ဘုတလင်မှာ ကလေးတွေ အပါအဝင် အရပ်သားကိုးဦး သတ်ဖြတ်ခံရ
2024.10.13

စစ်ကိုင်းတိုင်း ဘုတလင်မြို့၊ ဗန္ဓုလ ရပ်ကွက်မှာရှိတဲ့ ဦးဖိုးကြာရဲ့ ကုန်စုံဆိုင်ကို အောက်တိုဘာ ၁၂ ရက်နေ့ မနက်သုံးနာရီခန့်က အင်အားတစ်ရာခန့်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ နေအိမ်ထဲ ဝင်ရောက်စီးနင်းပြီး မိသားစုဝင် ခြောက်ဦးလုံးကို သတ်ဖြတ်သွားတယ်လို့ မျက်မြင်တွေ့တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
ကုန်စုံဆိုင်ပိုင်ရှင်ဖြစ်တဲ့ အသက် ၅၀ အရွယ် ဦးဖိုးကြာ၊ ဇနီးဖြစ်သူ ဒေါ်သင်းနဲ့ အသက် ၂၅ နှစ်အရွယ် သမီးတစ်ဦး၊ အသက် ၁၆ နှစ်အရွယ် သားတစ်ဦးအပြင် အသက် ၇ နှစ်အရွယ် တူမတစ်ဦးနဲ့ အသက် ၁၀ နှစ်ကျော်အရွယ် ဆိုင်အကူ မိန်းကလေးတစ်ဦးသေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မီးရောင်မြင်တော့ အဲဒီ ကိုဖိုးကြာတို့အိမ် သွားဖွင့်ခိုင်းတာ။ အိမ်တံခါး ဖွင့်ခိုင်းတာပေါ့။ ဖွင့်ခိုင်းတာ။ ပထမတစ်ကြိမ် ဖွင့်ခိုင်းတာ။ အမှန်တော့ ပိုက်ဆံ တောင်းတာပေါ့ဗျာ။ ပထမတစ်ကြိမ်က ဖွင့်မပေးဘူး။ အဲဒါ တော်တော်နဲ့ ဖွင့်မပေးဘူး။ ဖွင့်မပေးလို့ သေနတ်ဖောက်ပြီးမှ အထဲကနေ လာပြီ လာပြီ ဆိုပြီးတော့ တံခါးဖွင့်ပေးတဲ့အချိန် အဲဒီမှာ ဝင်သတ်သွားတာ”
“ရွာသားငါးဆယ်ကျော်ကို ဖမ်းဆီးထားပြီး ဓားစာခံအဖြစ် သုံးနေပါတယ်”
အလားတူ အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ဘုတလင်မြို့နဲ့ ကပ်လျက်ဖြစ်တဲ့ မြောက်ကြည်ရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီး အသက် ၅၀ ကျော်အရွယ် ဆိုက်ကားနင်းတဲ့ ဦးကျော်ဆင့် အပါအဝင် အရပ်သား သုံးဦးထက်မနည်းကို သတ်ဖြတ်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘုတလင် ဒေသခံတစ်ဦးက ပြောပါတယ်။
“မြောက်ကြည်ရွာထဲမှာ အသတ်ခံရတဲ့ ပြည်သူအလောင်းတွေကတော့ ရှိတယ်။ ဘယ်နှဦးလည်းတော့ မသိဘူး။ အခုမှ ကျွန်တော့်အဖွဲ့တွေ ဓာတ်ပုံသွားရိုက်တယ်။ ဓာတ်ပုံသွားရိုက်ပြီးတော့ ရှင်းလင်းရေး လုပ်ဆောင်နေပါတယ်ခင်ဗျ”
အသတ်ခံရတဲ့ အလောင်းတွေကို ဒေသခံတွေ ရှာနေဆဲဖြစ်ပြီး နောက်ထပ် အသတ်ခံရတဲ့သူတွေ ထပ်ရှိနိုင်သေးတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ရွာသားငါးဆယ်ကျော်ကို ဖမ်းဆီးထားပြီး ဓားစာခံအဖြစ် သုံးနေတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘုတလင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပြည်သူတွေလည်း အကုန် ထွက်ပြေးကြတယ်။ အခု ဒီစစ်ကြောင်းက အမျိုးသမီးတွေပဲ သူက ပေါ်တာဆွဲတယ်။ ဓားစာခံ ခေါ်တယ်။ အခု လက်ရှိအနေအထားကိုက အဲဒီစစ်ကြောင်းက အမျိုးသမီးအင်အား သုံးဆယ်လောက် ရှိတယ်။ တလှိုင်းရွာမှာ အခု သူတို့ စစ်ကြောင်းအင်အား ရှစ်ဆယ်နဲ့ တစ်ရာကြား၊ အမျိုးသမီး ဓားစာခံက ၂၅ ယောက်၊ အမျိုးသား ဓားစာခံက သုံးဆယ်လောက်နဲ့ သူတို့ စစ်ကြောင်းထိုးနေတယ်”
ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ ဘုတလင်မြို့နယ် ကူတော်ရွာ စစ်ကောင်စီ တပ်ကြောင်းကို PDF တပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အယောက် သုံးဆယ်ကျော် သေဆုံးပြီး အယောက် လေးဆယ်ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ PDF ဘက်က ပြောပါတယ်။
“စစ်ကောင်စီဟာ ရွာတွေထဲဝင် အရပ်သားတွေကို သတ်ဖြတ်တဲ့အပြင် လေကြောင်းကနေပါ ပစ်ခတ်နေတာပါ”
အဲဒီလို တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီဟာ ရွာတွေထဲဝင် အရပ်သားတွေကို သတ်ဖြတ်တဲ့အပြင် လေကြောင်းကနေပါ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းကရော မြေပြင်ကပါ ထိုးစစ်ဆင်နေလို့ ဘုတလင်မြို့ အပါအဝင် မြောက်ကြည်၊ ငပုရင်းရွာ၊ စီပါရွာ၊ မောင်းထောင်၊ ကျွဲသေချောင်း၊ ညောင်ကန်စတဲ့ ရွာပေါင်း နှစ်ဆယ်က ဒေသခံ သုံးသောင်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
လုံခြုံရေးအရ အမည်ဖော်လိုတဲ့ ဘုတလင်မြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကတော့ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီဘက်က အရပ်သားတွေကို တိုက်ခိုက်နေတာလို့ ပြောပါတယ်။
“ထိတွေ့မှုကတော့ လောလောဆယ် မဖြစ်သေးဘူးနော်။ ဘယ်လိုဖြစ်မလဲဆိုတာတော့ ပြောလို့က အဆင်မပြေဘူးဗျ။ ဒီနေ့မနက်ဆိုလို့ရှိရင် စစ်ကြောင်းက ဘုတလင်မြောက်ဘက်မှာရှိတဲ့ ရွာတွေ၊ အခု လွှဲတဲတို့ တလှိုင်းတို့ ရွာရှည်တို့ပေါ့နော်။ အဲဒီရွာတွေက အခုမှစပြီးတော့ ဒီဘက်ကို ရှောင်လာကြတာပေါ့နော်”
ဆက်နွှယ်သောသတင်းများ
တစ်ကျော့ပြန်ထိုးစစ်ကြောင့် ဘုတလင်ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ
ဘုတလင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဆယ်ကျော် ဖမ်းမိကြောင်း SAF ထုတ်ပြန်
ဘုတလင်မြို့နယ်က ရွာတွေစီးနင်းခံရမှု လေးဦး သေဆုံး
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က အောက်တိုဘာ ၁၃ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ သတ်ဖြတ်ခံရတဲ့ အရပ်သား ခြောက်ထောင်ခန့် (၅,၈၁၆ ဦး) အထိ ရှိလာပြီဖြစ်ပါတယ်။