မြန်မာပြည်အရေး အပြောင်းအလဲနဲ့ ထိုင်းအစိုးရသစ်
2023.05.17

ပြီးခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ အတိုက်အခံပါတီနှစ်ခုဖြစ်တဲ့ Move Forward ပါတီနဲ့ Pheu Thai ပါတီတို့က အမတ်နေရာ အများစု အနိုင်ရခဲ့ကြတဲ့သလို၊ ၂၀၁၄ ခုနှစ်ကတည်းက စစ်တပ်က အာဏာသိမ်းပြီးအုပ်ချုပ်နေတဲ့ ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာရဲ့ United Thai Nation party နဲ့ ထိုင်းကာကွယ်ရေးဝန်ကြီးဟောင်း ပရာဝစ် ဝေါင်ဆူဝမ် တို့ရဲ့ Palang Pracharath Party (PPP) တို့ကတော့ အမတ်နေရာ အနည်းစုပဲ အနိုင်ရခဲ့တာပါ။
အထူးသဖြင့် ဒီမိုကရေစီအရေးနဲ့ ပြုပြင်ပြောင်းလဲရေးကြွေးကြော်သံနဲ့တက်လာတဲ့ Move Forward ပါတီခေါင်းဆောင် ပီတ လင်ဂျာရွှန်ရက် Pita Limjaroenrat ဟာ အစိုးရသစ်ရဲ့ဝန်ကြီးချုပ်ဖြစ်လာဖို့ အလားအလာကောင်းနေပြီး၊ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် စစ်ကောင်စီကို အားပေးထောက်ခံနေတဲ့ အရင်ထိုင်းအစိုးရရဲ့ ရပ်တည်ချက်တွေကို ပြောင်းလဲပစ်မယ့်သူအဖြစ် ထိုင်းရောက် မြန်မာတွေက မျှော်လင့်နေကြပါတယ်။
Move forward ပါတီခေါင်းဆောင် ပီတ လင်ဂျာရွှန်ရက် က အမေရိကန်နိုင်ငံရဲ့ Burma Act ဥပဒေအရ အကူအညီပေးအပ်မယ့်အစီအစဉ်တွေအရ မြန်မာနဲ့ထိုင်းနှစ်နိုင်ငံအကြား လူသားချင်းစာနာမှုအကူအညီတွေ ပို့ဆောင်မယ့် စင်္ကြန်လမ်း humanitarian corridor တစ်ခု တည်ထောင်ဖို့ အဆိုပြုကြောင်း ပြောခဲ့ပါတယ်။
ထိုင်းရွေးကောက်ပွဲရလဒ်တွေ ကြေညာပြီးတဲ့နောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းတဲ့အခါ သူက စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကို ထည့်သွင်းပြောကြားခြင်း မရှိဘဲ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်ပေါ်လာအောင် လုပ်ဖို့ လိုအကြောင်း၊ မြန်မာပြည်သူတွေအနေနဲ့ ကိုယ့်ပြဿနာ ကိုယ်ရှင်းနိုင်ဖို့ လုံလောက်တဲ့ဖိအားနဲ့ မက်လုံးတွေ ပေးသွားမှာ ဖြစ်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ရင် ဘက်တစ်ဖက်ကို ဘက်လိုက်ရပ်တည်တာမျိုးမပြုဘဲ ဥပဒေစည်းမျဉ်းတွေကို အခြေခံတဲ့ နိုင်ငံခြားရေးမူဝါဒကို ဖော်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း ပြောသွားပါတယ်။
Move Forward ပါတီ ဦးဆောင်တဲ့ ထိုင်းအစိုးရသစ်ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒီမိုကရေစီ စံနှုန်းတွေအရ ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်လို့ ယူဆရတဲ့အကြောင်း စင်ကာပူနိုင်ငံ၊ အရှေ့တောင်အာရှရေးရာလေ့လာရေး အင်စတီကျု ISEAS- Yusof Institute က မေလ ၁၇ ရက်နေ့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ထိုင်း ဝန်ကြီးချုပ်ဟောင်း အဘီဆစ်က ပြောသွားပါတယ်။
