ရွှေနဒီရေယာဉ်လိုင်း ပိုင်ရှင်နဲ့ ဝန်ထမ်း ခုနှစ်ဦးကို အမှုဖွင့်
2019.11.03

ရွှေနဒီအမြန်ရေယာဉ်ပေါ်က တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်နဲ့ အရပ်သားတချို့ကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား တာနဲ့ ပတ်သက်ပြီး ရေယာဉ်လိုင်း ပိုင်ရှင်အပါအဝင် ရှစ်ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း ရွှေနဒီအမြန်ရေယာဉ်ပေါ် ပါလာတဲ့ တပ်မတော်သား၊ ရဲနဲ့ အရပ်သားတချို့ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ဖြစ်ရပ် အပြီးမှာ ယာဉ်လိုင်းပိုင်ရှင် အပါအဝင် ဝန်ထမ်း ရှစ်ဦးကို အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ နယ်ခြားစောင့်တပ်က အမှုဖွင့်စစ်ဆေးနေတာလို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်းက RFA ကို အတည်ပြု ပြောပါတယ်။
"သူတို့ကတော့ လောလောဆယ် တရားစွဲဆိုထားတဲ့အတွက် အမှုရင်ဆိုင်ရမှာပေါ့၊ လေလောဆယ် အကြမ်းဖက်နဲ့ ဖြစ်မယ်။ သူက နယ်ခြားစောင့်ကစွဲတာ၊ ဖြစ်စဉ်ဖြစ်တဲ့ နယ်မြေအပိုင်က နယ်ခြားစောင့်က စွဲတာ"
အောက်တိုဘာ ၂၆ရက်နေ့ဖြစ်ရပ်မှာ ယာဉ်ပေါ်လိုက်ပါလာသူတွေထဲက တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦးနဲ့ အရပ်သား ၁၃ ဦး ကို AA က ဖမ်းဆီးခဲ့ပြီး ရေယာဉ်နဲ့အတူကျန်တဲ့ အရပ်သားတွေကို ပြန်လွှတ်ခဲ့ပါတယ်။
ရေယာဉ်ဝန်ထမ်းတွေ AA နဲ့ ပတ်သက်မှုရှိတယ်ဆိုတဲ့ သံသယနဲ့ အရေးယူလိုက်တာပါ။
အောက်တိုဘာလ၂၈ ရက်နေ့က တပ်မတော် ကာကွယ်ရေးစစ်ဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတာကို သတင်းပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ရွှေနဒီအမြန်ရေယာဉ်လိုင်းကို စစ်ဆေးနေ တယ်လို့ ဖော်ပြထားပါတယ်။
ဒီလို အရေးယူမှုနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ AA ပြောခွင့်ရသူ ခိုင်သုခ တို့ကို RFA က ဒီကနေ့ မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ရှပ်ပြေးယာဉ်လိုင်းတာဝန်ခံနဲ့ လုပ်သားခုနှစ်ဦးကို ဘူးသီးတောင်မြို့မစခန်းမှာ ဖမ်းဆီးစစ်ကြောခဲ့ပြီး အောင်မင်္ဂလာ နယ်ခြားစောင့်စခန်းမှာ ဆက်လက်စစ်ဆေးဖို့အတွက် ဘူးသီးတောင် တရားရုံးကနေ အောက်တိုဘာ ၂၉ ရက်နေ့က ချုပ်မိန့် ဆက်လက်ရရှိခဲ့တယ်လို့ သိရပါတယ်။
ရွှေနဒီအမြန်ယာဉ်လိုင်းပိုင်ရှင် သားဖြစ်သူ ကိုစည်သူက သူ့အနေနဲ့ အမှုကိစ္စကို သေသေချာချာ မသိသေးကြောင်း RFA ကို ပြောပါတယ်။
ဘူးသီးတောင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ရေယာဉ်က လူတွေကို ဖမ်းဆီးတာ မဖြစ်သင့်ကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်ဥပဒေတပ်ပြီး ဖမ်းဆီးခံရသူတွေ များနေပြီဖြစ်ကြောင်း ပြောပါတယ်။
