AA ပြန်လွှတ်ပေးလိုက်တဲ့ ဝန်ထမ်းတွေ ခုံရုံးဖွဲ့ စစ်ဆေးခံရမည်

ဝေယံမိုးမြင့်
2020.01.12
aa-free-drivers-622.jpg ရခိုင့်တပ်တော် AA က ပြန်လွှတ်ပေးတဲ့ ကုန်းလမ်းပို့ဆောင်ရေး (ကပရ) ယာဉ်မောင်းဝန်ထမ်း ၁၆ ဦးကို တွေ့ရစဉ်
Photo: AA Website

ရက္ခိုင့်တပ်တော် AA ရဲ့ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာပေမယ့် တာဝန်ကျနေရာကိုမသွားဘဲ နေပြည်တော်ဌာနချုပ်ကို ပြန်သွားတဲ့ ကုန်းလမ်းပို့ဆောင်ရေးဝန်ထမ်း ၁၆ ဦး အပါအဝင် ၁၈ ဦးကို ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက မနက်ဖြန် ဇန်နဝါရီ ၁၃ ရက်နေ့မှာ ခုံရုံးဖွဲ့ စစ်ဆေးပါမယ်။

ကုန်းလမ်းပို့ဆောင်ရေးဝန်ထမ်း ယာဉ်မောင်း ၁၈ ဦးဟာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က နေရပ်စွန့်ခွာ သူတွေ ပြန်လည်လက်ခံရေးစခန်းမှာ ယာဉ်မောင်းတာဝန်ထမ်းဆောင်ဖို့ တာဝန်ကျတဲ့ မောင်တောကို ဒီဇင်ဘာ ၃၁ ရက်နေ့က အောင်တံခွန်ရေယာဉ်နဲ့  သွားရောက်ရာမှာ ဘူးသီးတောင်မြို့နယ်အရောက်မှာ AA က ဖမ်းဆီး သွားခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီရေယာဉ်ပေါ်မှာ ဝန်ထမ်း ၁၈ ဦး လိုက်ပါခဲ့တာဖြစ်ပေမယ့် ၁၆ ဦးဖမ်းဆီးခံခဲ့ရပြီး ကျန်တဲ့ နှစ်ဦးက ခရီးသည်တွေနဲ့ရောနေတဲ့အတွက် ကျန်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

AA က ဖမ်းဆီးသွားပြီး တပ်မတော်ရဲ့ လက်နက်တွေ သယ်ဆောင်ပေးတာရှိ၊ မရှိ၊ တပ်မတော်နဲ့ ပတ်သက်မှု ရှိ၊ မရှိကို စစ်ဆေးမေးမြန်းခဲ့ပြီးနောက် နောက်တစ်ရက်မှာ ပြန်လွှတ်ပေးခဲ့တာလို့ ဖမ်းဆီးခံရတဲ့ ဝန်ထမ်းတွေက ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ဖြစ်ရပ်ကြောင့် တာဝန်ကျရာနေရာကို သွားရမှာစိုးရိမ်ပြီး ဝန်ထမ်းအားလုံးဟာ ဌာနချုပ်ကိုပြန်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ ခရီးသည်တွေနဲ့ ရောကျန်ခဲ့တဲ့ ဝန်ထမ်း ဦးထူးထူးအောင်က ပြောပါတယ်။

“ဘူးသီးတောင်မှာ ဖမ်းဆီးခံရတဲ့ ၁၆ ယောက်လုံးက ပြန်မယ်ဆိုတော့ တစ်ယောက်တည်း၊ နှစ်ယောက်တည်း မပြန်လို့ မရတော့ဘူး၊ ဟိုမှာ လက်မှတ်ထိုးပြီး ပြန်ရတာ၊ ဘူးသီးတောင် အုပ်ချုပ်ရေးမှူးက ကိုယ့်သဘောနဲ့ ကိုယ် ပြန်မယ်ဆိုရင် လက်မှတ်ထိုးပါဆိုလို့ ယာဉ်မောင်း ၁၇ ယောက်ရယ်၊ ဒုကြီးကြပ်ရေးမှူးရယ် အကုန်လုံးလက်မှတ် ထိုးပြီး ပြန်ကြတာ”

ခရီးသည်တွေနဲ့ ရောကျန်ခဲ့တဲ့ ဦးထူးထူးအောင် အပါအဝင် နှစ်ဦးဟာ AA ရဲ့ ဖမ်းဆီးမခံရပေမယ့်လည်း ပြန်လွတ်လာသူတွေနဲ့အတူ ဌာနချုပ်ကို ပြန်ခဲ့ကြတာလို့ သိရပါတယ်။

ဖမ်းဆီးခံခဲ့ရပြီး ပြန်လွှတ်လာချိန် ဘူးသီးတောင် အုပ်ချုပ်ရေးမှူးရုံးမှာ သုံးရက်ကြာ စစ်ဆေးမေးမြန်းခံရပြီး စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ နှစ်ရက်ကြာအောင် ထပ်မံစစ်ဆေးခံခဲ့ရတယ်လို့ ဖမ်းဆီးခံရသူတွေက ပြောပါတယ်။

