စစ်အာဏာသိမ်းပြီးနောက် ၂ဝ၂၃ ဒီဇင်ဘာအထိ သေဆုံးသူကလေး ၅၆၀ ကျော်ရှိလာ
2024.01.01

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ဒီဇင်ဘာလကုန်ပိုင်းအထိ သုံးနှစ်နီးပါး ကာလအတွင်း သေဆုံးရတဲ့ ကလေးပေါင်း ၅၆ဝ ကျော် ရှိလာနေပါပြီ။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ထိ နိုင်ငံတစ်ဝန်း သေဆုံးတဲ့ကလေး ၄၉၁ ဦး၊ အောက်တိုဘာ ၄ ရက်ကနေ ၂၆ ရက်နေ့ထိ ကိုးဦး နဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းကနေ ဒီဇင်ဘာ ၂၁ ရက်အတွင်း သေဆုံးတဲ့ကလေးက ၅၆ ဦး ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်မျိုးမင်း က ပြောပါတယ်။
"လေယာဥ်သံကြောင့် နှလုံးရောဂါတွေ ဖောက်တယ်၊ စိတ်ကစင့်ကလျားဖြစ်ပြီး ထအော်တာမျိုးတွေ ဖြစ်တယ်။ စိတ်ဖောက်ပြန်တာမျိုးတွေရှိတယ်။"
ဒီဇင်ဘာလ ၂၁ ရက်နောက်ပိုင်း RFA စာရင်းတွေအရ ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ကို လက်နက်ကြီး ကျရောက်ပြီး ဒေသခံ သုံးဦး သေဆုံးခဲ့ရာမှာ ကလေး နှစ်ဦး ပါဝင်ပါတယ်။ ဒီဇင်ဘာ ၂၆ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ အသက် ရှစ်နှစ်ကနေ ၁၁ နှစ်အတွင်း ကလေး လေးဦး၊ ဒီဇင်ဘာ ၂၃ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့မှာ အသက်ကိုးနှစ်အရွယ် ကလေးတစ်ဦး၊ ဒီဇင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်မှာ အသက် ခုနစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။ ဒါကြောင့် လက်လှမ်းမီသလောက်စာရင်းအရ စုစုပေါင်း ကလေးငယ်သေဆုံးမှုဟာ အနည်းဆုံး ၅၆၄ ဦးရှိနေပါပြီ။
ဒါဟာ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုဖြစ်တယ်လို့ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
“ကလေးဆိုတာ ဘယ်အချိန်မျိုးမဆို ကာကွယ်ပေးရမှာ အားလုံးရဲ့တာဝန် ဖြစ်ပါတယ်။ ဒါပေမဲ့ ကလေးတွေ ရှိတဲ့နေရာတွေ၊ တချို့ဆိုရင် မိသားစုနဲ့အတူအိပ်နေတဲ့ ညအချိန်တွမှာ သတ်ဖြတ်မှုတွေရော၊ ကိုယ်ဝန်ဆောင် မိခင်တွေရောသေဆုံးမှုတွေက နေ့တိုင်းနီးပါး တွေ့နေရပါတယ်။ ဒါက အရပ်သားတွေအပေါ်ကျူးလွန်မှုသာမက အထူးကာကွယ်စောင့်ရှောက်ရမဲ့ ကလေးငယ်တွေကို ထိခိုက်သေကြေ၊ ပျက်စီးမှုဖြစ်စေတဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုသေချာပါတယ်။ မြောက်ပါတယ်။ ခိုင်လုံပါတယ်။”

စစ်ပွဲကာလအတွင်း ကလေးတွေသေဆုံးရမှုဟာ အမျိုးသမီးတွေသေဆုံးရမှုနဲ့ တွဲလျက်ဖြစ်နေတတ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးနဲ့ ကျားမတန်းတူရေးရာဌာန ဌာနမှူး ဒေါ်သန္တာ က ပြောပါတယ်။
“ဥပမာ စစ်ကိုင်းတို့ မကွေးတို့ဆိုရင် အရွယ်ရောက်တဲ့ အမျိုးသားတွေက တော်လှန်ရေးတာဝန်တွေထမ်းဆောင်နေတော့ အမျိုးသမီးတွေ၊ သက်ကြီးတွေ၊ ကလေးတွေလို ထိခိုက်လွယ်အုပ်စုတွေက တစ်စုထဲပြေးရတယ်။ အဲဒီတော့ အမျိုးသမီးတွေကို ထိရင် ကလေးပါ ထိတာပဲ။”
