လုပ်ငန်းခွင်နစ်နာမှုအတွက် လျော်ကြေးမရတဲ့ မြန်မာအလုပ်သမားတွေများနေ
2023.10.04
အခက်အခဲမျိုးစုံကြောင့် နေရပ်ကိုစွန့်ခွာပြီး ထိုင်းနိုင်ငံကိုရောက်လာကြတဲ့ မြန်မာနိုင်ငံသားတွေဟာ လုပ်ခလစာ မိမိတို့ တိုင်းပြည်ထက် ပိုရကြတာ မှန်ပေမဲ့ အမြဲတမ်းတော့ အဆင်ပြေနေကြတာ မဟုတ်ပါဘူး။
တိုင်းတစ်ပါးမှာ ဘာသာစကားမတူသူတွေကြားမှာ သူတို့ဘဝတွေက စိန်ခေါ်မှုတွေကို အမြဲရင်ဆိုင်နေကြရတာပါ။ အဲဒီဒုက္ခတွေထဲမှာ လုပ်ငန်းခွင်မှာ ဒဏ်ရာရတဲ့အခါ တချို့ အလုပ်ရှင်က တာဝန်မယူတဲ့အပြင် ထိုက်သင့်တဲ့လျော်ကြေးမပေးတဲ့ ပြဿနာကိုလည်း မကြာခဏ ကြားသိတွေ့မြင်ရပါတယ်။
လတ်တလောအဖြစ်အပျက်တစ်ခုကတော့ ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်ကိုင်ရင်း ငြမ်းပေါ်ကပြုတ်ကျပြီး အပြင်းအထန် ဒဏ်ရာရခဲ့တဲ့ မသဲဦးငယ်ရဲ့ဘဝအခြေအနေပါ။ သူ ထိုင်းနိုင်ငံကို ရောက်လာတာ တစ်နှစ်ကျော်ပဲ ရှိပါသေးတယ်၊ အလုပ်မှာ ဒဏ်ရာရတာကို ဆေးကုသဖို့အတွက် အလုပ်ရှင်က သူ့ဆီက ငွေပြန်တောင်းပြီး ငွေပေးပြီးတော့လည်း ဆေးကုမပေးခဲ့ပါဘူး။
“ငြမ်းပေါ်ကပြုတ်ကျတာ အိမ်နှစ်ထပ်လောက်အမြင့်က။ ပေါင်လဲကျိုးတယ်။ ခါးလဲကျိုးတယ်။ သုံးလလောက်ပဲ ရှိသေးတယ်၊ အလုပ်ရှင်က ပေါင်ပဲ ကုပေးတယ်။ ခါးမကုပေးဘူး သူက ပိုက်ဆံမပြည့်လို့တဲ့။ ခါးကုပေးမယ် ဘတ် လေးသောင်းပေးရမယ်တဲ့။ အရင် နှစ်သောင်းတောင်းတာ ရွာကနေ လွှဲခိုင်းပြီး ပေးတော့ မရသေးဘူး နောက်ထပ် နှစ်သောင်းပေးတဲ့၊ လေးသောင်းပေးလိုက်တော့လဲ မကုပေးဘူး”
အလုပ်ရှင်က သူ့ဆီက ငွေယူပြီး ဆေးမကုပေးဘဲ ဆေးရုံက ဆင်းခိုင်းတဲ့အပြင် သူ့ရဲ့တရားဝင်အလုပ်လုပ်ကိုင်ခွင့် ကတ်ပြားကိုလည်း ပြန်မပေးဘူးလို့ မသဲဦးငယ်က ပြောပါတယ်။
သူ့လိုပဲ လုပ်ငန်းခွင်မှာ ဒဏ်ရာရပြီး ကိုယ်ခန္ဓာမလှုပ်ရှားနိုင်ဖြစ်ခဲ့ရသူ တစ်ဦးက ကိုရဲသူပါ။ သူက ကိုဗစ်မဖြစ်ခင်ကာလလေးမှ ထိုင်းနိုင်ငံကို ရောက်လာခဲ့ပြီး ကားပြင်စက်ရုံမှာ အလုပ်လုပ်နေတာပါ။ ပြီးခဲ့တဲ့နှစ်က လုပ်ငန်းခွင်တွင်း မတော်တဆဖြစ်ပြီး ဒဏ်ရာအပြင်းအထန်ရပြီးနောက် အလုပ်ရှင်က သူ့ကိုဆက်လက်မထောက်ပံ့လိုတဲ့အတွက် မြန်မာပြည်ပြန်ဖို့ ဖိအားပေးခံခဲ့ရသူပါ။
