လေးနှစ်အတွင်း မြန်မာစစ်တပ်ကြောင့် သေဆုံးသူ ခြောက်ထောင်ကျော်ရှိကြောင်း ကုလပြော
2025.02.05

ပြီးခဲ့တဲ့ လေးနှစ်အတွင်း မြန်မာစစ်တပ်ရဲ့လက်ချက်နဲ့ အသက်ဆုံးရှုံးရတဲ့အရပ်သား ၆၂၃၁ ယောက်ရှိခဲ့ တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (OHCHR) ပြောခွင့်ရသူ ဂျရမီ လောရန့်စ် Jeremy Laurence က ဇန်နဝါရီ ၃၁ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။ အဲဒီအထဲမှာ အမျိုးသမီး ၁၁၄၄ ယောက်နဲ့ ကလေး ၇၀၉ ယောက်ပါတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်အတွင်းမှာ မြန်မာစစ်တပ်ရဲ့ လက်ချက်နဲ့ အရပ်သားပြည်သူ ၁၈၂၄ ယောက် သေဆုံးပြီး အဲဒီအထဲမှာ အမျိုးသမီး ၅၃၁ ယောက်နဲ့ ကလေး ၂၃၈ ယောက်ပါဝင်တယ်။ ၂၀၂၃ ခုနှစ်မှာ ၁၆၃၉ ယောက်သေဆုံးရတဲ့ အတွက် ၂၀၂၄ မှာ ပိုများတာတွေ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းကို ကိုးကားပြီး သူက ပြောသွားတာပါ။
ပြီးခဲ့တဲ့နှစ်မှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုတွေဟာ အရေအတွက်အရရော ဆိုးဝါး ပြင်းထန်မှုအရပါ တိုးလာတာတွေ့ရတယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ရုံးရဲ့ သုံးသပ် ချက်တွေအရ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေဟာ အရပ်သားပြည်သူတွေကို ခေါင်းဖြတ်သတ်တာ၊ မီးရှို့သတ် ဖြတ်တာ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ဖြတ်တောက်တာ၊ နှိပ်စက်ညှင်းပန်းတာနဲ့ စစ်မြေပြင်မှာ လူသားတံတိုင်းအဖြစ် အသုံးပြုတာလို လုပ်ရပ်တွေကျူးလွန်ခဲ့ပြီး အပြစ်ပေးအရေးယူခံရတာ မရှိကြောင်း၊ စစ်တပ်ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကို လက်စားချေတဲ့အနေနဲ့ အခြားတစ်နေရာက ရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တိုက်ခိုက်တာမျိုးတွေလည်း မြို့နယ်တော်တော်များများမှာ လုပ်ခဲ့တဲ့အကြောင်း ရှင်းလင်းပြောဆိုပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (OHCHR)၊ မြန်မာနိုင်ငံဆိုင်ရာရုံးခွဲရဲ့ အကြီးအကဲ ဂျိမ်းစ် ရိုဒ်ဟေဗာ (James Rodehaver) က ၂၀၂၄ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်ခံရသူ တိုးလာတဲ့အကြောင်းကို အခုလို ပြောပါတယ်။
"မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူတွေ အသေအပျောက် အများဆုံးနှစ် ဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ လက်ချက်နဲ့ အသက်သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ အရေအတွက် ၁၁ ရာခိုင်နှုန်း တိုးလာပါတယ်။ အသက်ဆုံးရှုံးရတဲ့သူအားလုံးရဲ့ ၆၃ ရာခိုင်နှုန်းက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သေဆုံးတာပါ။ ကလေးသူငယ်တွေ သေဆုံးမှု ၂၄ ရာခိုင်နှုန်း တိုးလာပြီး၊ အမျိုးသမီးတွေ သေဆုံးရတဲ့နှုန်း ၆၁ ရာခိုင်နှုန်း တိုးလာပါတယ်။ ဒီကိန်းဂဏန်းတွေရဲ့ သဘောကတော့ မြန်မာစစ်တပ်ဟာ လက်နက်ကြီးတွေ အသုံးပြုပြီး၊ အရပ်သားတွေ ရှိနေတယ်လို့ သိထားတဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ ဒါမှမဟုတ် နိုင်ငံတကာဥပဒေအရ မတိုက်ခိုက်ဖို့ တားမြစ်ထားတဲ့ ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဝတ်ပြုကိုးကွယ်ရာ ဘာသာရေးအဆောက်အဦးတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ဖြစ်ပါတယ်"