ထိုင်းနိုင်ငံအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့စာရင်းမှာတော့ အောက်တိုဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၂၇ ရက်နေ့အထိ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး နှစ်လတာအတွင်းမှာ စစ်ကောင်စီဘက်က တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၂၈ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးရတာက အများဆုံးဖြစ်ပြီး အဲဒီလို တိုက်ခိုက်ခံရတဲ့အခါ အစုလိုက် အပြုံလိုက်သေဆုံးရသူတွေထဲမှာ ကလေးငယ်တွေ အများအပြား ပါဝင်ပါတယ်။
၂၀၂၃ ခုနှစ်အတွင်းမှာတင်ပဲ ဧပြီလ ၁၁ ရက်နေ့က ကန့်ဘလူမြို့နယ် ပဇီကြီးရွာမှာ လူစုလူဝေးနဲ့ရှိနေချိန် လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၈ နှစ်အောက် ကလေး ၁၉ ဦး သေဆုံးခဲ့ပါတယ်။ အောက်တိုဘာလ ၉ ရက်ညကတော့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့အနီး မုန်လိုင်ခက်ရွာ စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုအတွင်း ကလေး ၁၁ ဦး၊ နိုဝင်ဘာလ ၁၅ ရက်နေ့က ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလေး ရှစ်ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပါတယ်။

မုန်လိုင်ခက် ဒုက္ခသည်စခန်းတိုက်ခိုက်ခံရမှုမှာ သားသမီး ငါးယောက်လုံး သေဆုံးသွားတာကြောင့် သေမတတ် ခံစားရတယ်လို့ အသက် လေးဆယ်အရွယ် ဒေါ်ရွယ်ဂျီးက RFA ကို ပြောပါတယ်။
“ဘာဆက်လုပ်ရမှန်းတောင် မစဉ်းစားတတ်တော့ဘူး။ ကလေးတွေနဲ့အတူ လိုက်သေလိုက်ရမလို၊ ဘာမှကို မတွေးတတ်တော့ဘူး၊ အရူးတစ်ယောက်လိုပဲ။ ကလေး ငါးယောက်လုံး သေသွားတာကြောင့် အခုဖြစ်နေတဲ့ အခြေအနေကို ကျွန်မတို့ လင်မယားနှစ်ယောက်ကတော့ ဘယ်လိုမှကို မခံစားနိုင်ဘူး သေမတတ် ခံစားရတယ်"
စစ်မီးတောက်နေတဲ့ဒေသတွေမှာ မိဘတွေက ရှင်လျှက်နဲ့ သေနေရတဲ့ဘဝတွေနဲ့ ကျန်ရစ်သလို အသက်မသေဘဲ ကျန်နေတဲ့ ကလေးတွေကလည်း မှောင်မိုက်တဲ့အနာဂတ်ကိုသာ ဦးတည်နေရပါတယ်။
"အသက်အန္တရာယ်အရရော၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအရရော ဒီအတိုင်းများ ရှေ့ဆက်သွားရမယ် ဆိုလို့ရှိရင် သူတို့လေးတွေရဲ့ အနာဂတ်အတွက်က ရင်လေးစရာပဲ ဖြစ်ပါတယ်"
အာဏာသိမ်းပြီး လပိုင်းအတွင်းမှာကတည်းက စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကယားပြည်နယ်အတွင်းမှာ စစ်လေယာဥ်တွေဟာ ကလေးတွေကို ခြိမ်းခြောက်နေတဲ့ နတ်ဆိုးကြီးလို ဖြစ်နေတယ်လို့ ကယားပြည်နယ်ထဲက စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ‘ကျေးလက်မြေ’ အဖွဲ့ကို တည်ထောင်သူ မမူဆဲ က ပြောပါတယ်။
