နှစ်နှစ်အတွင်း ကလေးသူငယ် ၄၀၀ နီးပါး အသက်ဆုံးရှုံးရ
2023.05.02

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်တွေကြောင့် နိုင်ငံ တစ်ဝန်းမှာ ကလေးသူငယ် ၄၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရတယ်လို့ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြေမြှုပ်မိုင်း၊ လက်နက်ကြီးထိမှန်တာနဲ့ စစ်ကောင်စီရဲ့ ဓားစာခံ အနေနဲ့ ဖမ်းဆီး ခေါ်ဆောင်ခံရတာကြောင့် အများဆုံး သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
ဧပြီလ တစ်လတည်းမှာပဲ လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၅၅ ဦးထိစံချိန်တင် သေဆုံးခဲ့တာပါ။
"ကလေးတွေကို ဥပဒေမဲ့ စစ်တပ်က သတ်ဖြတ်နေတာက စစ်ရာဇဝတ်မှု မြောက်ပါတယ်"
ဧပြီလ ၁၁ ရက်တုန်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ပဇီကြီးရွာမှာ NUG လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) ရုံးဖွင့်ပွဲမှာ လေကြောင်းကနေ တိုက်ခိုက်ခံရလို့ ကလေးသူငယ် ၅၀ နီးပါး သေဆုံးခဲ့ရတယ်လို့ ပဇီကြီးရွာသားတွေက ပြောပါတယ်။ အဲဒီဖြစ်ရပ်မှာ လေးနှစ်အရွယ် ညီဖြစ်သူကို ဆုံးရှုံးလိုက်ရတယ်လို့ ပဇီကြီး ရွာက ကိုလွင်ဦး (အမည်လွှဲ) က RFA ကို ပြောပါတယ်။
"သူ့အဖေနဲ့ ထမင်းစားလိုက်ရင်း ပါသွားတာဗျ၊ ကျောင်းတက်တဲ့ အရွယ်တော့ မဟုတ်သေးဘူး၊ လေးနှစ်ပဲ ရှိသေးတာ၊ နာမည်က အောင်မျိုးခန့်တဲ့၊ ထမင်းစားရုံထဲမှာ ထမင်းစားရင်းနဲ့ ဆုံးသွားတာ၊ ထမင်းစားရုံထဲမှာ ပျောက်သွားတာ၊ ရှာလို့လည်း မတွေ့တော့ဘူး။ သူ့အဖေကတော့ ဒဏ်ရာရပြီး ပြန်လာတယ်။ စိတ်ထိခိုက်တာပေါ့ဗျာ"
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အစောပိုင်းမှာ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အင်းငယ်ဒေါင့်ရွာက မအေးအေးဝင်းနဲ့ သူ့ရဲ့ခြောက်နှစ်အရွယ် သမီး မရတီမိုးတို့ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံ ကိုမိုးက RFA ကို ပြောပါတယ်။
"ရွာထဲမှာရှိနေတဲ့ မအေးအေးဝင်း အိမ်မှာ ပိုက်ဆံ သိန်း ၅၀ ရှိနေတယ်ဆိုပြီး သူတို့က သတင်းရတာပေါ့နော်။ အဒါကိုပေးရမယ်ဆိုပြီး တောင်းတယ်။ မအေးအေးဝင်းက မရှိဘူး ငြင်းတယ်ပေါ့၊ ငြင်းရ မလားဆိုပြီး ပွေ့ချီထားတဲ့ကလေး ရတီမိုးကို လှံစွပ်နဲ့ ထိုးသတ်တယ်ပေါ့၊ ပြီးတော့ မအေကိုပါ သတ်သွားတယ်။ ဘာမှ အပြစ်မရှိတဲ့ ဒီကလေးငယ်တွေကို သတ်တယ်ဆိုတာ ဝမ်းနည်းခံစားရတာထက် နာကြည်းလွန်းတယ်"
ကယားပြည်နယ်မှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းတွေ ကြောင့် နှစ်နှစ်အတွင်း ကလေးသူငယ် ၈၀ နီးပါး သေဆုံးခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ကိုဗညားက ပြောပါတယ်။
"စစ်ရှောင်စခန်းတွေကို ဝင်ရောက်စီးနင်းတဲ့အချိန်မှာ ပစ်ခတ်မှုတွေ၊ လမ်းသွား လမ်းလာတွေကို ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့တာလည်း ပါပါတယ်။ ပြီးတော့ မြေမြှုပ်မိုင်းကိစ္စတွေရော၊ လက်နက်ကြီးထိမှန်တဲ့ ကိစ္စတွေရော ပစ်ခတ်မှုတွေရော အရင်နှစ် နှစ်ကုန်ခါနီးမှာတောင် ကျွန်တော်တို့ မှတ်တမ်းမှာ ၅၀ နီးပါးရှိတယ်။ အခုဆို ၈၀ ဝန်းကျင်ကို ကပ်သွားပါပြီ"
