ထိုင်းအမျိုးသမီးသုံးယောက် ကိုးကန့်မှာ ပြည့်တန်ဆာအဖြစ် ရောင်းစားခံခဲ့ရ
2023.01.10

အေနဲ့အွိုင်း လို့ အမည်လွှဲပေးထားတဲ့ ထိုင်းလူမျိုးညီအစ်မနှစ်ယောက်နဲ့ သူတို့ရဲ့သူငယ်ချင်းဖြစ်တဲ့ ပလွိုင်း ဆိုတဲ့ အမျိုးသမီးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အရှေ့ဘက် စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေကြရင်း လစာပိုကောင်းတဲ့ အခွင့်အလမ်းတွေကို ရှာဖွေနေခဲ့ကြတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလကတော့ နန် လို့ခေါ်တဲ့ ထိုင်းလူမျိုး အလုပ်ပွဲစားတစ်ယောက်ကို ဖေ့စ်ဘွတ်ခ်ပေါ်က ကြော်ငြာတစ်ခုကတစ်ဆင့် ဆက်သွယ်မိတဲ့နောက် မြန်မာနိုင်ငံမှ လိင်ကိစ္စနဲ့မဆိုင်တဲ့ ဖျော်ဖြေရေးလုပ်ငန်းမှာ အလုပ်လုပ်ရမှာဖြစ်ပြီး တစ်လကို အမေရိကန်ဒေါ်လာ ၁၅၀၀ နီးပါးလောက်နဲ့ညီတဲ့ ထိုင်းဘတ်ငွေ ငါးသောင်းလောက်ရမယ်လို့ ကတိပေးခဲ့တာလို့ပြောပါတယ်။
စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ အဲဒီထိုင်းလူမျိုးပွဲစားက သူတို့သုံးယောက်ကို ချင်းမိုင်မြို့ကို ခေါ်သွားပြီး ထိုင်းစကားမတတ်တဲ့ မြန်မာအမျိုးသားတစ်ယောက်က သူတို့ကို ရှမ်းပြည်နယ်ဘက်ထဲကို ခြေလျင်ခရီးနဲ့ ခေါ်သွားခဲ့တာလို့ပြောပါတယ်။
အဲဒီနောက် သူတို့ဟာ တစ်နေရာပြီး တစ်နေရာ လမ်းပြတစ်ယောက်ပြီး တစ်ယောက် လွှဲပြောင်းခေါ်သွားတာခံရပြီး ခြောက်ရက်လောက် ခရီးနှင်ပြီးတဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းက လောက်ကိုင်မြို့ကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီမှာ ထိုင်းစကားပြောတတ်တဲ့ မာမားစံ လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ သူတို့တွေ့ရပါတယ်။ မာမားစံဆိုတာက ဒေသအခေါ်အရ ပြည့်တန်ဆာတွေအတွက် ဆွယ်တဲ့သူလို့ဆိုပါတယ်။ မားမားစံက သူတို့ကို လောက်ကိုင်မြို့ရောက်အောင် ခေါ်လာရတဲ့ စရိတ်နဲ့ ထိုင်းနိုင်ငံက ဆက်သွယ်ပေးတဲ့ပွဲစား နန်ကိုပေးရတဲ့ စရိတ်အတွက် တစ်ယောက်ကို ဘတ်ငွေ ကိုးသောင်းစီ အကြွေးတင်သွားတာကြောင့် ဒီအကြွေးကြေဖို့ လိင်ဖျော်ဖြေရေးလုပ်ငန်းမှာ အလုပ်လုပ်ရမယ်လို့ ပြောပါတယ်။
အဲဒီနောက်သူတို့ကို ကာရာအိုကေဘားဆိုင်ပိုင်တဲ့ တရုတ်အမျိုးသားတစ်ယောက်ဆီကို တစ်ယောက်ကို ဘတ်ငွေ နှစ်သိန်းခွဲစီနဲ့ ထပ်ဆင့်ရောင်းလိုက်တယ်လို့ ပြောပါတယ်။ မာမားစံဟာ သူတို့ရဲ့ ပတ်စပို့နဲ့ မှတ်ပုံတင်ကတ်တွေ အားလုံးကို သိမ်းယူလိုက်ပြီး၊ အဲဒီ ဘားဆိုင် ပိုင်ရှင်တရုတ်လူမျိုးအတွက် ခြောက်လစာ အလုပ်လုပ်ပေးဖို့ စာချုပ်ကို လက်မှတ်ထိုးခိုင်းတယ်လို့ ဆိုပါတယ်။
