ဘုတလင်မြို့နယ်က ရွာတွေစီးနင်းခံရမှု လေးဦး သေဆုံး
2024.09.24
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က ကျွဲသေချောင်းနဲ့ ကတိုးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် အရပ်သား နှစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စက်တင်ဘာလ ၂၃ ရက် မနေ့က ကတိုးရွာထဲကို ဝင်လာတဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦး အသတ်ခံရပြီး စစ်ကောင်စီတပ်က ရွာထဲ စီးနင်းချိန်ထွက်မပြေးတဲ့ အမျိုးသားတစ်ဦးလည်း သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စက်တင်ဘာ ၂၂ ရက်ညနေမှာ ကတိုးရွာထဲကို စစ်ကြောင်းဝင်တာ အင်အားတစ်ရာလောက်ပါတယ်။ အဲဒါ နောက်ရက်မှာ စစ်ကောင်စီတပ်ဘက်က ပြန်သွားပြီအထင်နဲ့ ရွာထဲဝင်လိုက်တာ ကင်းပုန်းနဲ့တိုးပြီး အပစ်ခံရတာ။ ရွာသားတစ်ယောက်တော့ စစ်ကြောင်းဝင်တဲ့အချိန် ထွက်မပြေးလို့ အသတ်ခံရတာ”
ကတိုးရွာမှာ နေအိမ် နှစ်ဆယ်ခန့် မီးရှို့ဖျက်ဆီးခံရပြီး ရွာထဲမှာ စစ်ကောင်စီတပ်က မိုင်းတွေထောင်ထားလို့ ဒေသခံတွေ နေရပ်မပြန်ကြသေးဘူးလို့ သူက ပြောပါတယ်။
စက်တင်ဘာလ ၂၀ ရက်ကလည်း ကျွဲသေချောင်းရွာကို စစ်ကောင်စီတပ်က စီးနင်းပြီးနောက် အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုတလင်မြို့နယ်ထဲက ကူတော် စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက စက်တင်ဘာလ ၂၀ ရက်နေ့မှာ သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာပါ။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွာခံအမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။