နိုင်ငံတစ်ဝန်း ကလေးသူငယ်တွေရဲ့ အခြေအနေ ဆိုးရွားနေဆဲ

RFA Burmese
2023.01.09
နိုင်ငံတစ်ဝန်း ကလေးသူငယ်တွေရဲ့ အခြေအနေ ဆိုးရွားနေဆဲ မြောက်ဒဂုံမြို့နယ် ထားဝယ်ချောင် အမှိုက်ပုံအနီးတွင် နေထိုင်သည့် ကလေးငယ်များအား ၂၀၂၁ သြဂုတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် အချိန်နှစ်နှစ်နီးပါးကြာလာတဲ့အထိ နှစ်ဖက်တိုက်ခိုက်မှုတွေ ပြင်းထန်နေဆဲဖြစ်သလို ကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အသက်လုံခြုံရေးတွေဟာလည်း စိုးရိမ်နေရဆဲဖြစ်တယ်လို့ ကလေးသူငယ် အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ကလေးမိဘတွေက ပြောပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ် ပြည်တော်သာရွာ ကလေးငယ် သုံးဆယ်နီးပါးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ဒုတိယပတ်လောက်ကစလို့ သူတို့ဒေသမှာ စစ်ကြောင်းတွေ ဝင်ထွက် သွားလာနေတာကြောင့် တောတောင်တွေထဲမှာ ပုန်းအောင်းနေရတယ်လို့ မိဘတွေက ပြောပါတယ်။

"အဖေနဲ့ အမေကို မတွေ့လို့ ကလေးတွေကို ဖမ်းခေါ်ထားတဲ့ဖြစ်စဉ် ဒါတွေကို ကျမတို့ တွေ့ရတယ်"

အသက်အန္တရာယ်ကြောင့် ထွက်ပြေးနေရတာဖြစ်လို့ ကလေးတွေဟာ စာသင်ကျောင်းနဲ့ လည်း အလှမ်းဝေးသွားတယ်လို့ ပြည်တော်သာရွာက မိဘတစ်ဦးဖြစ်တဲ့ ဒေါ်ကြည်သာက RFA ကို ပြောပါတယ်။

"ကလေးတွေလည်း ကျောင်းလည်းမထားနိုင်တော့ဘူး၊ ဒီလိုပဲ နေရတော့တာပေါ့။ တောထဲမှာ ဖြစ်သလိုနေ၊ ဖြစ်သလိုစားရတာပေါ့၊ ကလေးတွေက ကျောင်းနေချင်တယ်။ တစ်ခါတလေလည်း စာလုံးလေးတွေ မေ့မှာစိုးလို့ မအေက သင်ပေးရတာပေါ့။ ကကြီး၊ ခခွေးလေးတွေ ရေးတတ်အောင်၊ ကျောင်းတက်ချင်တယ်၊ အိမ်ပြန်ချင်တယ် ပြောကြတယ်၊ အမေကြီး အိမ်ပြန်ရမှာပေါ့၊ ဒီလိုပြောတိုင်း အိမ်ကပြန်လို့ မဖြစ်ဘူး၊ တောထဲမှာပဲ အခြေချနေရမှာ အိမ်ပြန်လို့ မရဘူး၊ ကျောင်းကလည်း ဘယ်သူကမှ မတက်တာ၊ ညည်းတို့တက်လို့ ဘယ်ရမလဲလို့ ချော့ပြောရတာပေါ့"

ကလေးတွေ နာမကျန်းဖြစ်တဲ့အခါ ကုသစရာ ဆေးဝါးမရှိတာကြောင့် ဆေးမြီးတိုတွေနဲ့သာ ကုသရတယ်လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်မြန်မာ (Unicef Myanmar) ရဲ့ ဇန်နဝါရီ ၂ ရက်နေ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံမှာ ကလေး ၅ ဒသမ ၆ သန်းဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတစ်ဝန်း လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတဲ့ လူပေါင်း ၁၇ ဒသမ ၆ သန်း အနက် ၂ ဒသမ ၈ သန်းဆီကိုသာ ထောက်ပံ့ကူညီမှုတွေ ရောက်နိုင်သလို အကူအညီ လိုအပ်နေတဲ့ ကလေးငယ် ၅ ဒသမ ၆ သန်းမှာလည်း ၁ ဒသမ ၉ သန်းဆီကိုသာ အကူအညီတွေ ရောက်နိုင်တယ်လို့ ယူနီဆက်မြန်မာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