"အခုဆိုရင် သိတတ်စကလေးအရွယ်ကစပြီး စစ်ကောင်စီရဲ့လေယာဥ်သံကို သိနေပြီ။ ဘယ်လိုလေယာဥ်အမျိုး အစားလဲ ခွဲခြားသိနေပြီ။ လေယာဥ်သံကြားတာနဲ့ ကင်းထောက်လား၊ ဗုံးကြဲလေယာဥ်လား၊ တိုက်လေယာဥ်လား သူတို့သိနေပြီ။ ဘယ်ဟာက ရဟတ်ယာဥ်လဲ၊ ဘယ်ဟာက ဒရုန်းလဲဆိုတာ သူတို့ ခွဲခြားတတ်နေပြီ။ လေယာဥ်သံကြားတာနဲ့ကလေးတွေက မိဘရင်ခွင်ထဲပြေးဝင်ကြတယ်။ နည်းနည်းကြီးတဲ့ကလေးတွေက ဗုံးခိုကျင်း၊ ဗုံးခိုကျင်းမရှိရင် လုံခြုံတဲ့နေရာတစ်ခုခုကို ပြေးဝင်ကြပြီ။ ဒီလိုပြောနေလို့ လုံခြုံလားဆိုရင် မလုံခြုံဘူး။ ဒီစစ်လေယာဥ်တွေက ကလေးတွေကို ခြိမ်းခြောက်နေတဲ့ နတ်ဆိုးကြီးလို ဖြစ်နေတယ်။ နေ့စဥ်နေ့ တိုင်း၊ ညစဥ်ညတိုင်း အိပ်တော့မယ်ဆိုလို့ရှိရင် ကလေးတွေက ကိုယ့်ရဲ့ခေါင်းပေါ်မှာ ပျံလာတဲ့လေယာဥ်သံကိုပဲ နားထောင်နေရတယ်။ ချက်ချင်းလည်း အိပ်မပျော်ဘူး။ ဘယ်အချိန် ဗုံးခိုကျင်းထဲ ပြေးဝင်ရမလဲ၊ ဗုံးခိုကျင်းကိုပဲ အာရုံထားနေရတယ်။ လေယာဥ်သံကြောင့် နှလုံးရောဂါတွေ ဖောက်တယ်၊ စိတ်ကစင့်ကလျားဖြစ်ပြီး ထအော်တာမျိုးတွေ ဖြစ်တယ်။ စိတ်ဖောက်ပြန်တာမျိုးတွေရှိတယ်။ ကလေးတွေက စကားပြောတတ်စ၊ စကားပြောရမဲ့အရွယ်ကလေးတွေက အရင်ကဆို အဖေ အမေ၊ မိုးမိုး ပါးပါး ခေါ်တတ်တယ်။ သို့သော်လဲ လေယာဥ်သံတွေကြားရပြီး နောက်ပိုင်းမှာ ကလေးတွေက ဘာစကားမှ မပြောတတ်တော့ဘူး။ ဆရာဝန်တွေက ဘာပြောလဲဆိုရင် ဒီနုနယ်တဲ့ ကလေးတွေက အော်တစ်ဇင်ကလေးတွေအဖြစ် ပြောင်းလဲသွာစေမဲ့ အခြေအနေတွေရှိတယ်။ ကလေး နှစ်ယောက် သုံးယောက်ဆိုရင် တော်တော်ဆိုးတဲ့ အခြေအနေကိုရောက်နေပြီပေါ့လေ။ ကြောက်ရွံ့မှုအပြင် ကျောင်းတွေကပိတ်ထားရပြီး အင်တာနက်တွေ၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတော့ ကလေးတွေက ဘယ်လိုမှ ဘယ်နေရာမှာမှ လေ့လာလို့မရတဲ့ အနေအထားမှာ ရှိပါတယ်"

စစ်ကောင်စီတပ်တွေရဲ့ အပြင်းအထန်ချေမှုန်းမှုကို ခံနေရတဲ့ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်၊ ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ကော်မတီဝင်လည်း ဖြစ်သလို ရွှေဘိုနည်းပညာကောလိပ်ကနေ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဆရာမ ဒေါ်နွယ်နွယ်မိုးကတော့ ဘက်ပေါင်းစုံက ထိုးနှက်မှုတွေကြားမှာ နေရတဲ့ကလေးတွေရဲ့ အနာဂတ်ကို မတွေးရဲဘူးလို့ ပြောပါတယ်။
"အာဏာသိမ်းခံရမှု အထမြောက်ချိန်ကနေ ဒီနေ့ထိကတော့ သိနေ မြင်နေတဲ့အတိုင်းပဲ ကလေးသူငယ်တွေ ပညာသင်ခွင့် ဆုံးရှုံးတယ်။ နောက်တစ်ခုကတော့ စိတ်ဒဏ်ရာတွေပေါ့နော်။ လေကြောင်းရန်လာပြီဆိုရင် ပြေးရ လွှားရ ပုန်းရပေါ့။ အမြဲတမ်းသတိထားပြီး အကြောက်တရားနဲ့ နေနေရတဲ့ကာလမှာတော့ အာဟာရပြည့်ဝတဲ့ အစားအစာတွေ သူတို့နေ့စဥ် မစားသုံးရတာက ဒီကာလမှာ အများဆုံးကြုံရတဲ့အခက်အခဲပေါ့နော်။ အဟာရ ပြည့်ဝတဲ့ အစားအစာတွေမစားရဘူးဆိုရင်တော့ ဉာဏ်ရည်ဖွံ့ဖြိုးမှုက ဆက်ပြီးတော့ ထိခိုက်လာနိုင်တယ်ပေါ့။ ဘက်ပေါင်းစုံက