ထိုင်းမှာ MOU သက်တမ်းကုန်သူတွေကို ခြောက်လ သက်တမ်းတိုးပေးမည်
2022.02.03

ထိုင်းနိုင်ငံထဲမှာ လေးနှစ်သက်တမ်းကုန်ဆုံးနေတဲ့ နားလည်မှုစာချွန်လွာ(MOU) နဲ့ အလုပ်လုပ်နေသူ ရွှေ့ပြောင်းအလုပ်သမားတွေကို ၂၀၂၂ ခုနှစ်အတွင်း နောက်ထပ် ခြောက်လ သက်တမ်း တိုးပေးလိုက်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ဒီလိုသက်တမ်းတိုးပေးတာဟာ အလုပ်သမားရှားပါးမှု ပြေလည်စေဖို့နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် မှီခိုနေရတဲ့ စီးပွားရေးလုပ်ငန်းတွေ ကိုဗစ်အရေးပေါ်ကာလအတွင်း အဆင်ပြေပြေလည်ပတ်နိုင်ဖို့ ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ မူဝါဒရေးရာကော်မတီအစည်းအဝေး အပြီးမှာ ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် Boonchob Suttamanaswong ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒီကနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ စာရင်းတွေအရ ထိုင်းနိုင်ငံမှာ MOU နဲ့ အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမား ၃၂၀၀၀၀ ( ၃ သိန်း ၂ သောင်းကျော်) ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ပညာရေးနဲ့ ဖွဲ့ဖြိုးတိုးတက်ရေးအဖွဲ့ (FED)က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။
“တိုးပေးဖို့အတွက် ထိုင်းကတော့ ညှိနှိုင်းနေတယ်ဆိုတာ သိရတယ်။ သက်တမ်းတိုးပေးတဲ့ ၆ လအတွင်းမှာ နေလို့ရမယ်လို့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ထုတ်ပြန်ကြေညာတယ်။ လောလောဆယ် သူတို့ဆီမှာ လုပ်သားလိုအပ်ချက်ကို ဖြေရှင်းဖို့ တကယ်တော့ လေးနှစ်ပြည့်ပြီးတဲ့ MOU အလုပ်သမားက သူရဲ့ နေရပ်တိုင်းပြည်ကို ပြန်ပြီးတော့ အသစ်ပြန်ပြီးတော့ သက်တမ်းတိုးရတယ်လေ။ အဲဒီလိုလုပ်မယ်ဆိုရင် နယ်စပ်တွေ ပိတ်ထားတော့ အဆင်မပြေဘူး။ အဲဒါကြောင့် အခုလိုမျိုးစီစဉ်တယ်လို့ပြောတာပဲ”
ပုံမှန်အားဖြင့် MOU အလုပ်သမားတွေဟာ ၂ နှစ်ပြည့်ပြီး နောက်ထပ် ၂ နှစ် သက်တမ်းတိုးရပါတယ်။ ၄ နှစ်ပြည့် သွားရင် မိခင်နိုင်ငံကို ပြန်ပြီး သက်တမ်းအသစ်နဲ့ ပြန်လာရတာ ဖြစ်ပေမဲ့ ထိုင်းအစိုးရအနေနဲ့ အတွေ့အကြုံရှိ ပြီးသား အလုပ်သမားတွေကို အသုံးပြုနိုင်ဖို့ အခုလို စီစဉ်တာဖြစ်တယ်လို့ ဦးမင်းဦးက ပြောပါတယ်။
မြန်မာအလုပ်သမား ကိုသက်နိုင်ထွန်းကတော့ အခုလိုသက်တမ်းပြန်တိုးပေးမယ်ဆိုတာ ကြိုတင်မသိဘဲ လာမယ့် မတ်လမှာ ၄ နှစ် သက်တမ်း ကုန်တော့မှာ ဖြစ်လို့ MOU ကနေ ပန်းရောင်ကတ်ကို ပြောင်းလဲလိုက်တယ်လို့ ပြောပါတယ်။
“၂၀၁၈ က MOU နဲ့ တက်လာတဲ့သူတွေ အများကြီးရှိတယ်လေ။ အဲဒီထဲကမှ နှစ်ပြည့်သွားတော့ သူဌေးက နှစ်ပြည့်ပြီ။ မင်းတို့ နှစ်လလောက် အကြိုကတည်းက ပန်းရောင်ကတ် လုပ်ရမယ်။ နောက်ထပ် ၂ နှစ်ဆိုတော့ တချို့လူ တွေကျတော့လည်း မလုပ်ဘူး။ တချို့လူတွေကျတော့လည်း ကြောက်လန့်ပြီးတော့ နေမရဘူး။ သူဌေးက အဲလိုပြောတော့ နားမလည်ကြတော့ လုပ်ရတာပေါ့။ ကျနော်တို့ အလုပ်သမားတွေ နောက်ထပ် ခြောက်လ တိုးပေးမယ် ဆိုတော့ တကယ်သိခဲ့ရင်ပေါ့နော်။ ပန်းရောင်ကတ် ထပ်လုပ်မလဲ။ ဒီခြောက်လကိုပဲ စောင့်မှာပေါ့။ ခြောက်လဆိုရင် အများကြီး နစ်နာတာပေါ့။ ရှိသေးတဲ့ လူတွေအတွက်တော့ ဝမ်းသာစရာပေါ့”
အခုပြောင်းလုပ်လိုက်တဲ့ ၂ နှစ်သက်တမ်းရှိ ပန်းရောင်ကတ် လုပ်တဲ့အခါမှာ ဘတ်ငွေ ၁၂၀၀၀ ကုန်ကျမှာ ဖြစ်လို့ အခုဆိုရင် အလုပ်ရှင်ဘက်က တစ်လကို ဘတ်ငွေ ၁၅၀၀ ဖြတ်တာကို ခံနေရတယ်လို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုတွေ၊ ခရီးသွားလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ရွှေ့ပြောင်းလုပ်သား ရှစ်သိန်း အရေးပေါ်လိုအပ်နေပြီး တာခ့်ခရိုင် မဲဆောက်မြို့ကနေတဆင့် အလုပ်သမားတွေကို အမြန်ခေါ်ယူနိုင်ဖို့ ထိုင်းစက်မှုလက်မှု လုပ်ငန်းအဖွဲ့ချုပ် (FTI) က ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းအစိုးရကို တင်ပြခဲ့တာ ဖြစ်ပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကရင်ပြည်နယ်၊ မြဝတီမြို့တဖက်ကမ်း မဲဆောက်မြို့ အမှတ်-၂ ချစ်ကြည်ရေးတံတားကနေ ဝင်ခွင့်ပြုဖို့အတွက် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို တာ့ခ်ခရိုင်အစိုးရက မနေ့က တရားဝင် စာထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ စစ်ကောင်စီဘက်က ဘယ်နေ့ပို့မယ် ဆိုတာတော့ မသိရသေးဘူးလို့ ဦးမင်းဦးက ပြောပါတယ်။
ဇန်နဝါရီလထဲမှာပဲ ထိုင်းနိုင်ငံထဲက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သက်တမ်းကုန်နေတဲ့ မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ် အသစ်ထုတ်ပေးတဲ့ ရုံးတွေကို ဖွင့်လှစ်ပေးနေပြီ ဖြစ်ပါတယ်။ အဲဒီရုံးတွေကို ချင်းမိုင်၊ ရနောင်း၊ ချွန်ဘူရီ၊ စမွတ်ပရာကန်၊ စမွတ်ဆာခွန် စတဲ့ မြို့တွေမှာ ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။