လက်နက်ကိုင်တိုက်ပွဲ ပြင်းထန်နေတဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ စစ်ကောင်စီတပ်က လမ်းကြောင်းတွေပိတ်ဆို့ထားမှုတွေကြောင့် ဆေးဝါးအလုံအလောက်မရှိတဲ့ ပြဿနာကို အဆိုးဆုံးရင်ဆိုင်နေရတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က ကလေးမိခင်တစ်ဦးဖြစ်သူ မနွယ်နီဟာ ၂၀၂၂ ခုနှစ် ဧပြီလက တိုက်ပွဲကြောင့် အသက်လုထွက်ပြေးရင် တိုက်ပွဲသံတွေကြားထဲမှာပဲ မီးဖွားခဲ့ရသူတစ်ဦးပါ။ ကလေးမွေးဖွားပြီးနောက်ပိုင်း လိုအပ်တဲ့ ပိုလီယိုကာကွယ်ဆေး၊ အသည်းရောင်အသားဝါ ကာကွယ်ဆေး၊ ကျောက်ရောဂါ ကာကွယ်ဆေးတွေ အခုထိ မထိုးရသေးဘူးလို့ မနွယ်နီက RFA ကို ပြောပါတယ်။

"ဒီကလေးက ကျမရဲ့ သားဦးလေးပေါ့။ လက်နက်သံတွေ တဒုန်းဒုန်း ကြားထဲမှာ မွေးခဲ့ရတာ။ မွေးပြီးတာနဲ့ ထိုးရတဲ့ ပိုလီယိုကာကွယ်ဆေး၊ ၄၅ ရက်၊ ရက် ၆၀ အဲဒီအချိန်တွေမှာ လအလိုက်ကာကွယ်ဆေး တစ်ခုမှ မထိုးရဘူး။ အခုလည်း စစ်ရှောင်နေရတော့ မြို့ပေါ် ပြန်ထိုးဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တစ်ခါတလေ ကလေး နေမကောင်းတဲ့အခါ အရမ်းဝမ်းနည်းမိတယ်၊ ကာကွယ်ဆေးတွေ မထိုးရဘဲ ကျန်းကျန်းမာမာ ကြီးပြင်းပါစေလို့ ဆုတောင်းပါတယ်"

ကယားပြည်နယ်မှာ တစ်ခုလုံးမှာ အာဏာသိမ်းကာလ နှစ်နှစ်နီးပါးအတွင်း ၇ နှစ်အထက် ကလေးငယ် ၂၀ ထက် မနည်း လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကိုင် ပဋိပက္ခပြင်းထန်တဲ့ ကယားပြည်နယ် တစ်ခုလုံးမှာ ကလေးငယ် ငါးသောင်းခွဲကျော်ဟာ စစ်ဘေးဒုက္ခသည်တွေအဖြစ်နဲ့ ဖြတ်သန်းနေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ပြည်နယ်တစ်ခုလုံးရဲ့ လူဦးရေ ထက်ဝက်နီးပါး စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ကယားပြည်နယ်မှာ ကလေးငယ်တွေဟာ အရင်နှစ်တွေကထက် အဟာရချို့တဲ့မှု ပိုများလာတာတွေ့ရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။

"အထူးသဖြင့် စစ်ရှောင်ပါ၊ သူတို့အတွက် အာဟာရဖြည့်တင်းပေးနိုင်တဲ့ အစား အသောက်တွေက တော်တော်လေး အခက်အခဲဖြစ်နေတယ်။ IDP တွေကို ဝေခြမ်း ပေးတဲ့ စားနပ်ရိက္ခာကို ကြည့်မယ်ဆိုရင် အဓိကက ဆန်၊ ပဲ၊ ဆီလေးနည်းနည်းနဲ့ ပဲတောင် အခုနောက်ပိုင်း မဝေနိုင်တော့ဘူး။ အဲဒီတော့ ကလေးတွေအတွက်လည်း အဟာရတွေ တော်တော်လေး ချို့တဲ့တာ တွေ့ရတယ်။ ကျန်းမာရေးအတွက်လည်း ဝန်ဆောင်မှုပေးနေတဲ့ EHO ရဲ့ စစ်တမ်းတချို့မှာလည်း အရင်နှစ်ကထက် ကလေးတွေဟာ အဟာရပိုပြီးချို့တဲ့လာတယ်လို့ စစ်တမ်းတွေမှာ ပြန်တွေ့ရတယ်"