“Move Forward ပါတီအနေနဲ့ မြန်မာနိုင်ငံအရေးမှာ ဘယ်ဘက်က ရပ်တည်မယ်ဆိုတာ ပြတ်ပြတ်သားသား ပြောထားတာ မရှိပေမယ့်၊ သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒကို ဒီမိုကရေစီစံနှုန်းတွေနဲ့ အညီ ရေးဆွဲသွားမယ်လို့ ပြောထားပါတယ်။ ဒါကြောင့် တရုတ်လို ဒီမိုကရေစီ မဟုတ်တဲ့ နိုင်ငံတွေအတွက် စိုးရိမ်ပူပန်စရာ ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ရင် နိုင်ငံတကာအနေနဲ့ရော၊ ထိုင်းနိုင်ငံအနေနဲ့ပါ လုပ်သင့်သလောက် မလုပ်သေးတဲ့အတွက် ကျွန်တော် တကယ်ပဲစိတ်ပျက်မိပါတယ်။ Move Forward ပါတီအနေနဲ့ ဒီမိုကရေစီကို အလေးထားမယ်လို့ ပြောထားတဲ့အတွက် မြန်မာနိုင်ငံအရေးအတွက် ပိုပြီး တက်တက်ကြွကြွ ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျန်တဲ့ပါတီတွေကတော့ ပိုပြီး လက်တွေ့ကျတဲ့ ရပ်တည်ချက်မျိုး ရှိကြပါတယ်။ မြန်မာနိုင်ငံနဲ့ရှည်လျားတဲ့ နယ်နိမိတ်နဲ့ ဆက်စပ်နေတဲ့အတွက် ဘာပဲဖြစ်ဖြစ် သတိကြီးကြီးထားပြီး စဉ်းစားဆုံးဖြတ်ဖို့ လိုတယ်လို့ ယူဆကြပါတယ်။ “
ပြီးခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ Move Forward ပါတီတစ်ခုကကလွဲပြီး အခြားနိုင်ငံရေးပါတီတွေဟာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ဘယ်လိုရပ်တည်ချက်ရှိတယ်ဆိုတာ မပြောဆိုဘဲ သတိထားရှောင်တိမ်းခဲ့ကြတဲ့အကြောင်းလည်း မစ္စတာ အဘီဆစ်က ပြောသွားပါတယ်။
ထိုင်းနိုင်ငံမှာ အင်္ဂလိပ်ဘာသာစကားနဲ့ထုတ်ဝေတဲ့ Thai Enquirer မဂ္ဂဇင်းရဲ့အကြီးတန်းအယ်ဒီတာ Enrich Parpart ကတော့ အသစ်ဖွဲ့စည်းမယ့် ထိုင်းအစိုးရသစ်မှာ နိုင်ငံခြားရေးဝန်ကြီးရာထူးကို ဘယ်ပါတီကယူမလဲဆိုတာ စောင့်ကြည့်ဖို့လိုတယ်လို့ သုံးသပ်ပါတယ်။
“လက်ရှိအချိန်မှာ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒကို စစ်တပ်က ကျောထောက်နောက်ခံ ပြုထားတဲ့ Palang Pracharat (PPP) ပါတီ ကနေ ထိန်းချုပ်ထားပါတယ်။ ထိုင်းအစိုးရသစ်ရဲ့မြန်မာ့အရေးရပ်တည်ချက် ဘယ်လောက်ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်လာမလဲဆိုတာ ဘယ်ပါတီက နိုင်ငံခြားရေးဝန်ကြီးရာထူး ရသွားသလဲဆိုတာအပေါ် မူတည်ပါတယ်။ အခုညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ ပြင်ဆင်နေတဲ့အထဲမှာ Pheu Thai ပါတီက နိုင်ငံခြားရေးဝန်ကြီးရာထူးကို ယူဖို့ လိုလားနေပါတယ်။ Pheu Thai ပါတီက နိုင်ငံတကာမှာ ထိုင်းပတ်စ်ပို့ရဲ့ပေါက်ရောက်မှု စွမ်းအားကို တိုးမြှင့်ပေးမယ်လို့ ရွေးကောက်ပွဲကာလအတွင်းမှာ ကတိပေးထားတာ ရှိတဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနကို ထိန်းချုပ်နိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ စစ်ပြေးဒုက္ခသည်တွေ ဝင်ရောက်မှုဟာ ထိုင်းနိုင်ငံအတွက် အရေးကြီးတဲ့ပြဿနာပါတယ်။ ဒါကြောင့် Move Forward နဲ့ Pheu Thai ပါတီနှစ်ခု ညှိနှိုင်းနိုင်မယ်ဆိုရင် ထိုင်း-မြန်မာ နယ်စပ်တလျှောက်က ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်မယ့် စင်္ကြံလမ်းအစီအစဉ် အကောင်အထည် ပေါ်လာနိုင်ပါတယ်“