ထိုးနှက်မှုတွေကြားထဲမှာ ကလေးငယ်တွေရဲ့ လုံခြုံရေး၊ ပညာသင်ခွင့်၊ ကျန်းမာရေးစောင့် ရှောက်မှု၊ နောက်တစ်ခုကကျတော့ ခုနပြောတဲ့ အာဟာရပြည့်ဝစွာမစားသုံးရတဲ့နောက် ဖွံ့ဖြိုးကျန်းမာတဲ့ ကလေးငယ်တွေ၊ စွမ်းဆောင်နိုင်တဲ့ လူငယ်တွေအဖြစ် ရပ်တည်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်ချက်တွေလည်း ရှိလာတယ်။ အသက်အန္တရာယ်အရရော၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအရရော ဒီအတိုင်းများ ရှေ့ဆက်သွားရမယ် ဆိုလို့ရှိရင် သူတို့လေးတွေရဲ့ အနာဂတ်အတွက်က ရင်လေးစရာပဲ ဖြစ်ပါတယ်"

ဒီနေ့အထိလည်း မြန်မာနိုင်ငံထဲမှာ တိုက်ပွဲတွေနေ့တိုင်းရှိနေပြီး ကလေးငယ်တွေအပါအဝင် အရပ်သားသေဆုံးမှု တွေက နေ့စဥ်လိုလို ရှိနေပါတယ်။ ကျန်ရစ်သူတွေ ဘယ်လိုဆက်လက်ရှင်သန်ရမလဲဆိုတာအတွက်ရော၊ သေဆုံးသူတွေအတွက် တရားမျှတမှုရဖို့ပါ ကြိုးစားဆောင်ရွက်ပေးနေတယ်လို့ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
“NUG အစိုးရအနေနဲ့တော့ အရပ်သားတွေအပေါ်တိုက်ခိုက်မှုက လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ အဝေးက တိုက်ခိုက်မှုတွေဖြစ်တဲ့အတွက် ဒီလိုအရေးပေါ်ကာလမျိုးမှာ ဗုံးခိုကျင်းအပါအဝင် ဘယ်လိုတိမ်းရှောင်မလဲဆိုတာတွေကို လူသားစာနာဝန်ကြီးဌာနနဲ့ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့တွေ ပူးပေါင်းပြီး လုပ်ဆောင်နေသလို ကလေးငယ်တွေ အရပ်သားတွေ မထိခိုက်ဖို့အတွက်လည်း စဥ်ဆက်မပြတ် ညွှန်ကြားမှုတွေ ပေးလျှက်ရှိပါတယ်။ အဲဒါဆို သေဆုံးသွားတဲ့သူတွေအတွက်ကောဆိုပြီး မေးခွန်းမေးလာနိုင်ပါတယ်။ သေဆုံးသွားတဲ့သူတွေက ရာဇဝတ်မှု ကျူးလွန်ခံရတဲ့သူတွေဖြစ်လို့ သူတို့က အကြမ်းဖက်ခံရတဲ့သူတွေ ဖြစ်တယ်။ ကျူးလွန်တဲ့သူတွေကို အရေးယူနိုင်ဖို့အတွက် နိုင်ငံတွင်းမှာပဲ ဖြစ်ပစေ၊ အသွင်ကူးပြောင်းရေးကာလမှာပဲ ဖြစ်ပါစေ၊ နိုင်ငံတစ်ခုခုရဲ့ တရားရုံးမှာပဲ ဖြစ်ပါစေ၊ နိုင်ငံတကာတရားရုံးတွေမှာ အမြန်ဆုံးစီရင်နိုင်ဖို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။”
၂၀၂၃ နှစ်ကုန်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးအပြီးမှာ စစ်ကောင်စီတပ်သား အများအပြားသေဆုံး၊ အများအပြား လက်နက်ချခဲ့သလို စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အင်အားစုတွေက မြို့နယ်တချို့ကို ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ နှစ်ဖက်ထိခိုက်မှုတွေကြောင့် ဒီဇင်ဘာလထဲမှာ တရုတ်က ဦးဆောင်ပြီး မြောက်ပိုင်းသုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား နှစ်ကြိမ်တိုင် တွေဆုံဆွေးနွေးခဲ့ပါတယ်။
ဒါပေမဲ့ သဘောတူညီချက်မရဘဲ ပြီးဆုံးသွားတယ်လို့ သတင်းတွေမှာ ဖော်ပြသလို တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။