"သူတို့က လာဝယ်ရင် လက်မှတ်က ရောင်းရမှာပဲ၊ ဘယ်သူကိုပဲ ဖြစ်ဖြစ်ပေါ့နော့၊ ဒီလိုဖြစ်လို့ ဖမ်းရတယ်ဆိုတာ ဒါက နည်းနည်းမဟုတ်သေးဘူးပေါ့နော်၊ တလွဲကြီးဖြစ်နေတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ ရခိုင်မှာကတော့ ဖမ်းတဲ့သူတွေကို ဒီအမှုနဲ့ပဲ ဖမ်းခဲ့တာကြီးပဲ ဘာမှမဟုတ်တဲ့သူတွေကိုလည်း ဖမ်းပြီးတော့ ဒီလိုလုပ်နေတာပဲ၊ ကျောင်းဆရာတွေကိုလည်း ဖမ်းပြီးတော့ ဒီလိုလုပ်နေတာပဲ။ ဒါတစ်ဖက်သတ် တရားဥပဒေမဲ့ လုပ်တယ်လို့တော့ ကျွန်တော်ကတော့ မြင်တယ်"
ရခိုင်ပြည်နယ်ကို ပြေးဆွဲနေတဲ့ အမြန်ယာဉ်လိုင်းတွေ၊ ရေယာဉ်လိုင်းတွေ များစွာရှိပါတယ်။ ဒီယာဉ်လိုင်းတွေကို အသုံးပြုနေတဲ့ ခရီးသည်တွေထဲမှာ အရပ်သားတွေအပြင် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း အသုံးပြုနေတဲ့အတွက် တခါတရံ အခုလိုဖြစ်စဉ်တွေ ပေါ်ပေါက်တတ်ပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ရက္ခိုင့်တပ်တော် AA အဖွဲ့က မန္တလေးတိုင်း ဇီးပင်ကြီး သင်တန်းကျောင်းကနေ မြောက်ဦးကို ပြန်လာကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေပါလာတဲ့ ခရီးသည်တင်ကားကို တားဆီးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးနဲ့ ခရီးသည် ၁၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ရက်အတန်ကြာ ထိန်းသိမ်းခဲ့ပြီးနောက် AA က ခရီးသည်တွေကို ပြန်လွှတ်လိုက်ပေမယ့် မီးသတ်တပ်ဖွဲ့ဝင်တွေကိုတော့ မလွတ်ပေးသေးပါဘူး။
ရွှေပြည်တန် ရေယာဉ်လိုင်းမန်နေဂျာ ဦးစံမော်သိန်းက - သူတို့တွေအနေနဲ့ ရဲတပ်ဖွဲ့နဲ့ တပ်မတော်သားတွေ အဖွဲ့လိုက် ယာဉ်လိုင်းမှာ လာရောက်စီးနင်းပြီဆို လက်မခံဝံ့ဘူးလို့ ပြောပါတယ်။
"ကျွန်တော်တို့မှာ လက်မှတ်ရောင်းတယ်၊ ခရီးစဉ်ရှိတယ် လက်မှတ်လာဝယ်ရင် ဘယ်သူမို့လို့ဆိုပြီး မရောင်းဘူးလို့ ပြောဖို့ခက်ပါတယ်။ အဲဒီဟာမှာ ဝန်ထမ်းဘာညာဆိုရင် တစ်ယောက် နှစ်ယောက်ဆို ပြဿနာမရှိဘူး၊ များတယ်ဆိုရင်တော့ ဒါက ဒီဟာပြောမှာ နည်းနည်းလေး ပြန်ပြီးမေးမြန်းပြီးမှ ရောင်းရမယ် တစ်ယောက်စ နှစ်ယောက်စကတော့ ရှိနိုင်ပါတယ်။ ကျွန်တော်တို့လည်း စိုးရိမ်ပါတယ်"
အောက်တိုဘာ ၂၆ ရက်နေ့က AA အဖွဲ့ဟာ ရေယာဉ်ပေါ်ကနေ လူ ၅၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားချိန်မှာ တပ်မတော် ရဟတ်ယာဉ်တွေပေါ်ကနေ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူတွေရှိခဲ့သလို ထွက်ပြေးလွတ်မြောက် သွားသူတွေ ရှိခဲ့တာပါ။
အဲဒီရက်ပိုင်းအတွင်း AA နဲ့ တပ်မတော်အကြား တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
တစ်နှစ်နီးပါးကြာမြင့်လာပြီဖြစ်တဲ့ ဒီတိုက်ပွဲတွေအတွင်း ဖမ်းဆီးခံရတဲ့/သေဆုံးတဲ့ အရပ်သား အများအပြား ရှိနေသလို ရဲနဲ့ တပ်မတော်သား၊ စစ်မှုထမ်းဟောင်းတွေလည်း သေဆုံးမှုတွေ ရှိနေပါတယ်။