နွေဦးတက္ကသိုလ်နဲ့ ချင်းမိုင်တက္ကသိုလ် ပူးပေါင်းပြီး မြန်မာကျောင်းသားတွေကို သင်ကြားမည်

နွေဦးတက္ကသိုလ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းပြည်ပမှာရှိတဲ့ ပညာတတ်လူငယ်တွေ ဦးဆောင်တဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့၂ဝ၂၁ ခုနှစ်မေလမှာ တည်ထောင်ခဲ့တဲ့ ဒီတက္ကသိုလ်ကို ဦးဆောင်နေသူတွေက ကြားကာလ ပညာ သင်ကြားရေးကို ဖော်ဆောင်ဖို့ သူတို့ရည်ရွယ်တယ်လို့ ပြောပါတယ်။
ဒီတက္ကသိုလ်ရဲ့ နောက်ဆုံးလှုပ်ရှားမှုကတော့ ထိုင်းနိုင်ငံရှိ ချင်းမိုင်တက္ကသိုလ်နဲ့ ၃ နှစ်ကြာ ပူးပေါင်းသင်ကြားဖို့ သဘောတူစာချွန်လွှာရေးထိုးခဲ့ခြင်းပါပဲ။ သြဂုတ်လ ၁ဝ ရက် မနေ့က ကြေညာချက်မှာ ပထမဆုံးအကြိမ်အဖြစ် ကျောင်းသား ၅ဝဝ ကို အွန်လိုင်းက လက်ခံ သင်ကြားမယ့် အစီအစဉ်အတွက် ဒီနှစ်ကုန်ပိုင်းမှာ ကျောင်းသားတွေကို စတင် လက်ခံ မယ်လို့ ဖော်ပြထားပါတယ်။ အခုဖွင့်မယ့် သင်တန်းအတွက် ငွေကြေး တစ်စုံတစ်ရာပေးဖို့ မလိုပါဘူးလို့ နွေဦးတက္ကသိုလ် ဆက်သွယ်ရေးတာဝန်ခံ ကိုကျော်က RFA ကိုပြောပါတယ်။
“အသက် ၁၈ နှစ်နဲ့အထက် လျှောက်ထားလို့ရမယ်။ ၃ လနဲ့ ၆လအကြား သင်ကြား ကာလ အပြီးမှာ နွေဦးတက္ကသိုလ်နဲ့ ချင်းမိုင်တက္ကသိုလ်က သင်တန်းပြီးဆုံးတဲ့ လက်မှတ်ကို ရရှိမှာဖြစ်ပါတယ်။ အဓိကအားဖြင့် ဖယ်ဒရယ်ရေးရာနဲ့ ပတ်သက် တာတွေကို သင်ကြားမှာ ဖြစ်ပါတယ်။”
နွေဦးတက္ကသိုလ်မှာ လက်ရှိအားဖြင့် လူမှုသိပ္ပံပညာ၊ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဖြေရှင်းရေး၊ နိုင်ငံခြားနဲ့ တိုင်းရင်းသားဘာသာစတဲ့ ပညာရပ်တွေကိုသင်ကြားပေးနေတယ်လို့ ဆိုပါတယ်။
“အဓိကသင်ကြားနေတဲ့ပညာရပ်တွေကတော့Social science, Peace study, Conflict resolution စတဲ့ပညာရပ်တွေ သင်ကြားပေးတယ်။ နိုင်ငံခြားဘာသာစကားမှာ ဆိုရင်တော့ ထိုင်း၊ တရုတ်၊ ပြင်သစ်၊ စသဖြင့် တိုင်းရင်းသားမှာ ဆိုရင်တော့ မွန်၊ ရှမ်း၊ ကရင်စသဖြင့် သင်ကြား ပေးနေပါတယ်။ ကျောင်းသားနဲ့ ဆရာ၊ ဆရာမတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေရဲ့ လုံခြုံရေးကိုလည်း အထူးသတိထား ဆောင်ရွက်ပါတယ်။”
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန အရာရှိတစ်ဦးက နွေဦးတက္ကသိုလ်နဲ့ သူတို့အကြား ညှိနှိုင်း တိုင်ပင်မှုတွေရှိတယ်လို့ ပြောပါတယ်။
“သူတို့က ကျမတို့ NUG ပညာရေးဝန်ကြီးဌာနကို သူတို့အစိုးရဝန်ကြီးဌာနအဖြစ် အသိအမှတ် ပြုပြီး လစဉ်လာတွေ့ပြီး တင်ပြဆွေးနွေးတယ်။ ဝန်ကြီးဌာနကို သူတို့က ဘာတွေ ကူညီပေးနိုင်မလဲ၊ ဝန်ကြီးဌာနကကောာ သူတို့အတွက် ဘာတွေ လုပ်ပေးနိုင်မလဲ ဆွေးနွေး ကြတယ်ပေ့ါ။ ချင်းမိုင်တက္ကသိုလ်နဲ့ စာချွန်လွှာ ထိုးတယ်ဆိုတာလည်း ပြောပြတယ်ပေါ့နော်။ ကျမတို့ကလည်း အကြံဉာဏ် ပေးတာတွေရှိတယ်။”
နွေဦးတက္ကသိုလ်အနေနဲ့ တခြားနိုင်ငံတချို့က တက္ကသိုလ်တွေနဲ့လည်း ချိတ်ဆက် ညှိနိုင်းမှုတွေ ဆောင်ရွက်နေတယ်လို့ ကိုကျော် ကပြောပါတယ်။ တဆက်တည်းမှာပဲ ကိုကျော်က သူတို့ တက္ကသိုလ်ရရှိတဲ့ ဝင်ငွေတွေနဲ့ စစ်တပ်အာဏာသိမ်းမှု ဖီဆန်တဲ့လှုပ်ရှားမှုတွေကို ကူညီနေတယ်လို့ ပြောပါတယ်။