိမ်တိုင်းမှာ အဖမ်းမခံရဖို့ ဘတ်ငွေ ထောင်ဂဏန်းလောက် လာဘ်ထိုးခဲ့ရတယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့အတွက် မြန်မာနိုင်ငံမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေရှိနေပါတယ်။ ဒါကြောင့်လည်း ထိုင်းရဲတွေတောင်းတဲ့ ငွေကို မငြင်းရဲဘဲ ဆက်ပေးနေရတယ်လို့ ကိုမင်းသူရက ပြောပါတယ်။

ထိုင်းအစိုးရက အသက်အန္တရာယ် ကြုံရနိုင်တဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ပို့နေတာနဲ့ပတ်သက်ပြီး RFA က ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနကို အီးမေးလ်နဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။