ထိုင်း-မြန်မာဆက်ဆံရေးနဲ့ စိန်ခေါ်မှုများဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲပြုလုပ်
2023.09.18

စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကေစပြီး မြန်မာပြည်ဟာ အိမ်နီးချင်း နဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ ထိုင်းနိုင်ငံအတွက် ပိုမိုအရေးပါလာခဲ့တဲ့အကြောင်း ဘန်ကောက်မြို့ ချူလာလောင်ကွန်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ သီတီနန် ပုန်ဆူဒီရတ်က ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် မကြာသေးခင်က ပြီးစီးခဲ့တဲ့ ထိုင်းရွေးကောက်ပွဲကာလတွေအတွင်း နိုင်ငံရေးသမားတွေရဲ့ ပြောကြားချက်တွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ဆက်ဆံမှုကို လျော့ချမယ့်အကြောင်း ထိုင်းနိုင်ငံရဲ့စီးပွားရေးမှာ မြန်မာဒုက္ခသည်တွေရဲ့ သက်ရောက်မှုတွေ နည်းလမ်းသစ်တွေနဲ့ အဖြေရှာဖို့ကိစ္စတွေ ပါဝင်ခဲ့ကြောင်း စသဖြင့် မြန်မာလက်ရှိပဋိပက္ခနဲ့ ပတ်သက်ပြီး ထိုင်းရဲ့ အနာဂတ်ရပ်တည်ချက်ကို သူက တင်ပြခဲ့ပါတယ်။
အခုပေါ်ပေါက်လာမဲ့ ထိုင်းနိုင်ငံအစိုးရသစ်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးကြီးကြောင်း သူက တင်ပြခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာခဲ့တယ်။ လက်ရှိမှာ မြန်မာဟာ အာဆီယံအတွက် နံပါတ်တစ် ပြဿနာဖြစ်နေတယ်၊ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ သူ့ပြည်သူတွေကို သတ်ဖြတ်နေတယ်။ ထိုင်းနယ်စပ်တလျှောက်မှာ မြန်မာပြည်က ထွက်ပြေးလာသူတွေ အများကြီးရှိနေတယ်။ ဘင်္ဂလားဒေ့ရှ်တို့ တရုတ်တို့ လာအိုတို့နဲ့ ထိစပ်နေပေမယ့် ထိုင်းနိုင်ငံကတော့ မြန်မာနိုင်ငံက ထွက်ပြေးလာသူ အများဆုံးရှိနေတယ်။ အလုပ်သမားအရေးတင်မကဘူး၊ လူကုန်ကူးမှုတွေ၊ လက်နက်မှောင်ခိုမှုနဲ့မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေဟာ မြန်မာပြည်နဲ့ပတ်သက်ပြီး ဒါတွေဟာ စိုးရိမ်စရာဖြစ်နေတယ်”

ထိုင်းနိုင်ငံမှာ မကြာသေးမီက ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အရေအတွက်အများဆုံး အနိုင်ရရှိခဲ့တဲ့ Move forward ပါတီက နိုင်ငံကို အုပ်ချုပ်ခွင့်မရပေမဲ့ အခုတက်မယ့်အစိုးရသစ်ကလည်း ထိုင်းနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်မယ်လို့ သူက ပြောပါတယ်။
“အခုတက်မဲ့ပါတီက ဒီမိုကရေစီအရ အကောင်းဆုံး မဟုတ်ပေမယ့် အရင်ကထက် ပိုကောင်းအောင်၊ စစ်တပ်ကိုလိုလားတဲ့ ပါတီတွေထက် ပိုကောင်းအောင်၊ နိုင်ငံကို ဦးဆောင်နိုင်အောင်နဲ့ နိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။အားလုံးကျေနပ်စရာတော့ မဖြစ်နိုင်ပေမယ့် ထိုင်းနိုင်ငံမှာ အရင်ကထက်တော့ အများကြီး ပိုကောင်းလာလိမ့်မယ်လို့ ဆိုပါတယ်။”
တစ်နေ့တခြားပြင်းထန်လာနေတဲ့ မြန်မာ့လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ထိုင်းနိုင်ငံအပေါ် အကျိုးသက်ရောက်မှုကို အစိုးရသစ်က အလေးအနက်ထားစဉ်းစားသင့်တယ်လို့ သူက မြင်ပါတယ်။
“မြန်မာနဲ့ ပတ်သက်ပြီး အလုပ်သမားရေးရာပြဿနာတွေ၊ နယ်စပ်ဖြတ်ကျော်ပြဿနာတွေ၊ ရာဇဝတ်မှုတွေ များပြားလာနိုင်တာတွေ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု စတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်တဲ့အတွက် မြန်မာပြည်ရဲ့ အနာဂတ်ဟာ ထိုင်းနိုင်ငံအတွက်လည်း အရေးကြီးပါတယ်။ အစိုးရသစ်အနေနဲ့ မြန်မာနဲ့ပတ်သက်တဲ့ မူဝါဒကို ပြတ်ပြတ်သားသား ချမှတ်ဖို့လိုတယ်”

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး သူက အခုလို သုံးသပ်သွားပါတယ်။
“ အခုလက်ရှိ မြန်မာနိုင်ငံမှာ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူတွေကို တရားဝင် ကိုယ်စားပြုတဲ့ အဖွဲ့အစည်းအဖြစ် တစ်နေ့တခြား ပိုမိုအားကောင်းလာတာ မြင်နေရတယ်၊ ဥရောပမှာ အာဏာရှင်နိုင်ငံတွေ ပျက်သုဉ်းသွားသလိုပဲ မြန်မာနိုင်ငံလည်း ဖြစ်လာနိုင်တယ်။ အင်ဒိုနီးရှားမှာလည်း စစ်တပ်အုပ်စိုးတဲ့နိုင်ငံကနေ ဒီမိုကရေစီနိုင်ငံအဖြစ်ကို ပြောင်းလာခဲ့တယ်၊ မြန်မာမှာ အာဏာသိမ်းစစ်အာဏာရှင်ကိုဖယ်ရှားပြီး ပြည်သူလူထုက အနိုင်ရနိုင်ပါတယ်”
ဒါကတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အွန်လိုင်းက ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ဘန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ သီတီနန် ပုန်ဆူဒီရတ် ပြောကြားချက်တွေကို ကောက်နုတ်တင်ပြခဲ့တာပါ။