“ခြောက်ဘီးကားအောက်မှာ ကားပြင်နေတာ ဆီပေါက်လို့ ကားပြင်နေတာ၊ အဲဒါ သူဌေးက ဘာမပြောညာမပြောနဲ့ ကားကို တက်မောင်းချလိုက်တာ၊ အဲဒီ ခြောက်ဘီးကားအောက် ပါသွားတာ။ ခါးကျိုးသွားတယ် လက်ကျိုးသွားတယ် ခေါင်းကွဲချုပ်ရတယ် မျက်လုံးတစ်ဖက်ထိတယ် အခုမှ ပြန်မြင်ရတာ၊ သူဌေးက ဆေးတော့ အကုန်ကုပေးတယ်။ အိမ်ရောက်တော့ ကြာလာတော့ ထမင်းဖိုးကအစ မပေးချင်ဘူး။ ကျွန်တော်လုပ်တဲ့အလုပ်က စားရိတ်ငြိမ်း အလုပ်၊ သူက အိမ်ရောက်တော့ ကုန်ကျတာများတော့ ထမင်းစားရိတ် နှစ်ထောင်တောင် မပေးချင်တော့ဘူး။ ရေခ၊ မီးခ ဟိုလို တက်တယ် ဒီလိုတက်တယ်နဲ့ အကြောင်းပြချက်တွေ သူက ပြောလာတယ်၊ သူက မြန်မာပြည်ပြန်ပေါ့ သိန်းတစ်ရာပေးမယ်၊ ကျွန်တော်ပြောတယ် လျော်ကြေးမလိုချင်ဘူး ကျွန်တော့်ကို ပျောက်အောင်ဆေးကုပေးပါပေ့ါ၊ သူက မကုပေးချင်ဘူး။ ကျွန်တော့်ကို သူက ခြံထဲ မထားချင်တော့ဘူး။ အဲဒါနဲ့ ဒီကိုရောက်လာတာ”
ကိုရဲသူဟာ ခါးကျိုးတဲ့ဒဏ်ရာကြောင့် အခုထိ ခြေထောက် မလှုပ်ရှားနိုင်တော့ပါဘူး။
လုပ်ငန်းခွင်မှာ မတော်တဆဖြစ်လို့ ဒဏ်ရာရပြီး အချိန်မီဆေးကုသမှုမရလို့ ခြေထောက်ဖြတ်လိုက်ရတဲ့ အလုပ်သမားတစ်ဦးလည်း ရှိပါသေးတယ်။ သူက မန္တလေးတိုင်း ကျောက်ဆည်က မသန်းသန်းထွေး ပါ။ ထိုင်းနိုင်ငံ မဟာချိုင်ဘက်က ကျောက်ပြားစက်ရုံတစ်ခုမှာ သန့်ရှင်းရေးလုပ်ပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်ကာလ ၄ လပိုင်း ၁၉ ရက်နေ့က စက်ရုံမှာ ကျောက်ပြားတွေကိုသန့်ရှင်းရေးလုပ်နေစဉ် ကျောက်ပြားညပ်ပြီး ခြေတစ်ဖက်ဖြတ်လိုက်ရသူပါ။
“စပြီးအလုပ်လုပ်တုန်းက လူတွေများတယ်လေ အဲဒီတုန်းကတော့ အဆင်ပြေတယ်။ နောက်ပိုင်းကျတော့ လူတွေ တအားလျှော့ချတယ်၊ မနိုင်မနင်း ခိုင်းတယ် အလုပ်တွေကို။ မနိုင်မနင်းခိုင်းတဲ့အခါကျတော့ အလုပ်တွေကို တစ်ခုံဆင်း တစ်ခုံတက်လုပ်ရင်း ခြေထောက် ညပ်သွားတာ။ ကျိုးသွားတယ်။ ကျိုးသွားတာကို သူဌေးမကို ကုပေးပါဆိုတော့ ဖြစ်တဲ့နေ့ကစပြီးတင်တာ နှစ်ရက်ပဲတင်တယ်၊ လေးရက် အိမ်မှာထားတယ်။ အဲဒီ လေးရက်ထားတဲ့အခါကျတော့ ခြေထောက်က အိမ်မှာတင် အကြောတွေသေပြီး ပိုးလိုက်သွားတယ်။ အဲဒါနဲ့ ဘေးနားက ထားဝယ်မကြီးကို အကူအညီတောင်းပြီး ဆေးရုံတင်ခိုင်းရတယ်။ ဆေးရုံရောက်တော့ ခြေထောက်က ဘယ်လိုမှ မရဘူးတဲ့ ဖြတ်ရမယ်တဲ့၊ သူဌေးမက ဘာမှ တာဝန်မယူဘူး။ ဆေးရုံမှာ ရက် ၂ဝ တက်ရတယ်၊ ခြေထောက်ဖြတ်ပြီးတော့လည်း နှစ်ရက်ပဲ ဆေးရုံမှာထားတယ်။ ပိုက်ဆံမရှိဘူးတဲ့ဆိုပြီး အိမ်မှာခေါ်ထုတ်တယ်။ အိမ်ရောက်တော့လည်း ဆေးဖိုးဝါးခ ဘာမှမပေးဘူး။ကိုယ့်ဘာသာ ကုရတယ်။ ဖြစ်တုန်းကတော့ တစ်နေ့ ဘတ် ၃၀၀ ပေးတယ်။ ဆေးရုံက ဆင်းလာပြီးနောက်ပိုင်း ၆ လပိုင်းကျတော့ သူ တစ်ပြားမှ မပေးတော့ဘူး။”
သူတစ်ပါးနိုင်ငံမှာ အလုပ်ရှင်ရဲ့ ဖိနှိပ်ခံရတာ၊ တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့တာတွေကို ကြုံရတဲ့ နောက်ထပ် ရင်နင့်စရာ အဖြစ်အပျက်တစ်ခုကိုလည်း ကြားခဲ့ရပါတယ်။
လွန်ခဲ့တဲ့နှစ်လက ခရုဖမ်း ငါးဖမ်း အလုပ်လုပ်ရင်းနဲ့ ညီဖြစ်သူ ရေထဲခြေချော်ကျပြီး အသက်ဆုံးရှုံးခဲ့ရတဲ့အဖြစ်ပါ။ ညီအစ်ကို နှစ်ယောက်လုံး ငါးဖမ်းလှေမှာအလုပ်လုပ်နေစဉ် ညီဖြစ်သူ ရေထဲ ခြေချော်ပြုတ်ကျသွားတာကို ကိုယ်တိုင်မြင်ခဲ့ရသလို ညီရဲ့ အလောင်းကိုလည်း သူကိုယ်တိုင်ပဲ ခက်ခက်ခဲခဲ သယ်ယူခဲ့ရပုံကို အခုလို ကြားခဲ့ရတာပါ။
“ ညီလေး ရေထဲပြုတ်ကျသွားတော့ သူဌေးက လိုက်ရှာတယ် နာရီဝက်လောက်ပဲ လိုက်ရှာတယ်၊ နာရီဝက်လောက်ရှာပြီး သူ့အလုပ် သူပြန်လုပ်တယ်၊ ကလေးကို နောက်နေ့ ၁ နာရီလောက်မှ ပြန်တွေ့တယ် ည ၁၂ နာရီလောက်က ပြုတ်ကျတာ နောက်နေ့ တစ်နာရီမှ ပြန်တွေ့တာ၊ ကလေးကို ပြန်တွေ့တော့ သူဌေးက လှေပေါ်လုံးဝပေးမတင်ဘူး၊ ကျွန်တော့်ညီလေးကို ကျွန်တော် ဖက်ပြီး ခါးမှာ ကြိုးဆွဲပြီး လှေနဲ့ဆွဲလာတာ မိနစ် ၂၀ လောက်မောင်းရတယ်။ သူကတော့ပြောတယ် ကလေးအတွက် လျော်ကြေး သုံးသောင်း ရမလားတဲ့။”
ညီလေးအခုလိုဖြစ်ပြီးနောက် သူလည်း အဲဒီအလုပ်က ထွက်လာခဲ့တယ်လို့ဆိုပါတယ်။ ညီဖြစ်သူအတွက် နစ်နာကြေး ထုတ်ယူဖို့ မိခင်ဖြစ်သူကို မြန်မာပြည်ကနေ ခေါ်ယူထားတယ်လို့ ဆိုပါတယ်။

ဒီမြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့်နဲ့ နေထိုင်အလုပ်လုပ်ကြသူတွေဖြစ်ပါတယ်။ အခုလို ထိခိုက်ဒဏ်ရာရပြီး အလုပ်ရှင်ရဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ လုပ်ရပ်တွေကြောင့် သူတို့ရဲ့ ရပိုင်ခွင့်တွေကို ကူညီပေးဖို့အတွက် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ကို အကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဒီအလုပ်သမားတွေကို AAC မဟာမိတ်အဖွဲ့က ကူညီစောင့်ရှောက်ထားပြီး သူတို့တွေအတွက် ရသင့်ရထိုက်တဲ့ လျော်ကြေးငွေရဖို့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ဥပဒေအရ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ အဖွဲ့ တာဝန်ခံ ကိုနေလင်းသူက ပြောပါတယ်။
“ထိုင်းအာဏာပိုင်တွေနဲ့ အတိုက်အခိုက်လုပ် တောင်းဆိုရတယ်။ ထိုင်းအလုပ်ရှင်နဲ့လည်း အတိုက်အခံလုပ် တောင်းရတယ်၊ တချို့မြို့နယ်တွေကျတော့ အာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်တော့ မြန်တယ်။ တချို့မြို့နယ်တွေကျတော့လည်း အာဏာပိုင်နဲ့ အလုပ်ရှင်နဲ့ပေါင်းပြီး မင်းတို့ကြိုက်တဲ့နေရာသွား ငါတို့ဂရုမစိုက်ဘူးပုံစံမျိုးလုပ်တယ်။ ကျွန်တော်တို့ကလည်း ဥပဒေအတိုင်းပဲ လုပ်ပါတယ် ဥပဒေပြင်ပက မလုပ်ပါဘူး ဥပဒေအတိုင်း ကျွန်တော်တို့နိုင်ငံသားတွေဘယ်လိုနည်းနဲ့ပဲရရ ရတဲ့နည်းနဲ့ အဆင်ပြေအောင် ဆောင်ရွက်ပေးတယ်”
AAC အနေနဲ့ လုပ်ငန်းခွင်မှာထိခိုက်သေဆုံးမှုအတွက် နစ်နာကြေးရရှိအောင် ကူညီဆောင်ရွက်ပေးရတဲ့ အလုပ်သမားဦးရေ တစ်နှစ်ကို ၁၅ ယောက်ခန့် ရှိတယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေရဲ့ ဒီအခက်အခဲတွေနဲ့ပတ်သက်ပြီး ဘန်ကောက်မြို့က မြန်မာသံရုံးကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။ ထိုင်းနိုင်ငံတစ်ဝန်းမှာ မြန်မာအလုပ်သမားအရေအတွက် သန်းနဲ့ချီရှိနေပါတယ်။ မြန်မာပြည်မှာ အခက်အခဲအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကို နေ့စဉ်ဝင်ရောက်လာတဲ့ အလုပ်သမားတွေ ရာနဲ့ချီ ရှိနေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။