အခုနောက်ပိုင်းမှာဆိုရင် စစ်ကောင်စီတပ်က စစ်ဘေးဒုက္ခသည် စခန်းတွေကိုပါ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ် အများစုမှာ အသက်ဘေးလုံခြုံမှုဆိုင်ရာ စိတ်အနာတရတွေပါ ရနေတယ်လို့ သူက ဆိုပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကတော့ ကာယကံရှင်မိဘတွေရဲ့ တိုင်တန်းချက်တွေအရ အာဏာသိမ်းပြီး နောက် နိုင်ငံတစ်ဝန်းမှာ ကလေးသူငယ် ၂၄၂ ဦး သေဆုံးခဲ့ရသလို ၃၇၂ ဦး ဖမ်းဆီးခံ ထားရတယ်လို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကလေးသူငယ်တွေအပေါ် ချိုးဖောက် ကျုးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအတွက် နိုင်ငံတကာကို တိုင်တန်းဖို့ ပြင်ဆင်နေတယ်လို့ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ကလေး သူငယ်ရေးရာ ဝန်ကြီးဌာနရဲ့ ပြည်ထောင်စု ဝန်ကြီး နော်ဆူဇန်နာ လှလှစိုးက ပြောပါတယ်။

"ကျမတို့အနေနဲ့ ကလေးငယ်တွေ စိတ်ပိုင်း၊ ရုပ်ပိုင်း ကျုးလွန်ခံရတာကို နိုင်ငံတကာကို တိုင်တန်းသွားမှာ ဖြစ်ပါတယ်။ ရီပို့တွေလည်း တင်ထားပြီးသားဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ကျမတို့ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ်ကို ရီပို့တွေ ပေးထားတယ်၊ ဆက်လက်ပြီးလည်း ပြည်တွင်း တရားစီရင်မှုကို ထူထောင်ဖော်ဆောင် ပြီးတော့ ပြည်တွင်းဥပဒေတွေနဲ့ ပြစ်ဒဏ်စီရင်သွားမှာ ဖြစ်ပါတယ်"

kayah-children.jpg
လွိုင်ကော်မြို့နယ် ဝါရီကော်ခူရွာအတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်သဖြင့် လက်နက်ကြီးထိမှန် ဒဏ်ရာရရှိသည့် ကလေးငယ် တစ်ဦးအား ၂၀၂၂ ခုနှစ် အောင်တိုဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Karenni Human Rights Group)

ကလေးသူငယ်တွေအပေါ်မှာ ဆက်တိုက်ကျုးလွန်နေတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်တိုက်မှတ်တမ်းတင်ထားတယ်လို့ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က ပြောပါတယ်။

"အဖေနဲ့ အမေကို မတွေ့လို့ ကလေးတွေကို ဖမ်းခေါ်ထားတဲ့ဖြစ်စဉ် ဒါတွေကို ကျမတို့ တွေ့ရတယ်။ စစ်ကောင်စီက ကလေးတွေ ပညာသင်ကြားနေတဲ့ စာသင်ကျောင်း၊ အရပ်သားပြည်သူတွေ ရှိတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်လို့ အမျိုးသမီးရော၊ ကလေးသူငယ်ရော အများကြီး ထိခိုက်ခံစားရတယ်။ နေ့စဉ်နဲ့အမျှ ကလေးသူငယ်ရေးရာ အခွင့်အရေးတွေ ချိုးဖောက်ခံရပြီးတော့ မလုံခြုံမှုတွေ ကြီးမားတဲ့ ဘေးအန္တရာယ်တွေကို စိတ်ရောလူပါ ခံစားနေရတယ်။ ကျမတို့မှာ မျက်မြင်သက်သေ တွေရော၊ မှတ်တမ်းမှတ်ရာတွေရော ရှိပါတယ်"

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဖမ်းဆီးထားသူတွေထဲမှာ ကလေးသူငယ်တွေ ပါဝင်နေတာကို ဝန်ခံထားပြီး သူတို့ကို သက်သက်ညှာညှာနဲ့ အရေးယူဆောင်ရွက်နေတယ်လို့ ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၇ ရက်မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း စစ်ဘေးဒုက္ခသည်တွေကို အရေးပေါ်အကူအညီပေးဖို့၊ လိုအပ်တဲ့ အခြေခံ ဆေးဝါးနဲ့ စားသောက်ကုန်တွေပေးနိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှု တွေကို စစ်ကောင်စီက လျစ်လျူရှုနေဆဲဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။