တိုက်ပွဲကြောင့် ထွက်ပြေးတဲ့ တမူးဒေသခံတွေကို အိန္ဒိယ ပြန်မောင်းထုတ်

RFA Burmese
2023.08.22
တိုက်ပွဲကြောင့် ထွက်ပြေးတဲ့ တမူးဒေသခံတွေကို အိန္ဒိယ ပြန်မောင်းထုတ် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရန် ပြင်ဆင်နေကြသည့် ခါမ်းပါတ်မြို့မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေကြောင့် တစ်လအတွင်း ဒေသခံတစ်ထောင်ကျော် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ ဒါပေမဲ့ သူတို့ကို အိန္ဒိယအာဏာပိုင်တွေက ပြန်လည်မောင်းထုတ်ခဲ့ကြတာကြောင့် နယ်စပ်အနီးက ကျေးရွာတွေနဲ့ နှစ်နိုင်ငံနယ်စပ်မျဉ်းအနီးမှာ ဒုက္ခသည်ရာပေါင်းများစွာ တဲထိုးပြီး ခိုလှုံနေကြရတယ်လို့ ဒုက္ခသည်တွေနဲ့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

နယ်စပ်မျဉ်းအနီးမှာ တဲထိုးပြီး ခိုလှုံနေသူ ၃၀၀ ခန့်ရှိပြီး အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်ကို နှစ်ဘက်အာဏာပိုင်တွေက ပိတ်ထားတာကြောင့် စားရေးသောက်ရေးကအစ အခက်အခဲဖြစ်နေတယ်လို့ တမူးမြိုကနယ်ကနေ ထွက်ပြေးလာတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် တစ်ဦးက RFA ကိုပြောပါတယ်။

"အဲဒီမှာ သူတို့မဏိပူရ်နယ်စပ် ကျေးရွာတွေမှာ ကူးပြီးတော့သွားတယ်။ အဲဒီမှာ မဏိပူရ်စစ်သားတွေက ပြန်ပြီး တော့မှ မောင်းထုတ်တယ်။ နှစ်ရက်၊ သုံးရက်လောက် နေတော့ မောင်းထုတ်တယ်။ အဲဒီလိုမောင်းထုတ်တော့ နယ်စပ်မှာ ကျွန်တော်တို့က မြန်မာပြည်နယ်စပ်မှာ တဲထိုးပြီးတော့ ယာယီခိုလှုံနေကြရတယ်။ အခုလက်ရှိမှာ မိုးကာလိုတယ်၊ တဲထိုးဖို့။ အစအစအရာအရာ လိုတာပေါ့နော်။ တချို့ကျတော့ ကိုယ့်အိမ်က ယူလာတာတွေ ရှိတယ်။ တချို့ကျတော့ မပါလာဘူး၊ အဲလိုမျိုးတွေရှိတယ်"

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက် ညပိုင်းက တမူးမြို့နယ် ဘုက္ကန်ရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဘုက္ကန်ရွာအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ ၅၀၀ ကျော် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲ ညတွင်းချင်း ထွက်ပြေးခဲ့ကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

"ကျွန်တော်တို့က မြန်မာပြည်နယ်စပ်မှာ တဲထိုးပြီးတော့ ယာယီခိုလှုံနေကြရတယ်။ အခုလက်ရှိမှာ မိုးကာလိုတယ်၊ တဲထိုးဖို့။ အစအစအရာအရာ လိုတာပေါ့နော်"

အလားတူ ဇူလိုင်လ ၂၂ ရက်နေ့ကလည်း တမူးမြို့နယ် ခါမ်းပါတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲကြောင့် ခါမ်းပါတ်မြို့ခံ ခုနစ်ရာကျော် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ဘက်ကို ထွက်ပြေးခဲ့ကြရလည်း ဖြစ်ပါတယ်။

အခုလို ထွက်ပြေးတိမ်းရှောင်လာသူတွေကို အိန္ဒိယအာဏာပိုင်တွေက ပြန်လည် မောင်းထုတ်ခဲ့ကြတာကြောင့် လူပေါင်း တစ်ထောင်ကျော်ထဲက အများအပြား နှစ်နိုင်ငံနယ်စပ်ကို ပြန်ရောက်လာကြတာလို့လည်း ထွက်ပြေး တိမ်းရှောင်သူတွေကို အကူအညီပေးနေတဲ့ မြန်မာပြည် စစ်ဘေးဒုက္ခသည်ကော်မတီ ကဘော်ဒေသ အဖွဲ့ တာဝန်ရှိသူ ဦးထန်စိန် က RFA ကို ပြောပါတယ်။