အဲဒီဆိုင်ပိုင်ရှင်က သူတို့ညီအစ်မ နှစ်ယောက်ကိုပဲလက်ခံပြီး၊ သူငယ်ချင်း ပလွိုင်းကိုတော့ ခန္ဓာကိုယ် ဝ တဲ့အတွက် မဝယ်ဘူးလို့ ဆိုပါတယ်။ နောက်တော့ ပလွိုင်းကို အခန်းတစ်ခုကိုခေါ်သွားသလို မူးယစ်ဆေး ထိုးတာခံရတယ်လို့ ပြောပါတယ်။ အဲဒီနောက်သူ့ကို ပြည့်တန်ဆာလုပ်ငန်းလုပ်တဲ့ ဟိုတယ်ပိုင်ရှင် တရုတ်လူမျိုးတစ်ယောက်ဆီရောင်းတာခံလိုက်ရတယ်လို့ဆိုပါတယ်။
လောက်ကိုင်မြို့မှာ တရုတ်ဧည့်သည်တွေလာရောက်ကြပြီး တရားမဝင်လုပ်ငန်းအမျိုးမျိုး လုပ်ကိုင်နေကြတဲ့အကြောင်း၊ အထပ် ၁၀ ထပ် ပါတဲ့ ဟိုတယ်တစ်ခုဆီကို ရောင်းစားခံလိုက်ရတဲ့ ပလွိုင်း ဟာ ငြင်းဆန်ခွင့်မရှိဘဲ ဖောက်သည်တွေနဲ့ ကာမဆက်ဆံပေးရတဲ့ အကြောင်း၊ တရုတ်လုပ်ငန်းရှင်တွေဟာ လက်နက်ကိုင်အဖွဲ့က တပ်သားတွေကို ငှားရမ်းပြီး လုံခြုံရေးတာဝန်ယူခိုင်းထားတဲ့ အကြောင်း၊ သူရောက်နေတဲ့ ဟိုတယ်ရဲ့အထပ်တိုင်းမှာ သေနတ်တွေ လက်ပစ်ဗုံးတွေ ကိုင်ထားတဲ့ အစောင့်တွေ ရှိတဲ့အကြောင်း ပလွိုင်းက ပြန်ပြောပြပါတယ်။
အဲဒီနောက် ပလွိုင်းဟာ တရုတ်လူမျိုး ပြည့်တန်ဆာလုပ်ငန်းရှင်က ဟိုတယ်အပြင်ထွက်ခွင့်ပေးတဲ့ အချိန်မှာ ဆိုင်ကယ်တက္ကစီငှားပြီး အေနဲ့ အွိုင်းတို့ ညီအစ်မဆီကို ထွက်လာခဲ့ပြီးတဲ့နောက် သုံးယောက်သား အတူတူထွက်ပြေးခဲ့ကြတာလို့ပြောပါတယ်။
သူတို့ သုံးယောက်ကို လက်နက်ကိုင်တပ်သားတစ်ဦးက ဝှက်ထားပေးပြီး ထိုင်းနိုင်ငံက မိသားစုဝင်တွေနဲ့ ဆက်သွယ်ဖို့လည်း ကူညီခဲ့တာလို့ ဆိုပါတယ်။
သက်ဆိုင်ရာ အာဏာပိုင်တွေက လာကယ်မှာကို စောင့်နေရချိန်မှာ ဟိုတယ်ပိုင်ရှင်နဲ့လူပွဲစားတွေ ရှာတွေ့ပြီး ပြန်ဖမ်းမိသွားမှာကို ကြောက်လို့ မျက်စိတောင် မမှိတ်ရဲတဲ့အကြောင်း အာဏာပိုင်တွေသာ မကယ်ရင် သတ်သေလိုက်ဖို့ စဉ်းစားမိတယ်လို့ ပလွိုင်းက ပြောပါတယ်။
နိုဝင်ဘာလ ၁ ရက်နေ့မှာ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ထိုင်းအမျိုးသမီးနဲ့ကလေးအရေးဆောင်ရွက်တဲ့ ပဗီးနာ ဆိုတဲ့သူဟာ ထိုင်း-မြန်မာ နယ်စပ်ကော်မတီက တာဝန်ရှိတဲ့သူတွေနဲ့ တွေ့ဆုံပြီး သူတို့ကို ကယ်ဆယ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါပေမဲ့လည်း မြန်မာအာဏာပိုင်တွေဟာ သူတို့သုံးယောက်ကို ဖမ်းပြီး တရားမဝင်ဝင်ရောက်မှုနဲ့ ထောင်ချလိုက်တယ်လို့ Benar News ကို ပြောပါတယ်။
မြန်မာအာဏာပိုင်တွေက သူတို့ကို ထည့်ထားတဲ့ အကျဉ်းခန်းဟာ ကြက်ခြံလို ညစ်ပတ်ပြီး ကြွက်တွေရှိနေသလို အစားအစာနဲ့ သောက်ရေလည်း မပေးတဲ့အတွက် အခန်းနီးချင်း အမျိုးသားအကျဉ်းသားတွေဆီက စားစရာတောင်းပြီး စားသောက်ခဲ့ရတယ်လို့ သူတို့ကပြောပါတယ်။
