အကျဉ်းသားလဲလှယ်ရေး AA ကမ်းလှမ်းချက်ကို တပ်က ပယ်ချ

နေမျိုးထွန်း
2019.11.12
aa-hostage-622.jpg AA ဖမ်းထားတဲ့သူ ၁၇ ဦးပုံကို တွေ့ရစဉ်
AA Photo

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ရွှေနဒီ အမြန်ရေယာဉ်ပေါ်ကနေ ဖမ်းဆီးသွားတဲ့ ရဲနဲ့ တပ်မတော်သား ၁၆ ဦး အပါအဝင် ပြီးခဲ့တဲ့ အောင်တိုဘာ ၂၇ ရက်နေ့က ကျောက်တော်မြို့နယ် အပေါက်ဝလမ်းမှာ ဖမ်းဆီးခဲ့တဲ့ အပေါက်ဝ ရဲစခန်းက ဒုရဲအုပ် တစ်ဦး စုစုပေါင်း ၁၇ ဦးကို AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး တပ်မတော်က ပုဒ်မ အမျိုးမျိုးနဲ့ စွပ်စွဲဖမ်းဆီးထားသူ အရပ်သားတွေနဲ့ လဲလှယ်လိုတာဖြစ်ကြောင်း AA က ထုတ်ပြန်ထားတာပါ။

မနေ့ကရက်စွဲနဲ့ ထုတ်ပြန်တဲ့ AA အဖွဲ့ရဲ့ ကြေညာချက်မှာ ရဲတပ်ဖွဲ့ဝင် ကိုးဦး၊ တပ်မတော်သား ခြောက်ဦး၊ အကျဉ်းဦးစီးဝန်ထမ်း တစ်ဦး၊ တပ်အင်ဂျင်နီယာ တစ်ဦးတို့ရဲ့ နာမည်၊ ဓာတ်ပုံတွေနဲ့ ပူးတွဲ ထုတ်ပြန်ထားပါတယ်။

AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ တောင်းဆိုထားတဲ့အတိုင်းဆောင်ရွက်ရင် စစ်ဘက်နဲ့ ပတ်သက်ပြီး ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးမယ်လို့ RFA ကို ပြောပါတယ်။AA ပြောခွင့်ရသူ ခိုင်သုခ

“အခု မနေ့က ထုတ်ပြန်ထားသလိုပေါ့နော်၊ သူတို့ ဗမာစစ်တပ်ဘက်က နေ မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ လွှတ်ပေးမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဘက်ကလည်း အပြန်အလှန်အနေနဲ့ အခုထိန်းသိမ်း ထားတဲ့ စစ်ဘက်နဲ့ ပတ်သက်တဲ့သူတွေကို လွှတ်ပေးသွားဖို့ရှိတယ်။ တကယ်လို့ တကယ်လို့ ဗမာအစိုးရနဲ့ ဗမာစစ်တပ်ဘက်က လွှတ်မပေး ဘူးဆိုရင်တော့ ကျွန်တော်တို့ဘက်ကလည်း အလားတူပဲ ပြန်ပြီးလုပ်ရ လိမ့်မယ်ဗျ”

တခြားတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ သုံ့ပန်းတွေရှိသေးကြောင်း၊ အရေအတွက် တိတိကျကျ ထုတ်ပြန်ဖို့ အစီအစဉ် မရှိသေးကြောင်း လည်း ခိုင်သုခက ပြောပါတယ်။

AA က ထိန်းသိမ်းထားသူတွေကို သုံ့ပန်း ထိန်းသိမ်းခြင်းဆိုင်ရာ စည်းကမ်းတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထား တယ်လို့ ကြေညာချက်မှာ ဆိုထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ စစ်သုံ့ပန်းဆိုတဲ့ အဓိပ္ပါယ်ဟာ စစ်ယှဉ်ပြိုင်တိုက်ခိုက်ရင်းနဲ့ ဖမ်းဆီးခံရသူတွေကို သတ်မှတ်ပြီး အခုလို ရေယာဉ်ကို ရပ်ခိုင်းပြီးတော့ သာမန်ခရီးသွားနေသူတွေ ဖမ်းဆီးသွားတာကို စစ်သုံ့ပန်းလို့ ခေါ်နိုင်မလား ဆိုတာ စဉ်းစားရမှာဖြစ်ကြောင်း ပြောပါတယ်။

