မဲဆောက်မြို့က ထိုင်းဘုရင်မွေးနေ့ဖျော်ဖြေပွဲ ဟားငါးကောင်အဖွဲ့ ပူးပေါင်းပါဝင်
2023.12.06

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဒီဇင်ဘာ ၅ ရက်နေ့က ကျင်းပတဲ့ ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်ရဲ့ (၉၆) နှစ်ပြည့် မွေးနေ့ပွဲမှာ ဟားငါးကောင်အဖွဲ့ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။
ထိုင်းဘုရင်ရဲ့ မွေးနေ့ရက်မြတ်မှာ ပါဝင်ဖျော်ဖြေခွင့်ရတာကို ဂုဏ်ယူကြောင်း ဟားငါးကောင်အဖွဲ့ဝင် လူရွှင်တော် ပိုးလေးက ပြောပါတယ်။
"ထိုင်းဘုရင်မွေးနေ့ပေါ့နော်။ ထိုင်းနိုင်ငံရဲ့ အထူးအမြတ်နေ့ နေ့ထူးနေ့မြတ်တစ်ခုလို့ ပြောလို့ရတာပေါ့ဗျာ။ အဲဒီနေ့မှာ ကျွန်တော်တို့ ဟားငါးကောင်ညီအစ်ကိုအနေနဲ့ ဖျော်ဖြေတင်ဆက်ရတာ ဝမ်းသာဂုဏ်ယူလို့ မဆုံးပါဘူးခင်ဗျ။ ကျွန်တော်တို့ ဒီတော်လှန်ရေးကာလမှာ ကျွန်တော်တို့တွေ ဒီလိုမျိုးဖျော်ဖြေရတာကို အင်မတန်မှ ဂုဏ်ယူပါတယ်။"
ဒီပွဲကို မဲဆောက်မြို့ အာဏာပိုင်ရုံးဝင်း (အမ်ဖို) မှာ ကျင်းပခဲ့တာပါ။ လူရွှင်တော် တိုင်းကျော်ကတော့ ကရင်နီဒေသက စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ကူညီနေလို့ ဖျော်ဖြေပွဲမှာ မပါနိုင်ခဲ့ပါဘူး။
ကျန်တဲ့ လူရွှင်တော်လေးယောက်နဲ့ ဟားငါးကောင်အငြိမ့်အဖွဲ့ရဲ့ ပင်တိုင်အငြိမ့်မင်းသမီး ဆောင်းဝတီ၊ Five star အငြိမ့်အဖွဲ့က မင်းသမီး ဝါဝါလှိုင်တို့ ပါဝင်ခဲ့ပြီး အဆိုတော် မူးလာလည်း ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။
စစ်အာဏာရှင်တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေထောက်ပံ့တာတွေကို ဟားငါးကောင်အဖွဲ့က ဆက်လုပ်သွားမှာဖြစ်ပြီး ပြည်သူတွေနဲ့အတူ တော်လှန်ရေးပြီးဆုံးတဲ့အထိ အတူပါဝင်ဆောင်ရွက်သွားမယ်လို့ အငြိမ့်အဖွဲ့ကို ဦးဆောင်သူ ကိုသခင်ထွန်းက ပြောပါတယ်။