အဲဒီနောက်မှာတော့ လူကုန်ကူးခံရသူတွေကို ကူညီနေတဲ့ ထိုင်းအမျိုးသမီးနှင့်ကလေးများ ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့ မြန်မာအာဏာပိုင်တွေဟာ နိုဝင်ဘာလ ၂၇ ရက်မှာ သူတို့သုံးယောက်ကို ပြန်လွှတ်ပေးလိုက်ပြီး တာချီလိတ်မြို့ကို ခေါ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့ကို ပြန်လည်ရောက်ရှိလာတဲ့ အေနဲ့ အွိုင်း ညီအစ်မနှစ်ဦးက သူတို့ ဖခင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ အတားအဆီးတွေ လျှော့ချပြီး နယ်စပ်ဂိတ်တွေ ပြန်ဖွင့်လာချိန်မှာ လူကုန်ကူးမှုနဲ့လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ တစ်ဟုန်ထိုး တိုးလာနေတဲ့အကြောင်း၊ ထိုင်းအမျိုးသမီးငယ်သုံးဦးကို ကယ်တင်ခဲ့တဲ့ ထိုင်း အမျိုးသမီးနှင့် ကလေးများ ဖောင်ဒေးရှင်းက ပါဗီနာ ဟောင်ဆာကူလ် က ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ လူကုန်ကူးခံရတဲ့အကြောင်း တိုင်ကြားမှုတွေ နှစ်ဆကျော်တိုးလာတဲ့အကြောင်း၊ အရင်က ဒူဘိုင်းနဲ့ဘာရိန်း နိုင်ငံတွေကို လူကုန်ကူးခံရတာဖြစ်ပေမယ့် အခုနှစ်မှာ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံဘက်ကို လူကုန်ကူးခံရကြောင်း တိုင်ကြားတဲ့ ဖြစ်ရပ်တွေတိုးလာတာ စိုးရိမ်စရာကောင်းတဲ့ အကြောင်း ပါဗီနာက Benar News ကို ပြောပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် တရုတ်-မြန်မာ နယ်စပ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ ဗဟိုအစိုးရရဲ့ အုပ်ချုပ်မှုအောက်ကနေ ကင်းလွတ်နေတဲ့အတွက် တရုတ်ရာဇဝတ်ဂိုဏ်းတွေအခြေစိုက်နေကြပြီး လူကုန်ကူးမှုတွေအပြင် မူးယစ်ဆေး၊ လောင်းကစား၊ လိမ်လည်မှု၊ ပြန်ပေးမှု နဲ့လက်နက်မှောင်ခိုလို ရာဇဝတ်မှုအမျိုးမျိုး ကျူးလွန်နေကြတဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ငြိမ်းချမ်းရေး အင်စတီကျု USIP ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ထိုင်းရဲတပ်ဖွဲ့ရဲ့လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ ၂၄၈ မှုကို ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး၊ ဒီအထဲက တစ်ဝက်ကျော်ကျော်ဟာ အွန်လိုင်းကနေ ဖြားယောင်းသွေးဆောင်ခေါ်ယူသွားတာ ဖြစ်နေတယ်လို့ ပြောပါတယ်။
ဒီနေ့အချိန်မှာ မသမာသူတွေဟာ သူတို့ရဲ့သားကောင်တွေကို လူကိုယ်တိုင်တွေ့စရာမလိုဘဲ ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ရက်တွေပေါ်ကနေ ဖြားယောင်းခေါ်ယူပြီး၊ ပြည့်တန်ဆာလုပ်ငန်းလို တရားမဝင်အလုပ်တွေထဲကို ခေါ်သွားလို့ ရနေတဲ့အကြောင်း၊ မြန်မာနိုင်ငံလို အိမ်နီးချင်းနိုင်ငံက အလုပ်ဖြစ်တာကြောင့် နယ်စပ်ဖြတ်ပြီး အချိန်မရွေးအိမ်ပြန်လာလို့ ရမယ်လို့ ထင်နေရင် မှားလိမ့်မယ်လို့ ထိုင်းရဲတပ်ဖွဲ့က အကြီးအကဲ ဆာရူတီက Benar News ကို ပြောပြခဲ့ပါတယ်။