အရပ်သားတွေကို ကာကွယ်ဖို့တာဝန်ရှိတဲ့စစ်တပ်က အခုလို သတ်ဖြတ်ကျုးလွန် နေတာဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ဆိုပါတယ်။
"ဒါ စစ်တပ်ရဲ့ ပုံသေနည်းတစ်ခုပဲ၊ သူဒီလိုမျိုး အရပ်သားတွေအပေါ်မှာ နိုင့်ထက်စီးနင်း ပြုတာ၊ ရာဇဝတ်မှု ကျုးလွန်တာ၊ ရွာတွေမီးရှို့တာ၊ လူတွေ သတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာ၊ ကလေးသူငယ်တွေကို သတ်ဖြတ်တာ ဒါတွေက သူ့မှာ လုပ်ရိုးလုပ်စဉ် တစ်ခုလို ဖြစ်သွားပြီ။ ဒီပုံသေနည်းအတိုင်းပဲ တစ်တိုင်းပြည်လုံးမှာ လုပ်လာပြီ။ လူစိတ်ကင်းမဲ့တဲ့ လုပ်ရပ်၊ သူရဲဘောကြောင်တဲ့ လုပ်ရပ်လို့ ပြောရမှာပဲ"
ကလေးသူငယ်တိုင်းမှာ အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နဲ့ ပါဝင်ဆောင်ရွက်ခွင့်တွေကို စစ်ကောင်စီက နည်းလမ်း ပေါင်းစုံနဲ့ ချိုးဖောက်နေတယ်လို့ သူက ဆိုပါတယ်။
ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းပေမယ့် အကြောင်းမပြန်ပါဘူး။
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF Myanmar ကတော့ မြန်မာနိုင်ငံရဲ့ ကလေးသူငယ်တွေရဲ့ အခြေအနေဟာ ဆိုးသထက် ဆိုးလာနေသလို ၂၀၂၃ ခုနှစ်အတွင်း ကလေးသူငယ် ၅.၆ သန်းဟာလည်း လူသားချင်း စာနာမှုဆိုင်ရာအကူအညီတွေ လိုအပ်နေတယ်လို့ RFA ကို အီးမေးလ်ကတစ်ဆင့် ပြောပါတယ်။
ကြီးမားလာတဲ့ မြေမြှုပ်မိုင်း ခြိမ်းခြောက်မှု အန္တရာယ်ကြောင့် ၂၀၂၃ ခုနှစ်ရဲ့ ပထမနှစ်လမှာပဲ ကလေးသူငယ် ၄၂ ဦး ထိခိုက်သေဆုံးခဲ့ရသလို ပညာရေးကိုလည်း စနစ်တကျ သင်ကြားခွင့်မရဘဲ သီးခြားလုံခြုံတဲ့ နေရာမရှိတာကြောင့် အကြမ်းဖက်မှု ပဋိပက္ခတွေ ကြုံတွေ့နေရတဲ့ ကလေးသူငယ်တွေမှာ စိတ်ကျန်းမာရေး ထိခိုက်လာတယ်လို့ UNICEF Myanmar က ပြောပါတယ်။
စစ်ကောင်စီကို ပြည်တွင်း၊ ပြည်ပဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ NUG လက်အောက်ခံ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး က RFAကို ပြောပါတယ်။
"ကလေးတွေကို ဥပဒေမဲ့ စစ်တပ်က သတ်ဖြတ်နေတာက စစ်ရာဇဝတ်မှု မြောက်ပါ တယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေကို သတ်ဖြတ်တာက နိုင်ငံတကာမှာ ကတိကဝတ်ပြုထားတဲ့ Child Right Convection (CRC) ကိုလည်း ချိုးဖောက်ရာ ရောက်တဲ့အတွက် နိုင်ငံတကာဥပဒေနဲ့ အရေးယူရမှာဖြစ်တယ်။ အဲဒီတော့ ကျမတို့ရဲ့ တရားရေးရာဝန်ကြီးဌာနကလည်း ဖွဲ့စည်းပြီး ဖြစ်တဲ့အတွက်ကြောင့် တရားရေးဝန်ကြီး ဌာနကနေ ပြည်တွင်း တရားရုံး၊ ပြည်တွင်းဥပဒေနဲ့လည်း အရေးယူသွားမှာ ဖြစ်ပါတယ်"
သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေထဲမှာ လသားအရွယ်ကနေ ၁၈ နှစ်အောက်ယောကျာ်းလေး ၂၆၂ ဦး၊ မိန်းခလေး ၁၁၈ ဦးနဲ့ ဗုံးဒဏ်ကြောင့် ခန္ဓာကိုယ်ပျက်စီးနေလို့ ကျားမခွဲခြားလို့ မရတဲ့သူ ၁၃ ဦး ပါဝင်တယ်လို့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ဒီစာရင်းတွေဟာ ကျုးလွန်ခံရတဲ့ မိသားစုဝင်တွေနဲ့ လက်လှမ်းမီသလောက် ကောက်ယူ ထားပြီး မြေပြင်မှာ ဒီထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။