အမတ်ကို ဖမ်းသွားတဲ့ AA ကို ကန့်ကွက်ကြောင်း လွှတ်တော်မှာအဆိုတင်
သက်စုအောင်
2019.11.13
2019.11.13

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးထားတဲ့အတွက် ရက္ခိုင့်တပ်တော် AA ကို ကန့်ကွက် ရှုတ်ချကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်က ဒီနေ့ အရေးကြီးအဆို တင်သွင်းတာကို လက်ခံဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။
မန္တလေးတိုင်း အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုးက လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ဖြစ်တဲ့ ဦးဝှေ့တင်းကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ထားတာဟာ နိုင်ငံတော်က ဆောင်ရွက်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေမှု၊ ပြည်သူ့ကိုယ်စားပြုမှုတွေကို တိုက်ရိုက်ဆန့်ကျင်အကြမ်းဖက်တဲ့ လုပ်ရပ်ဖြစ်တာကြောင့် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း အရေးကြီးအဆို တင်သွင်းခဲ့တာကို လွှတ်တော်က လက်ခံဖို့ ဆုံးဖြတ်လိုက်တာပါ။
AA ကို ကန့်ကွက်ရှုံ့ချကြောင်း အရေးကြီးအဆိုတင်တဲ့အပေါ် ဒီနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တက် ရောက်နေတဲ့ ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားကို RFA က လိုက်လံမေးမြန်းရာ မှာတော့ မှတ်ချက်မပေးလိုသေးတဲ့အတွက် ဖြေဆိုဖို့ ငြင်းဆန်ကြပါတယ်။
AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ အေးမောင်ကို အစိုးရက ဖမ်းဆီးထောင်ချထားတာကလည်း အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေနိုင်တဲ့ကိစ္စဖြစ်ပြီး NLD ပါတီ ကိုယ်စားလှယ်ကို ဖမ်းဆီးမှ အခုလို ကန့်ကွက်ရှုတ်ချကြောင်း အဆိုတင်သွင်းတာဟာ တရားမျှတမှုမရှိတဲ့လုပ်ရပ် ဖြစ်ပြီး ဒီလိုဆောင်ရွက်နေသမျှ ကာလပတ်လုံး ငြိမ်းချမ်းရေး မရနိုင်ကြောင်း NLD ပါတီ ကိုယ်စားလှယ်ရဲ့ အရေးကြီးအဆိုတင်သွင်းမှုအပေါ် တုံ့ပြန်ပြောဆိုပါတယ်။
ဦးဝှေ့တင်းဟာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတက်ရောက်ဖို့ ဒီလ ၃ ရက်နေ့က ပလက်ဝကနေ နေပြည်တော်ကို လာရာလမ်း၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် နယ်စပ်မှာ ရက္ခိုင့်တပ်တော် AA က ဖမ်းဆီး လိုက်တာဖြစ်ပါတယ်။
သူနဲ့အတူ ခရီးသွားနေတဲ့ ကုလားတန်စီမံကိန်း လုပ်သားတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံသား ငါးဦးလည်း ဖမ်းဆီးခံခဲ့ရပြီး နောက်တစ်နေ့မှာတော့ AA က ဦးဝှေ့တင်းကလွဲပြီး ကျန်တဲ့သူတွေကို အကုန်လွှတ်ပေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ သားတစ်ဦးကတော့ လမ်းခရီးမှာ အမောဖောက်ပြီး သေဆုံးသွားတယ်လို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။