"တစ်ထောင်ကျော်မယ်၊ ဒါပေမဲ့ တချို့က လေယာဉ်ကြောင့် လေယာဉ်နဲ့ ဗုံးလာကြဲလို့ ထွက်ပြေးတာရှိတယ်။ တချို့က မြေပြင်တိုက်ပွဲကြောင့် ထွက်ပြေးတာရှိတယ်။ အဲဒီတော့ တစ်ရက်၊ နှစ်ရက်၊ သုံး၊ လေးရက် နေပြီးမှ အခြေအနေ ပြန်ကောင်းတာနဲ့ ပြန်ပြီးဝင်လာကြတယ်ဆိုတော့ ထွက်ပြေးတာ တစ်ထောင်ကျော်လောက် ထွက်ပြေးပေမယ့် ပြန်ဝင်တာတော့ တစ်ဝက်ကျော်လောက်ပြန်ဝင်သွားတယ်လို့ သိရပါတယ်"

လက်ရှိမှာ တမူးမြို့နယ်အတွင်း နှစ်ဘက်တိုက်ပွဲတွေ မရှိတော့ပေမယ့် စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ နှစ်နိုင်ငံနယ်စပ်မှာ ခိုလှုံနေတဲ့ တမူးမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

"မြေပြင်တိုက်ပွဲလည်းရှိသလို သူတို့ စကစ ဘက်က လေကြောင်းကနေလည်း တိုက်ခိုက်တယ်။ အဲဒါနဲ့ ကျွန်တော်တို့ ခါမ်းပါတ်ရောကနန်၊ ကန်မကြီး ဘုတ်ကန်အဲဒီရွာက ပြည်သူတွေ နယ်စပ်ကို ထွက်ပြေးတာရှိတယ်။ တချို့က လွတ်ရာလွတ်ကြောင်း ကလေးမြို့ထဲမှာ ထွက်ပြေးတာရှိသလို တခြားရွာတွေမှာလည်း တိမ်းရှောင်ကြတာပေါ့"

အခုလို အသက်အန္တရာယ်ကြောင့် နယ်စပ်ဖြတ်ကျော်ထွက်ပြေးတိမ်းရှောင်လာသူတွေကို မဏိပူရ်ပြည်နယ် အာဏာပိုင်တွေက ပြန်လည်မောင်းထုတ်ခဲ့တာနဲ့ပတ်သက်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို RFA က ဒီနေ့ အီးမေးလ်ကနေ တစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် မိုရေးမြို့ရှိ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးတံတားပေါ် ဖြတ်သန်းနေသူတစ်ဦးအား ၂၀၁၇ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: BIJU BORO / AFP)
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် မိုရေးမြို့ရှိ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးတံတားပေါ် ဖြတ်သန်းနေသူတစ်ဦးအား ၂၀၁၇ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: BIJU BORO / AFP)

အလားတူ နယ်စပ်မှာခိုလှုံနေကြရတဲ့ ဒုက္ခသည်အရေးနဲ့ပတ်သက်လို့ နယူးဒေလီမြို့ အခြေစိုက် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို RFA က ဒီနေ့ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

အိန္ဒိယရောက် မြန်မာဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ India For Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ် ကတော့ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာဒုက္ခသည်တွေကို လက်မခံဘဲ မောင်းထုတ်တဲ့လုပ်ရပ်ကို ပြန်လည်သုံးသပ် သင့်တယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ အိန္ဒိယတို့ကြား ကောင်းမွန်တဲ့ ဆက်ဆံရေးကို ပြည်သူတွေက လိုလားနေတဲ့အချိန်မှာ ဒီလိုမျိုး အိန္ဒိယဘက်ကနေ လုပ်ဆောင်ချက် ကတော့ ကျွန်တော်တို့ရဲ့ အနာဂတ်မျှော်လင့်ချက်ကို တိုက်ရိုက် ရိုက်ချိုးဖျက်ဆီး စေသလို ဖြစ်တယ်။ ဒါကြောင့်မို့ အိန္ဒိယတာဝန်ရှိသူတွေအနေနဲ့ မြန်မာအရေးနဲ့ ပတ်သက်ပြီး ကိုင်တွယ်တဲ့အခါမှာ ပြန်လည်သုံးသပ်ဖို့ လိုနေပါပြီ"

အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ ဒေသကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲကြောင့် မဏိပူရ်ဘက်မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်း ၅၀၀၀ ခန့် ရှိတယ်လို့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။