ထိုင်းနဲ့ မြန်မာနိုင်ငံတွေက အတိုက်အခံ နိုင်ငံရေးလှုပ်ရှားမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ ဒီမိုကရေစီအရေးနဲ့ မြန်မာ့အရေး အကြံပေး Philip Annawitt ကတော့ ထိုင်းအစိုးရသစ်ဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အကန့်အသတ်နဲ့သာ ပြောင်းလဲနိုင်လိမ့်မယ်လို့ သုံသပ်ပါတယ်။
“Move Forward ပါတီဟာ စစ်တပ်က ခန့်အပ်ထားတဲ့ လွှတ်တော်အမတ်အချို့ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့အတွက် သူတို့အပေါ် မကျေနပ်ချက်တွေ ရှိနေပါတယ်။ ညွှန့်ပေါင်းအစိုးရဖွဲ့နိုင်ဖို့အတွက်ဆိုရင် ထိုင်းစစ်တပ်နဲ့ အပေးအယူလုပ်နိုင်ဖို့ လိုသလို၊ ဒီ အမတ်တွေနဲ့လည်း ဆက်ဆံရေးပြေလည်အောင် လုပ်ဖို့လိုပါလိမ့်မယ်။ အပေးအယူအလျှော့အတင်း လုပ်ရမယ်ဆိုရင် သူတို့ ပြောထားတဲ့အတိုင်း လုပ်ဖို့ အခက်အခဲရှိနိုင်ပါတယ်။ လက်ရှိ ထိုင်းစစ်အစိုးရက မြန်မာစစ်ကောင်စီကို ပြောင်ပြောင်တင်းတင်း ထောက်ခံနေတဲ့ ရပ်တည်ချက်ကနေ၊ အစိုးရသစ်လက်ထက်မှာ ၁၈၀ ဒီဂရီ နောက်ပြန်လှည့်သလို ချက်ချင်း ပြောင်းလဲသွားမယ်လို့ မထင်ပါဘူး။ သူတို့ပြောသလို မြန်မာနိုင်ငံဘက်က လွတ်မြောက်နယ်မြေတွေဆီကို လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့ဖို့ စင်္ကြန်လမ်း ဖန်တီးဖို့ဆိုတာလည်း တကယ်အကောင်အထည်ပေါ်လာဖို့ မလွယ်ဘူးလို့ ထင်ပါတယ်။ လက်တွေ့ကျတဲ့ ဖြစ်နိုင်ခြေက ထိုင်းအစိုးရ သစ်လက်ထက်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ပိုပြီး သမာသမတ်ကျတဲ့၊ Neutral ဖြစ်တဲ့ ပုံစံ ဖြစ်လာတာမျိုးပါ။ ထိုင်းအစိုးရသစ်လက်ထက်မှာ အရင်လို စစ်ကောင်စီကို ထောက်ခံကြောင်း ပြောင်ပြောင်တင်းတင်း မပြတော့တာမျိုး ဖြစ်လာနိုင်ပါတယ်။ ယေဘုယျအားဖြင့် နယ်စပ်က စစ်ပြေးဒုက္ခသည်တွေနဲ့ ထိုင်းရောက် မြန်မာတွေ အားလုံးအတွက် အရင်ကထက် အခြေအနေပိုကောင်းလာနိုင်ပါတယ်။ မြန်မာစစ်ကောင်စီနဲ့ ပူးပေါင်းပြီး၊ အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူတွေကို ပြန်ပို့တာမျိုး လုပ်မှာမဟုတ်တော့ပါဘူး။ ဒီလိုမျိူး အပြောင်းအလဲအချို့အပြင် ပိုပြီး မျှော်လင့်လို့ မရနိုင်ပါဘူး။”
မြန်မာနိုင်ငံအကျပ်အတည်းနဲ့ ပတ်သက်လာရင် အာဆီယံရဲ့ဘုံသဘောတူညီချက်နဲ့ အမေရိကန်အစိုးရရဲ့ Burma Acts ဥပဒေပါ ပြဋ္ဌာန်းချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးနေပါတယ်။ ဒါ့အပြင် မြန်မာ စစ်ကောင်စီရဲ့ အဓိက ဝင်ငွေရင်းမြစ်ဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ Total နဲ့ Chevron ကုမ္ပဏီတွေ ထွက်ခွာသွားတဲ့နောက်၊ ထိုင်းနိုင်ငံပိုင် PTTEP က လွှဲပြောင်းရယူပြီး ဆက်လက်လုပ်ကိုင်နေတဲ့အတွက်၊ နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေ ထိရောက်ဖို့အတွက်လည်း ထိုင်းနိုင်ငံအပေါ် မူတည်နေတာ ဖြစ်ပါတယ်။