ဒီဇင်ဘာလတစ်လအတွင်း အမျိုးသမီးနဲ့ ကလေးသူငယ် လေးဆယ်နီးပါး သေဆုံး

RFA Burmese
2024.01.08
ဒီဇင်ဘာလတစ်လအတွင်း အမျိုးသမီးနဲ့ ကလေးသူငယ် လေးဆယ်နီးပါး သေဆုံး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။
RFA

၂၀၂၃ ဒီဇင်ဘာတစ်လတည်းမှာပဲ စစ်ဖြစ်တဲ့ဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးသူငယ် လေးဆယ်နီးပါး အသက်ဆုံးရှုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့လအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၃၃ ယောက် သေဆုံးခဲ့ပြီး ၂၂ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ခဲ့ပါတယ်။

RFA က သီးသန့်လေ့လာရသလောက်ဆိုရင်လည်း ဒီဇင်ဘာတစ်လတည်းမှာ အသက် တစ်နှစ်ကနေ ခုနစ်နှစ် ကျော်အတွင်း ကလေး ခြောက်ယောက်လည်း စစ်ကောင်စီရဲ့ လေကြောင်း ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ ရပါတယ်။ ဖောင်းပြင်မြို့နယ်မှာ သုံးယောက်၊ ညောင်လေးပင်မြို့နယ်မှာ နှစ်ယောက်နဲ့ ပုလဲမြို့နယ်မှာ တစ်ယောက် ဖြစ်ပါတယ်။

"စစ်ကောင်စီက အရပ်သားပြည်သူမို့လို့ဆိုပြီး သနားညှာတာတာမရှိဘူး။ စစ်ရေးအရ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်တယ်"

သေဆုံးခဲ့တဲ့ အမျိုးသမီးတွေကတော့ စစ်ကိုင်းတိုင်းမှာ ခြောက်ယောက်၊ ရခိုင်ပြည်နယ်မှာ ခြောက်ယောက်၊ မန္တလေးတိုင်းမှာ လေးယောက်၊ မွန်ပြည်နယ်မှာ နှစ်ယောက်၊ မကွေး တိုင်းမှာ သုံးယောက်၊ ပဲခူးတိုင်းမှာ လေးယောက်၊ ရှမ်းပြည်နယ်မှာ လေးယောက်၊ ကရင် ပြည်နယ်မှာ သုံးယောက်နဲ့ ချင်းပြည်နယ်မှာ တစ်ယောက် ဖြစ်ပါတယ်။

အဲဒီအမျိုးသမီးတွေ ဘယ်လိုအသက်ဆုံးရှုံးရတာလဲဆိုတာနဲ့ ပတ်သက်လို့ BWU တာဝန် ရှိသူတစ်ယောက်ဖြစ်တဲ့ မဝေဝေမြင့်က ပြောပါတယ်။

“အများစုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာတွေ ဖြစ်ပြီးတော့ လက်နက်ကြီး နဲ့ ပစ်ခတ်လို့ လက်နက်ကြီး ထိမှန်သေဆုံးရသူတွေလည်း ရှိပါတယ်။ ဒါ့အပြင် သေနတ် ကျည်ဆန်မှန်ပြီး သေဆုံးရသူ တွေလည်း ရှိပါတယ်။ လေကြောင်းကနေ ဗုံးကြဲလို့ သေဆုံးရတဲ့ အမျိုးသမီးဟာ ဒီဇင်ဘာလအတွင်းမှာ ၁၅ ဦးထိရှိပြီးတော့ လက်နက်ကြီး ထိမှန် သေဆုံးရတဲ့ အမျိုးသမီးဦးရေဟာ ဒီဇင်ဘာလအတွင်းမှာ ၁၇ ဦးထိရှိပါတယ်။ သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးရတာက တစ်ဦးရှိတာကို တွေ့ရှိရပါတယ်"

ဒီဇင်ဘာ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာမှာ ဖွင့်ထားတဲ့ NUG အစိုးရအဖွဲ့ ရဲ့ ယာယီတရားရုံးကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခဲ့တာကြောင့် အသက်၂၂ နှစ်အရွယ် မသဲနုမြင့်ဇော်၊ အသက် ၃၄ နှစ်အရွယ် မခိုင်ဇင်ဦးနဲ့ အသက်တစ်နှစ် အရွယ် ကလေးတစ်ယောက် ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ လေကြောင်းကနေ ဗုံးလေးလုံး ပစ်ချခဲ့လို့ အဲဒီ ၃ ယောက်သေဆုံးတာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပုလဲမြို့နယ်ဒေသခံက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ မင်းတိုင်ပင်ကျေးရွာရဲ့ သစ်တောရုံးအပေါ်မှာ ရှိတဲ့ ယာယီအနေနဲ့ ဖွင့်ထားတဲ့ မြို့နယ်ကြားကာလ တရားရုံးမှာ ဗုံးကြဲခံရပါတယ်။ အဲဒီနေ့က ဗုံးလေးလုံး ကြဲခံရတယ်။ ဆုံးသွားတာကတော့ တရားရေးတာဝန်ခံရဲ့ ဇနီး Volunteer ပညာရေး ဝန်ထမ်းနဲ့ ရုံးမှာ အလည်လာတဲ့ သားအမိ သားအဖ သုံးယောက်မှာ တစ်နှစ်အရွယ် ကလေး အပါအဝင် အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်ပေါ့နော်။ အဲဒီမှာ အမျိုးသမီးနဲ့ ကလေးပါ တစ်ခါတည်းသေသွားတာဗျ"

လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေဟာ လုံခြုံမှုကင်းမဲ့နေတယ်လို့ အမျိုးသမီးမဟာမိတ်အင်အားစုအဖွဲ့က တာဝန်ရှိသူဖြစ်တဲ့ မအေးမြင့်အောင်အောင်က ပြောပါတယ်။

"စစ်ကောင်စီက အရပ်သားပြည်သူမို့လို့ဆိုပြီး သနားညှာတာတာမရှိဘူး။ စစ်ရေးအရ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်တယ်။ စစ်ကောင်စီက စစ်ကြောင်း ကုန်းကြောင်းထိုးတဲ့အခါမှာ အမျိုးသမီးတွေကျန်ရင် ကျန်နေတဲ့သူတွေကို မုဒိမ်းကျင့် တယ်၊ သတ်ဖြတ်တယ်။ ကလေးငယ်တွေဆိုလည်း ကလေးငယ်တွေဆိုပြီး ညှာတာ ပေးတာမျိုး မရှိပါဘူး"

ကလေးခရိုင်ထဲမှာ Mobile Medical Team အနေနဲ့ လှည့်လည်ဆေးကုနေတဲ့ ဒေါ်ရတီအုန်း ကလည်း စစ်ကောင်စီဟာ ပြည်သူတွေအပေါ် အကြောက်တရား ရိုက်သွင်းနေတာလို့ သုံးသပ်ပါတယ်။

"သူတို့ရဲ့ အကြမ်းဖက်တဲ့ လူမဆန်တဲ့လုပ်ရပ်ကို ပိုပြီးခိုင်မာအောင် သက်သေပြ နေတာနဲ့ အတူတူပဲ။ အမျိုးသမီးတွေကို ပစ်တယ် ခတ်တယ်။ သူတို့ပြောတာကတော့ ဒီလိုမျိုး အကြမ်းဖက်တွေ ရှိနေလို့ ငါတို့က တုံ့ပြန်ရပါတယ်ဆိုတဲ့ အကြောက်တရားကို ရိုက်သွင်းတယ်။ အဓိက ကတော့ အားနည်းတဲ့ အနေအထားရှိတဲ့ အမျိုးသမီး၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ပုံစံမျိုးပဲ"

ကလေးမြို့နယ်၊ လက်ပံချောင်းရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် သေဆုံးခဲ့သည့် မောင်ဂျိုးဆက်မာလ်ဆုမ်လွာအား တွေ့ရစဉ်။ (Photo: Citizen Journalist)
ကလေးမြို့နယ်၊ လက်ပံချောင်းရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် သေဆုံးခဲ့သည့် မောင်ဂျိုးဆက်မာလ်ဆုမ်လွာအား တွေ့ရစဉ်။ (Photo: Citizen Journalist)

စစ်ကောင်စီလက်ချက်နဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ သေဆုံးရတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ စစ်ကောင်စီအနေနဲ့ အရပ်သားတွေအပေါ် သတ်ဖြတ်ပြီး ဂျီနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်နေတာကြောင့် နိုင်ငံတကာမှာ တရားစွဲနိုင်တယ်လို့ ဆိုပါတယ်။

"ဂျီနီဗာသဘောတူညီချက်မှာတော့ အဲဒီလိုစစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သား ပစ်မှတ်တွေကို မပစ်ခတ်ရဘူးလို့ တိကျစွာ တားမြစ်ထားတယ်။ တားမြစ်ထားတဲ့အပြင် ဒီလိုကိုယ့်ပြည်သူတွေကို အုပ်စိုးနေတဲ့လူက ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်နေတာက ICC တရားရုံး နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မှာ တရားစွဲနိုင်ပါတယ်"

၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာအထိ စစ်ကောင်စီလက်ချက်နဲ့ နိုင်ငံတစ်ဝန်းက အမျိုးသမီး ၃၉၂ ယောက် သေဆုံးခဲ့ရပြီး၊ ၅၄၁ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာ့ အမျိုးသမီးများသမဂ္ဂ (BWU) က အခုနှစ် ဇန်နဝါရီ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။