လက်နက်ကိုင်ပဋိပက္ခကြားက ကလေးတွေဘဝစိုးရိမ်ရ

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2023.07.09
လက်နက်ကိုင်ပဋိပက္ခကြားက ကလေးတွေဘဝစိုးရိမ်ရ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လအိကျေးရွာအနီးတွင် ၂၀၂၃ ဇန်နဝါရီလ ၁၀ ရက်နေ့က စစ်တိုက်လေယာဉ်တစ်စီး ပျံဝဲနေသည့်အတွက် စာသင်နေသည့် ကလေး ၅၀ ကျော် ပုန်းရှောင်နေစဉ်။
Union of Karenni State Youth

မြန်မာနိုင်ငံက ကလေးတွေစစ်ဘေးနဲ့ တခြား အန္တရာယ်တွေ ကြုံရသလို ၂၀၂၂ အတွင်း ကလေး တစ်သောင်းရှစ်ထောင့်ရှစ်ရာကျော်ဟာ စိုးရိမ်စဖွယ်အကြမ်းဖက်ခံရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

လက်နက်ကိုင်ပဋိပက္ခမှာ ကလေးတွေ အခြေအနေအဆိုးဝါးဆုံးကြုံရတဲ့ နှစ်ဖြစ်တယ်လို့လည်း ပြောပါတယ်။

ခန့်မှန်းခြေအားဖြင့် မြန်မာနိုင်ငံမှာ ရှစ်နှစ်အရွယ် ကလေးတွေတောင် မကျန် ၁၈ နှစ်အောက် ကလေး ၂၁ ရာခိုင်နှုန်းဟာ အလုပ်လုပ်ကိုင်နေကြပြီး တစ်ခါတစ်ရံ အလုပ်ချိန်ကြာတဲ့အပြင် အန္တရာယ်ရှိတဲ့ အလုပ်တွေမှာ လုပ်နေရတယ်လို့  Save the Children က ပြောပါတယ်။

မိဘက ကျောင်းမထားနိုင်တော့တဲ့အတွက် ကျောင်းထွက် အလုပ်လုပ်ကြတာဖြစ်ပြီး ၆၀ ရာခိုင်နှုန်းပဲ အလယ်တန်းကျောင်းတက်နိုင်ကြတယ်လို့ ဆိုပါတယ်။  

ကျန်းမာရေးညံ့ဖျင်းတာနဲ့ အာဟာရဓာတ်မပြည့်ဝတဲ့အပြင် ကျန်းမာရေးမပြုစု မစောင့်ရှောက်နိုင်ကြတဲ့အတွက် ကိုယ်ခန္ဓာ မဖွံ့ဖြိုးကြဘူးလို့လည်း ပြောပါတယ်။

ကလေး ၂၅ ယောက်မှာ တစ်ယောက်ဟာ အသက်တစ်နှစ်မပြည့်ခင် သေဆုံးရပြီး ငါးနှစ်အောက် ကလေး ၂၉ ရာခိုင်နှုန်းဟာ ကာလရှည်ကြာ အာဟာရဓာတ်ချို့တဲ့ တဲ့အတွက် ကျုံလှီနေကြတယ်လို့ ပြောပါတယ်။

ဒါကြောင့်လည်း အရှေ့တောင်အာရှနိုင်ငံတွေ အားလုံးထဲ မြန်မာနိုင်ငံက လူ့သက်တမ်း အတိုတောင်းဆုံးပဲလို့လည်း Save the Children က မှတ်ချက်ပေးပါတယ်။

ဒါတွေက ခြုံငုံပြောတာဖြစ်ပြီး Save the Children ကပဲ မနှစ်က နိုဝင်ဘာမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကြောင့် ကလေး လေးသိန်းခုနစ်ထောင် စစ်မက်သင့်လို့ ထွက်ပြေးရတယ်လို့ ဖော်ပြပါတယ်။

အဲမတိုင်ခင်က စစ်ပြေးကလေးဦးရေနဲ့ပေါင်းလိုက်ရင် စစ်ဘေးဒုက္ခသည်ကလေးက ငါးသိန်းနှစ်သောင်းကျော်ရှိတယ်လို့  ဆိုပါတယ်။

ဒါဟာ မနှစ်ကစာရင်းဖြစ်ပြီး UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ကတော့ ၂၀၂၃ အတွက် ကလေးတွေနဲ့ သူတို့မိသားစုတွေအတွက် လူသားချင်းစာနာရေး အကူအညီ အမေရိကန် ဒေါ်လာ ၂၁၇ ဒသမ ၉ သန်း လိုတယ်လို့ ပြောပါတယ်။

ကလေးဆိုတာ မိဘ အထူးသဖြင့် မိခင်ရင်ခွင်ကနေ လူလားမြောက်လာရတာဖြစ်ပြီး ယောင်္ကျား ဖောင်စီး မိန်းမ မီးနေ ဆိုရိုးအတိုင်း ကိုယ်ဝန်ဆောင်မိခင်တွေဟာ မီးဖွားချိန်မှာ အထူးဂရုစိုက်ရပါတယ်။

ဒါပေမဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က မိခင်တစ်ယောက်ကတော့ မနှစ်က စက်တင်ဘာမှာ ကလေးမီးဖွားနေတုန်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူ့အိမ်ကို မီးရှို့လို့ သွေးနုသားနု ထွက်ပြေးခဲ့ရသူပါ။

“ရွာမြောက်ဘက်က အိမ်လေးပေါ်မှာ။ အစ်မတို့ မီးဖွားနေတာ အိမ်ပေါ်မှာပဲရှိသေးတယ်။ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့။ အဲဒီမယ် သေနတ်တွေပစ်ပြီးတော့ မီးတွေရှို့နေတာ။ အစ်မ ဘယ်လိုလွတ်ခဲ့တုန်းဆိုတော့ ကျွန်မတို့ကို ဆင်းခွင့်လေးပြုပါဦးလို့ အစ်မတစ်ယောက်ကနေပြီးတော့ တောင်းပန်တာပါ။ အဲကနေ သရက်ပင်ကြီးအောက် သွားသွား ဆိုပြီးတော့ လွှတ်တာ။ လူကို ဖယ်ခိုင်းတာ မီးရှို့မှာတဲ့”

၂၀၂၂ အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်မက်တွေအတွင်း ကလေး တစ်သောင်းကိုးထောင်နီးပါး (၁၈၈၉၀)ဟာ စိုးရိမ်စဖွယ်အကြမ်းဖက်ခံရတယ်လို့ ကုလသမဂ္ဂက ဒီနှစ် ဇူလိုင် ၅ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကလေးနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြတာဖြစ်ပြီး ကလေး ၈၆၃၀ ဟာ သတ်ဖြတ်ခံရရင်ခံရ ဒါမှမဟုတ် သေရာပါဒဏ်ရာရရှိကြရတယ်လို့ ပြောပါတယ်။ ၇၆၂၂ ယောက်က တိုက်ပွဲတွေမှာသုံးဖို့ တပ်သားသစ်အဖြစ် စုဆောင်းခံရပြီး ၃၉၈၅ ယောက်က အဓမ္မခေါ်ဆောင်ခံရတယ်လို့ ဖော်ပြပါတယ်။

အဲအစီရင်ခံစာ ထုတ်ပြန်တဲ့နေ့မှာ UNICEF လက်ထောက်အမှုဆောင်ညွှန်ကြားရေးမှူး Omar Abdi ပြောတာက

“ဒီနေ့ဟာ ကလေးတွေနဲ့ လက်နက်ကိုင်ပဋ္ဋိပက္ခဆိုင်ရာ သမိုင်းမှာ ခက်ခဲတဲ့နေ့ဖြစ်ပါတယ်။ ဒီနှစ် အတွင်းရေးမှူးချုပ် အစီရင်ခံစာမှာ ကုလသမဂ္ဂက အတည်ပြုနိုင်တဲ့အထဲ စိုးရိမ်စဖွယ်အကြမ်းဖက်ခံရတဲ့ ဦးရေအများဆုံးဆိုတာ ထည့်သွင်းဖော်ပြထားပါတယ်”

အများစုက မိန်းကလေးတွေဖြစ်တဲ့ ကလေး တစ်ထောင့်တစ်ရာခြောက်ဆယ့်ငါးယောက်ဟာ မုဒိမ်းကျင့်ခံရ၊ အုပ်စုလိုက် မုဒိမ်းကျင့်ခံရ၊ အဓမ္မထိမ်းမြားခံရ ဒါမှမဟုတ် လိင်ကျွန်ပြုခံရ၊ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ ထိပါးခံရပြီး တချို့ဖြစ်ရပ်တွေမှာ ဆိုးဝါးလွန်းတဲ့အတွက် လူပါသေဆုံးရတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

၂၀၂၂ မှာ ကျောင်း ၁၁၆၃ ကျောင်းနဲ့ ဆေးရုံ ၆၅၀ တိုက်ခိုက်ခံရပြီး ဒီအရေအတွက်ရဲ့ ထက်ဝက်ကို  အစိုးရတွေက တိုက်ခိုက်တာလို့ ပြောပါတယ်။

ဒါကြောင့် သေဘေး၊ စစ်သားသစ်စုဆောင်းခံရတဲ့ဘေး၊ မုဒိမ်းကျင့်ခံရတဲ့ဘေးနဲ့ တခြားကြောက်မက်ဖွယ်ရာဘေးဆိုးတွေကြုံရတဲ့ ယောက်ျာလေးတွေ၊ မိန်းကလေးတွေကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား အကာအကွယ်ပေးဖို့ ကလေးနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Virginia Gamba က တိုက်တွန်းပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။