စစ်ကောင်စီ ရွေးကောက်ပွဲအပေါ် ထိုင်းဘယ်လိုသဘောထားမလဲ
2023.01.05

၂၀၂၃ ခုနှစ်ဟာ မြန်မာနိုင်ငံအနေနဲ့ အလေးထားထည့်တွက်ရမယ့် နှစ်ဖြစ်လာမယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။ လာမယ့် သြဂုတ်လအတွင်း မြန်မာမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပြီး အဲဒီ ရွေးကောက်ပွဲဟာ တစ်ကောင်တည်း ပြိုင်မယ့် မြင်းပြိုင်ပွဲလို ဖြစ်ပါလိမ့်မယ်။
အဲဒီလိုပြိုင်ပွဲမျိုးက ထွက်လာတဲ့ ရလာဒ်ဟာလည်း နိုင်ငံတကာအသိုင်းအဝန်းအတွက် အထူးသဖြင့် ကုလသမဂ္ဂလို အဖွဲ့ အစည်းမျိုးတွေအတွက် သေချာပေါက် ခေါင်းခဲစရာ ပြဿနာဖြစ်လာလိမ့်မယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
တကယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ SAC အောက်က အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် နိုင်ငံအတော်များများ - အထူးသဖြင့် အနောက်နိုင်ငံတွေက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ SAC နဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေကို ပိုပြီးပြင်းပြင်းထန်ထန် ဆန့်ကျင်လာကြလိမ့်မယ်လို့ ဆိုပါတယ်။
လက်ရှိ ၂၀၂၃ လို နှစ်မျိုးဆိုရင် ထိုင်းနဲ့ မြန်မာ အပြန်အလှန်ဆက်ဆံရေးဟာ ရှုပ်ထွေးတဲ့ အခြေအနေမျိုးနဲ့ ကြုံရနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာဝေဖန်သူအများစုလိုမဟုတ်ဘဲ ထိုင်းဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း နားလည်မှုရှိတဲ့ အိမ်နီးချင်းကဏ္ဍကနေ ပါဝင်ခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဆိုပါတယ်။
ထိုင်းနဲ့ မြန်မာဟာ နယ်စပ်ချင်း မိုင် ၂၄၀၀ ဝန်းကျင် ထိစပ်နေတာပါ။ ထိုင်းအနေနဲ့ နေပြည်တော်က စစ်ကောင်စီ အစိုးရကို ဖိအားပေးတာမျိုး မရှိသလို၊ စစ်အစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေကြတဲ့အဖွဲ့တွေကို ထောက်ပံ့ ကူညီတာမျိုးလည်း မရှိပါဘူး။
ဒါပေမဲ့ ထိုင်းနဲ့ မြန်မာကြား ကောင်းမွန်တဲ့ ဆက်ဆံရေးဟာ အစိုးရချင်း ဆက်ဆံရေးထက် ပိုလွန်ပါတယ်တဲ့။

ထိုင်းမှာ တက်လာခဲ့သမျှ အစိုးရတွေနဲ့ ထိုင်းစစ်တပ်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့ချိန်ကစပြီး မြန်မာ အစိုးရတွေ၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။
နှစ်နိုင်ငံကြားက နယ်စပ်ဟာလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဝမ်းစာရေးအတွက် နယ်စပ်ကို ကူးလူးသွားလာနေကြရတဲ့ အရပ်ဘက် ပြည်သူတွေအတွက် ဘေးမဲ့နေရာလည်းဖြစ်ပါတယ်။
နေပြည်တော် စစ်ကောင်စီက ပြည်တွင်းမှာ ကိုယ့်ပြည်သူကိုယ် အရှိန်မြှင့်ဖိနှိပ်ညှဉ်းဆဲနေတယ်ဆိုရင်တောင် ထိုင်းနိုင်ငံအနေနဲ့ ကျင့်ဝတ်တာဝန်အရ အနည်းဆုံးတော့ ကန့်ကွက်တားမြစ်ရမှာ ဖြစ်ပါတယ်။
အာဏာသိမ်းခဲ့ချိန်ကစပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုဝန်ကြီးချုပ်အဖြစ် ပူးတွဲတာဝန်ယူထားတဲ့ Don Pramudwinai နဲ့ အထူးကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကို အကြိမ်အတော်များများ လာရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လကတော့ ထိုင်းအစိုးရက ဘန်ကောက်မှာ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ရာမှာ မြန်မာကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြသလို လာအို နဲ့ ကမ္ဘောဒီးယား ကိုယ်စားလှယ်တွေလည်း ပါဝင်ခဲ့ပါတယ်။ ဆွေးနွေးပွဲ ရလာဒ်ကိုတော့ ဖေဖော်ဝါရီလမှာ သိရမယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။
ထိုင်းအစိုးရအနေနဲ့ နယ်စပ်ကဒုက္ခသည်တွေကို အကူအညီ မဆိုစလောက် ပေးနေခဲ့ရာမှာ ဒီနှစ်မှာတော့ ဒေသတွင်းနဲ့ ပြည်ပ NGO တွေ ပါဝင်လာခဲ့ကြတာကြောင့် ကူညီမှုတွေ မြင့်တက်လာရမှာဖြစ်ပါတယ်။ ထိုင်း အစိုးရအနေနဲ့လည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ပြန်နှင်မထုတ်ရေးမူဝါဒကို တရားဝင်ကြေညာဖို့၊ တခြားအာဆီယံနိုင်ငံတွေကိုလည်း အဲဒီမူဝါဒကို ကျင့်သုံးဖို့ တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံအနေနဲ့လည်း လူမှောင်ခိုပြဿနာတွေ ဖြေရှင်းရေး၊ ကပ်ဘေးကာလတွေအတွင်း လူသားချင်းစာနာကူညီမှုတွေ ပံ့ပိုးပေးရေး စတဲ့ ဆောင်ရွက်မှုတွေမှာ အားဖြည့်ပံ့ပိုးပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေး ညှိနှိုင်းဆောင်ရွက်ဖို့လည်း ဖော်ပြထားပါတယ်။
ဒါ့ပြင် ထိုင်းနိုင်ငံအနေနဲ့ အနီးကပ်အပြန်အလှန် ဆက်ဆံရေးကို ထိန်းသိမ်းထားသလို မြန်မာနိုင်ငံတွင်းမှာ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံထားတဲ့ PTT Group လို ထိုင်းကုမ္ပဏီတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။