နိုင်ငံအချင်းချင်း စစ်ဖြစ်ပွားခဲ့ပြီး စစ်ပွဲအတွင်း ဖမ်းဆီးခဲ့တဲ့ သုံ့ပန်းအချင်းချင်း လဲလှယ်တာတွေရှိခဲ့ပေမယ့် ဘယ်နိုင်ငံ ဘယ်တပ်မတော်ကမှ အကြမ်းဖက်သူတွေ ဖမ်းဆီးသွားတဲ့သူတွေနဲ့ လဲလှယ်တာမျိုးမရှိသလို ညှိနှိုင်းပြီး ဆောင်ရွက်ခဲ့တာ မရှိဘူးလို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း

“နိုင်ငံအချင်းချင်း တကယ်လို့မှ စစ်ဖြစ်ပွားခဲ့တယ်၊ စစ်ပွဲတွေမှာ မိခဲ့တဲ့ သုံ့ပန်းအချင်းချင်း လဲလှယ်တာတွေရှိခဲ့တယ်။ သို့သော် ဘယ်နိုင်ငံ ဘယ်တပ်မတော်ကမှ အကြမ်းဖက်တွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူတွေကို လဲလှယ်တာမျိုး မရှိဘူး။ ဘယ်နိုင်ငံတကာ တပ်မတော်က ဘယ်အကြမ်းဖက်အဖွဲ့အစည်းနဲ့မှာ ညှိနှိုင်းပြီး ဆောင်ရွက်ခဲ့တာ မရှိဘူး”


ဒါ့အပြင် တပ်မတော်က ဖမ်းဆီးထားသူတွေဟာ တရားဥပဒေအရ ဆောင်ရွက်တာဖြစ်ပြီး ဖမ်းဆီးစစ်ဆေးပြီးလို့ ငြိစွန်းမှုမရှိဘူးဆိုရင် တရားရုံးမတင်ဘဲ ပြန်လွှတ်ပေးခဲ့ကြောင်း၊ တပ်မတော်က တရားဥပဒေလမ်းကြောင်းအရ  သွားနေတာဖြစ်ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စောဒကတက်ခဲ့တာမရှိကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်က ဖမ်းဆီးထားသူ အရေအတွက်ကို မေးမြန်းရာမှာတော့ အတိအကျပြောလို့ မရသေးဘူးလို့ ဆိုပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြီးခဲ့တဲ့ ဇွန်လမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ဇွန်လဆန်းပိုင်းအထိ နှစ်ဘက် တိုက်ပွဲတွေအတွင်း တပ်မတော်က AA အဖွဲ့နဲ့ ပတ်သက်တယ်ဆိုပြီး သံသယရှိသူ ၉၀ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး လက်ရှိစစ်ဆေးနေဆဲ ၃၆ ဦး၊ ပြန်လွှတ်ပေးခဲ့သူ ရှစ်ဦး၊ အမှုဖြစ်ပွားနေသူ ၄၅ ဦး၊ ပြစ်ဒဏ်ချမှတ်ပြီးသူ သုံးဦးရှိတယ်လို့ ပြောဆိုထားပါတယ်။

မန္တလေးမြို့အခြေစိုက် အထင်ကရ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသိန်းဦးကတော့ ၁၉၀၈ ခုနှစ် မတရားအသင်း ဥပဒေက လက်ရှိအချိန်အထိ အတည်ဖြစ်နေတာကြောင့် ဥပဒေနဲ့ မစဉ်းစားဘဲ အပြန်အလှန် ညှိနှိုင်းပြီးတော့ လဲလှယ်တာပဲဖြစ်ဖြစ်၊ အကြောင်းပြ လဲလှယ်တာပဲဖြစ်ဖြစ် ဒီဟာက ခွင့်ပြုနိုင်သလို သမ္မတရဲ့ အခွင့်အာဏာနဲ့ ဆောင်ရွက်လို့လည်း ရတယ်လို့ ပြောပါတယ်။တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး

“ဥပဒေကို မစဉ်းစားပါနဲ့ လက်ရှိမြေပြင်မှာဖြစ်နေတဲ့ အနေအထားအရ ကမ္ဘာ့ကြက်ခြေနီအဖွဲ့လိုဟာမျိုးက ကြားဝင်နှစ်ဘက်ညှိနှိုင်းပြီးတော့ လဲလှယ်တာကောင်းတယ်။ လဲလှယ်တာကောင်းတယ်လို့ပြောတာ ဘယ်သူ ဘယ်သူ့မှ မထိခိုက်စေချင်ဘူး။ တိုင်းပြည်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အရေးကြီးတယ်၊ ငြိမ်းချမ်းရေး အရေးကြီး တယ်။ အဲလိုအချိန်မှာ တစ်ဖက်နဲ့တစ်ဖက်တိုက်နေတာဟာ ဘယ်လို အကြောင်းပြခက်ပဲဖြစ်ဖြစ် တိုင်းပြည်အတွက်နစ်နာတာပဲ။ တစ်ဖက်နဲ့ တစ်ဖက် ကြေကြေလည်လည်နဲ့ အပြန်အလှန်ညှိနှိုင်းပြီးတော့ လဲလှယ်တာပဲဖြစ်ဖြစ်၊ အကြောင်းပြလဲလှယ်တာပဲဖြစ်ဖြစ် ဒီဟာက ခွင့်ပြုနိုင်တယ်။ ဒါ သမ္မတရဲ့ အခွင့်အာဏာ ထဲလည်းရှိတယ်”

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူ ဒေါ်သိန္နီဦးကတော့ အစကတည်းက အခုလို ဖမ်းကို မဖမ်းသင့်ကြောင်းနဲ့ နှစ်ဘက်စလုံးက လူ့အခွင့်အရေး ချိုးဖောက်တာချင်း အတူတူပဲလို့ RFA ကိုပြောပါတယ်။

ဓားစာခံအဖြစ်ကို မဖမ်းသင့်ပါဘူး

“လူအခွင့်အရေးရှုထောင့်က ကြည့်ရင်တော့ ဖမ်းကို မဖမ်းသင့် တာပေါ့ အစကတည်းက ဓားစာခံအဖြစ်ကို မဖမ်းသင့်ပါဘူး။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကမှ အရပ်သားပြည်သူကို ဓားစားခံအဖြစ် အသုံးချပြီး မလုပ်သင့်ပါဘူး။ ဒါဟာ ရာဇဝတ်မှုမြောက်ပါတယ်။ စစ်ရေးအမြင်အရ နှစ်ဘက်အဖွဲ့ လဲချင်လဲ။ အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ နှစ်ဘက်လုံးက လွှတ်ပေးရမှာပါ။ AA က လက်နက်ကိုင်တပ်ဖွဲ့မှာ ပါဝင်တဲ့ သူတွေကို ဖမ်းတာဖြစ်တယ်၊ အစိုးရကတော့ အရပ်သားပြည်သူတွေကို ဖမ်းတာဖြစ်တယ်ဆိုတော့ လူအခွင့်အရေး ချိုးဖောက်တာတော့ အတူတူပဲ”

ရသေ့တောင်မြို့နယ် မေယုမြစ်ထဲမှာ ပြေးဆွဲနေတဲ့ ရွှေနဒီအမြန်ရေယာဉ်ကို အောက်တိုဘာ ၂၆ ရက်နေ့က AA အဖွဲ့က ရေယာဉ်ပေါ်လိုက်ပါလာတဲ့ အရပ်သား ၂၅ ယောက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့က ပြန်လည်လွှတ်ပေး ခဲ့ပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း AA အဖွဲ့ ဖမ်းဆီးခေါ်ဆောင်တာခံရသူတွေထဲမှာ ပြန်လွတ်လာသူ အများအပြားရှိပါတယ်။ အထင်ရှားဆုံး ဖမ်းဆီးမှုတွေထဲမှာ မီးသတ်သမား အယောက် ၂ဝ ခန့် အဖမ်းခံရတဲ့ဖြစ်ရပ်နဲ့ အိန္ဒိယနိုင်ငံသားတွေ ဖမ်းဆီးခံရတဲ့ ဖြစ်ရပ်တွေဖြစ်ပါတယ်။

အဲဒီထဲက မီးသတ်အရာရှိ တစ်ဦး၊ အိန္ဒိယနိုင်ငံသား တစ်ဦးတို့ဟာ အထိန်းသိမ်းခံထားရစဉ် သေဆုံးသွားပါတယ်။ AA အဖွဲ့ကတော့ အဲဒီ နှစ်‌ယောက် သေဆုံးမှုဟာ နှိပ်စက်ညှဉ်းပန်းခံရလို့ သေဆုံးတာ မဟုတ်ဘဲ အမောဖောက်ပြီး နှလုံးရောဂါနဲ့ သေဆုံးသွားကြတာလို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။