အခုအချိန်မှာ မြန်မာပြည်သူ သုံးသန်းခွဲလောက် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ၂၀၂၄ ခုနှစ်မှာ စစ်မှုထမ်းဥပဒေအရ အတင်းအကြပ် တပ်သားစုဆောင်းလို့ လူငယ်လူရွယ် ထောင်ပေါင်းများစွာ ထွက်ပြေးနေကြတဲ့အကြောင်း၊ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်ဦးရေ ကျဆင်းသွားတာကြောင့် လုပ်သားရှားပါးပြီး ကျဆင်းနေတဲ့ စီးပွားရေးအခြေအနေကို ပိုဆိုးစေခဲ့တဲ့အကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူတွေက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
စစ်ကိုင်းတိုင်းမှာ တစ်နှစ်ကျော်အတွင်း အရပ်သား ကိုးရာကျော် သေဆုံး
အာဏာသိမ်းအပြီး ကရင်နီဒေသမှာ အရပ်သား ခုနစ်ရာကျော် သေဆုံး
ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ မြန်မာနိုင်ငံက အများဆုံးဖြစ်လာ
မြန်မာစစ်တပ်အပေါ် သြဇာလွှမ်းမိုးမှုရှိတဲ့ နိုင်ငံတွေအနေနဲ့ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံ တာထက်၊ တိုက်ခိုက်မှုတွေရပ်အောင် အရင်ဆုံးတိုက်တွန်းသင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး မဟာမင်းကြီးရုံး အကြီးအကဲ ဂျိမ်းစ် ရိုဒ်ဟေဗာက ပြောပါတယ်။
"တရုတ်နိုင်ငံပဲဖြစ်ဖြစ်၊ မြန်မာစစ်တပ်အပေါ် သြဇာလွှမ်းမိုးမှုရှိတဲ့ ဒေသတွင်းက ဘယ်နိုင်ငံမဆို လုပ်သင့်တာက မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေအပေါ် တာဝန်ခံမှုရှိအောင် လုပ်တာ၊ တိုက်ခိုက်မှုတွေ ရပ်တန့်ပြီး၊ ငြိမ်းချမ်းရေးနဲ့ အာဏာလွှဲပြောင်းရေးကို ဦးစားပေးဆောင်ရွက်ဖို့ တိုက်တွန်းတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲလုပ်ဖို့ တွန်းအားပေးရမှာ မဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲကြောင့် အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာတဲ့အပြင်၊ ပါဝင်တိုက်ခိုက်တဲ့ အဖွဲ့အရေအတွက်လည်း ပိုများလာပြီး အရပ်သားပြည်သူတွေအတွက် ပိုအန္တရာယ်ရှိလာတာပဲ ဖြစ်ပါလိမ့်မယ်"
ဒါ့အပြင် ၂၀၂၄ ခုနှစ်အတွင်းမှာ စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေက အရပ်သား ပြည်သူတွေကို သတ်ဖြတ်မှုတွေလည်းရှိခဲ့ကြောင်း မတရားသတ်ဖြတ်မှု၊ နှိပ်စက်ညှင်းပမ်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အတင်းအကြပ် စစ်မှုထမ်းခိုင်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိခဲ့ပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ မြန်မာစစ်တပ်ရဲ့တိုက်ပွဲတွေအကြား ပိတ်မိနေတဲ့ ရိုဟင်ဂျာတွေဟာ ဆန့်ကျင်ခံရတဲ့ဖြစ်ရပ်တွေ ကြုံနေရတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။