"ဝမ်းသာပါတယ်ဗျ၊ ကျွန်တော်တို့ မမျှော်လင့်ဘဲ ဒီလိုမျိုးဟာလေးတွေ ကြုံလိုက်ရတယ်ပေါ့နော်။ နောက်တစ်ခုက ဒီနိုင်ငံတွေနဲ့ဆိုလည်း ကျွန်တော်တို့တိုင်းပြည်အခြေအနေ မကောင်းတဲ့အခြေအနေမှာ ကျွန်တော်တို့ကို ခိုလှုံခွင့်ပေးထားတဲ့အတွက်လည်း ကျေးဇူးတင်သလို ဒီပွဲမှာ တိုက်တိုက်ဆိုင်ဆိုင် ဖျော်ဖြေခွင့်ရတဲ့အတွက် ကျွန်တော်တို့ အတိုင်းမသိ ဝမ်းသာပါတယ်ဗျ။ ကျွန်တော်တို့တော်လှန်ရေးသည် မအောင်မြင်စရာ အကြောင်းမရှိပါဘူး။ အားလုံးအားတင်းထားကြပါ။ ကျွန်တော်တို့ဟားငါးကောင်တစ်ဖွဲ့လုံး အဆုံးထိပါမယ်ဆိုတာ ကျွန်တော်ဒီကနေ ကတိသစ္စာပြုပါတယ်ခင်ဗျ၊ တော်လှန်ရေးကို ဆက်လက်ပါဝင်ပေးကြပါဦးလို့ပဲ တောင်းဆိုချင်ပါတယ်ဗျ"
ဖျော်ဖြေပွဲကိုလာကြည့်တဲ့ မဲဆောက်မြို့ရောက် မြန်မာအမျိုးသမီးတစ်ဦးက စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်အားဖြည့်နေတဲ့ ဟားငါးကောင်အဖွဲ့ကို အားပေးသင့်တယ်လို့ယူဆတာကြောင့် လာကြည့်တာလို့ ပြောပါတယ်။
"ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာတွေကိုယ်စား ဒီလိုမျိုးဖျော်ဖြေတာကို ကျွန်မတို့အနေနဲ့ အားပေးသင့်တယ်လို့ ကျွန်မတို့ ခံယူပြီးတော့လာခဲ့တာပါ၊ ကျွန်မတို့တွေက တော်လှန်ပြည်သူတွေဆိုတဲ့အတိုင်းပဲ တော်လှန်ရေးအတွက်ကို အဖက်ဖက်ကနေပြီးတော့ ကြိုးစားကြတဲ့ကြားထဲမှာ ဒီ ဟားငါးကောင်ဆိုတာကလည်း အဓိကအနေနဲ့ ပါဝင်ပြီးတော့ ပါဝင်လှုပ်ရှားနေတဲ့သူဖြစ်တဲ့အတွက် ကျွန်မတို့ တစ်ခဲနက်အားပေးပါတယ်။"
နောက်ထပ် ပွဲလာကြည့်တဲ့ အမျိုးသမီးတစ်ဦးကလည်း တော်လှန်ရေးကိုကူညီတဲ့အနေနဲ့ ရန်ပုံငွေရအောင် လာကြည့်တာလို့ ပြောပါတယ်။
"မကြည့်ရတာလည်း ကြာပြီဆိုတော့လေ တော်လှန်ရေးအတွက် ရန်ပုံငွေရတဲ့အတွက် လာကြည့်တာပါ။ အဓိက ကတော့ နိုင်ငံရေးအကြောင်းတွေပေါ့နော်၊ အားရတယ်ပေါ့၊ သူတို့ဖျော်ဖြေတာကြည့်ရတာ စိတ်ချမ်းသာတယ်၊ အဲဒါကြောင့် လာအားပေးတာပါ။"
အငြိမ့်ပွဲ လာရောက်ကြည်တဲ့ မြန်မာနိုင်ငံသားပရိသတ်တွေကို တော်လှန်ရေးနဲ့ ပတ်သက်ပြီး စိတ်ဓာတ်မကျဖို့နဲ့ စစ်အာဏာရှင်အနေနဲ့ နာလန်မထူနိုင်တော့တဲ့ အခြေအနေ ကြုံနေရပြီလို့ လူရွှင်တော်ပိုးလေးက ပြောပါတယ်။