တာဝန်ရှိတဲ့သူတွေ ဘူးသီးတောင်မှာ လာအားပေးတာလဲမရှိဘူး

နေပြည်တော် ဌာနချုပ်ကိုဆက်သွယ်ရာမှာ တာဝန်ကျရာ နေရာကို ဆက်သွားဖို့ အမိန့်ပေးခဲ့ပေမယ့် ဆက်မသွားဘဲ နေပြည်တော် ဌာနချုပ်ဆီ ပြန်ခဲ့တာကြောင့် တာဝန် ပျက်ကွက်မှုနဲ့ ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးခံရမှာလို့ ဆိုပါတယ်။

တာဝန်ချပေးစဉ်က လုံခြုံရေးအာမခံတယ်လို့ ကတိပေးခဲ့ပေမယ့် ဖမ်းဆီးခံခဲ့ရပြီး ပြန်လွှတ်လာချိန်မှာ လာရောက်အားပေးတာ မရှိသလို ဆက်သွားဖို့ပဲ ညွှန်ကြားချက်ရတာလို့ လွတ်မြောက်လာသူတွေထဲက ဒုကြီးကြပ်ရေးမှူး ဦးအောင်ဇော်ထွန်းက ပြောပါတယ်။

“စလွှတ်တုန်းက ဟိုမှာလည်း ဘာမှမဖြစ်ဘူး၊ အာမခံတယ်ဆိုပြီး ကျွန်တော်တို့ မိသားစုတွေကို အာမခံပြီး လွှတ်တာ။ သူတို့ခိုင်းတဲ့အတိုင်းပဲ ဟိုမှာ အစိုးရအဖွဲ့ သတင်းပို့ဆိုတော့ သတင်းပို့တယ်၊ အစိုးရအဖွဲ့က ဒီသင်္ဘောကိုစီးပါ စိတ်ချရပါတယ်ဆိုလို့ ကျွန်တော်တို့စီးတယ် ဒါပေမဲ့ အခုလိုဖြစ်သွားတယ်ပေါ့။ ကျွန်တော်တို့ အဖွဲ့တွေ သွေးပျက်သွားတယ်ပေါ့။ တာဝန်ရှိတဲ့သူတွေက ဘူးသီးတောင်မှာ လာအားပေးတာလဲမရှိဘူး၊ သူတို့လည်း မလာဘူး၊ ဆက်တက်ဆက်တက်လို့သာ အမိန့်ပေးတာပဲရှိတယ်”

အသက်မသေဘဲ ပြန်လွတ်လာခဲ့တဲ့ အစိုးရဝန်ထမ်းတွေကို ဌာနက ဒီလိုကြိုဆိုတာ မလုပ်သင့်ဘူးလို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း

“သူတို့က တာဝန်ထမ်းဆောင်ဖို့ လာတဲ့သူတွေ။ ဒါကို ဌာနက ပြန်ပြီးတော့ နည်းနည်းပါးပါး သူတို့ဘက်က အားနည်းချက် ရှိရင်တောင် ဒီချိန်မှာ မိသားစုကို  စိတ်ချမ်းသာအောင် နွေးနွေးထွေးထွေးလုပ်သင့်တယ်လို့ထင်တယ်၊ ဌာနက စစ်ဆေးတယ်ဆိုတာ လူကြားလို့လည်း မကောင်းဘူးပေါ့”

အဲဒီကိစ္စအပေါ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။

အဲဒီဝန်ထမ်းတွေဟာ ရန်ကုန်၊ တောင်ကြီး၊ မိထ္တီလာ၊ ပန်းတောင်း၊ မကွေး၊ ပခုက္ကူ၊ ရွှေဘိုနဲ့ နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေရာကနေ မောင်တောကို ရွှေ့ပြောင်းတာဝန်ကျသူတွေ ဖြစ်ပါတယ်။

သူတို့တွေကို ဇန်နဝါရီ ၁၃ ရက်နေ့ မနက်ဖြန်မှာ စတင်စစ်ဆေးမှာဖြစ်ပါတယ်။

သူတို့ကို စစ်ဆေးပြီးနောက် စစ်ဆေးချက်အစီရင်ခံစာကို ဇန်နဝါရီလ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ဦးဆောင် ညွှန်ကြားရေးမှူးထံ တင်ပြရမယ်လို့  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ရုံးအမိန့်စာထုတ်ထား တယ်လို့ သိရပါတယ်။

နယ်မြေတည်ငြိမ်မှုမရှိတဲ့ ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ရတာ လုံခြုံမှုမရှိတာကြောင့် ဝန်ထမ်းအများစု ဟာ ရွှေ့ပြောင်းတာဝန်ကျ ထမ်းဆောင်ရမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။