"တော်လှန်ပရိသတ်များ ဘာမှ စိတ်ဓာတ်မကျပါနဲ့။ ကျွန်တော်တို့ အခုချိန်ဟာ ပြောရမယ်ဆိုရင် ကျွန်တော်တို့ နိုင်နေပါပြီ။ နိုင်နေပြီဖြစ်တဲ့အတွက် အားလုံးအားတင်းထားပါလို့ ပြောချင်ပါတယ်ဗျ၊ ကျွန်တော်တို့ နိုင်နေလို့လည်း ကျွန်တော်တို့ ဒီလိုပွဲတွေ ဒီလိုကလို့ရတာပါဗျ၊ သတင်းစကားက ဘာပြောချင်လဲဆိုရင် ကျွန်တော်တို့ ဒီအကြမ်းဖက်စစ်တပ်ကတော့ လုံးဝပြားပြားဝပ်နေပါပြီ၊ အဲဒီတွက် ဒီကောင်လုံးဝ နာလန်မထူနိုင်တော့ပါဘူး။"
ထိုင်းဘုရင်မွေးနေ့ဖျော်ဖြေပွဲကို မဲဆောက်မြို့က မြို့မိမြို့ဖ လုပ်ငန်းရှင်တွေနဲ့ မဲဆောက်ဒေသ အာဏာပိုင်တွေက စီစဉ်တာဖြစ်ပြီး ပွဲကြည့်ရှုသူ တစ်ဦးကို မြန်မာကျပ်ငွေ တစ်သောင်းတစ်ထောင်နီးပါးနဲ့ညီမျှတဲ့ ထိုင်းငွေ ဘတ် ၁၀၀ ကို ရုံဝင်ခအနေနဲ့ ကောက်ခံခဲ့ပါတယ်။
ဒီအငြိမ့်ပွဲ စီစဉ်သူ ကိုဥက္ကာက တော်လှန်ရေးမှာ ပါနေတဲ့ အနုပညာရှင်တွေအတွက် အထောက်အပံ့ရဖို့ ဖြစ်ကြောင်း ပြောပါတယ်။
"ဒီပွဲကတော့ တော်လှန်ရေးနဲ့ မသက်ဆိုင်ဘူးပေါ့နော်၊ တော်လှန်ရေးနဲ့ မဆိုင်ဘူး၊ ဒါဒီရောက်နေတဲ့ တော်လှန်ရေး အနုပညာရှင်တွေလည်း စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းက ဒါဖြည်ဆည့်ပေးရမယ့် အပိုင်းတွေလည်း ရှိတယ်၊ ဒီငွေတွေကိုလည်း ဟားငါးကောင်က လှူချင်လည်းလှူမှာပေါ့၊ တော်လှန်ရေးအတွက် သုံးချင်လည်း သုံးမှာပေါ့၊ ဒါပေမဲ့ ဒီပွဲကတော့ တော်လှန်ရေးအတွက် ပွဲမဟုတ်ပါဘူး၊ ဒီပွဲက အခြား သူတို့ထိုင်းလူမျိုးတွေ စီစဥ်တဲ့ ပွဲဖြစ်ပါတယ်ပေါ့နော်၊ ထိုင်းလူမျိုးတွေပဲ စီစဥ်တာ"
မဲဆောက်မြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ထိုင်းဘုရင်မွေးနေ့ အထိမ်းအမှတ်ပွဲတော် ကျင်းပနေတာဖြစ်ပြီး ထိုင်း LGBT အလှမယ်ပြိုင်ပွဲ၊ မြန်မာအလှမယ်ပြိုင်ပွဲ၊ ထိုင်းတေးဂီတဖျော်ဖြေပွဲ၊ ထိုင်းရိုးရာလက်ဝှေ့ပွဲနဲ့ ဈေးရောင်းပွဲတော်ကို နေ့အလိုက် ကျင်းပနေတာပါ။ ဟားငါးကောင်အငြိမ့်ကိုတော့ မဲဆောက်မြို့ရောက် မြန်မာနိုင်ငံသား နှစ်ထောင်ဝန်းကျင် လာရောက်အားပေးခဲ့ပါတယ်။