ချင်းအမတ်ကိုလွှတ်မပေးရင် AA အတွက် ထိခိုက်မှုရှိလာနိုင်ဟု NLD ပြော
2019.11.11
ရက္ခိုင့်တပ်တော် AA အနေနဲ့ ပလက်ဝမြို့နယ် ကိုယ်စားပြု ချင်းပြည်နယ် အမှတ် ၁၁ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးထားတာကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ AA ရဲ့ ကြေညာချက်မှာပါသလို သက်သေအထောက်အထားတွေ တွေ့တယ်ဆိုရင်လည်း အများပြည်သူသိအောင်ချပြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်
ဒီလိုမှမဟုတ်ဘဲ တော်လှန်ရေးကာလဆိုပြီး ကိုယ့်ဘာသာစည်းကမ်းတွေ သတ်မှတ်လုပ်သွားရင်တော့ အဖွဲ့အစည်းအတွက် ထိခိုက်နစ်နာလိမ့်မယ်လို့ ဒေါက်တာ မျိုးညွန့်က ပြောလိုက်ပါတယ်။
"ဦးဝှေ့တင်းဟာ လွှတ်တော်ကနေပြီးတော့ သူ့ရဲ့မွေးရပ်ဇာတိ သူ့ရဲ့ မဲဆန္ဒနယ်မြေကို ပြန်တာပဲဖြစ်ပါတယ်၊ အဲတော့ ဒီပြန်တဲ့အပြန်ခရီးမှာ အထောက်အထားတွေ AA ကတွေ့တယ်ဆိုရင်လည်း ဒါအများသိအောင် ထုတ်ပြောသင့်ပါတယ်၊ ဒီလိုထုတ်မပြောပဲနဲ့ တော်လှန်ရေးကာလဖြစ်တဲ့အတွက် မိမိတို့ လုပ်သင့်တာလုပ်မယ်လို့ပြောတာကတော့ မသင့်တော်ပါဘူး၊ ဦးဝှေ့တင်းဟာ စစ်တိုက်နေတဲ့ စစ်သားတစ်ဦး မဟုတ်ပါဘူး၊ သူ့အပေါ် စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေကိုလည်း သူ့မှာ ပြန်လည်ဖြေရှင်းခွင့်ရှိသင့်ပါတယ်၊ ဒီလိုမှမဟုတ်ဘဲနဲ့ တစ်ဖက်သတ် စွပ်စွဲလုပ်ဆောင်မယ်ဆိုရင်တော့ ဖမ်းဆီးထားတဲ့အဖွဲ့အစည်းဟာ အချိန်ကြာတဲ့အမျှ ဦးဝှေ့တင်းရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်အတွက် လုံးဝတာဝန်ရှိသွားပါတယ်၊ လက်နက်ကိုင်ပြီး နှစ်ဘက်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေကြားမှာတောင် လိုက်နာရမယ့် စည်းကမ်းတွေရှိပါတယ်၊ တော်လှန်ရေးကာလဖြစ်တဲ့အတွက်ဆိုပြီးတော့ မိမိတို့ဘာသာစည်းကမ်းတွေ သတ်မှတ်ပြီးလုပ်သွားမယ်ဆိုရင်တော့ ဒါအဖွဲ့အစည်းအတွက် ထိခိုက်နစ်နာပါလိမ့်မယ်လို့ပဲ ပြောချင်ပါတယ်"
ဘယ်လိုကိစ္စမျိုးတွေမှာ ထိခိုက်မှုတွေ ရှိလာနိုင်လည်းဆိုတာကိုတော့ တိတိကျကျ ပြောဆိုတာမရှိပါဘူး။ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေကတော့ ဦးဝှေ့တင်းကို ဖမ်းဆီးထားတာဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို AA အဖွဲ့က ချိုးဖောက်ရာရောက်ကြောင်း ဝေဖန်ပြောဆိုချက်တွေရှိပါတယ်။
ဒေါက်တာ မျိုးညွန့်က ပါတီအနေနဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး အထူးတလည် လုပ်ပေးနိုင်တာမရှိတဲ့အတွက် ပါတီဝင်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မိမိလုံခြုံရေးကို ကိုယ်တိုင်ဂရုစိုက်ကြဖို့ပဲရှိတယ်လို့လည်း ဆိုပါတယ်။
ရက္ခိုင့်တပ်တော် AA ကတော့ ဦးဝှေ့တင်းကို ဖမ်းဆီးထားတာဟာ ရခိုင်၊ ခူမီး၊ မြို၊ သက်၊ မြ၊ လင်းကြံတို့အပြင် အခြားသော လူနည်းစု မျိုးနွယ်စုတွေအကြား အမုန်းစကားတွေပြောဆိုပြီး သွေးခွဲလှုံ့ဆော်နေတာ၊ ရခိုင်မျိုးနွယ်စုတွေအပေါ် နှိပ်ကွပ်ဖို့ကြိုးစားနေတာ၊ ရက္ခိုင့်တပ်တော်ရဲ့ စစ်ရေးကဏ္ဍတွေကို အနှောင့်အယှက်ပြုဖို့ကြိုးစားတာ၊ ပလက်ဝထဲက ရခိုင်လူမျိုးတွေကို ရက္ခိုင့်တပ်တော်နဲ့ ဆက်စပ်ပတ်သက်နေတယ်ဆိုတဲ့ တိုင်တန်းချက်တွေနဲ့ အခက်ကြုံအောင်ပြုလုပ်နေတာ၊ မြန်မာ့တပ်မတော်ရဲ့ လက်ကိုင်တုတ်အဖြစ် လုပ်ဆောင်နေတာ စတာတွေကြောင့်ဖြစ်တယ်လို့ မနေ့က နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
"သူလုပ်ထားတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ သူ့ဆီကနေပြီးတော့ ခိုင်မာတဲ့အထောက်အထားတွေကို သိမ်းဆည်းရရှိထားပြီးဖြစ်တယ်ဆိုတော့ ဒီကိစ္စတွေအပေါ်မှာလည်း ဆက်ပြီးတော့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ထပ်လုပ်နေတာရှိတယ်၊ ဒီကြားထဲမှာတော့ သူနဲ့ပတ်သက်ပြီးတော့ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာတော့ စုံစမ်းစစ်ဆေးမှုပြီးသွားမှပဲ ပြောလို့ရမယ်ဗျ၊ ကျွန်တော်တို့က စုံစမ်းစစ်ဆေးနေဆဲကာလ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီအထောက်အထားတွေကိစ္စ ဘာမှပြောလို့မရသေးဘူး၊ ဒါပေမဲ့ ကျွန်တော်တို့လက်ထဲမှာ သူလုပ်ထားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ အထောက်အထားတွေ အခိုင်အမာတော့ ရရှိထားပြီဆိုတာတော့ ပြောလို့ရတယ်"
ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ပြောသွားတာပါ။
ပြည်သူကရွေးချယ်ထားတဲ့ ကိုယ်စားလှယ်ဖြစ်လို့ မဖမ်းဆီးရဘူးဆိုတာနဲ့ သူပြောတိုင်း လက်ခံရမယ်ဆိုတာကို AA ဘက်ကလက်မခံသလို AA ရဲ့ မူဝါဒတွေဖြစ်တဲ့ ဘာသာရေးလူမျိုးရေးကိုအခြေခံပြီး ခွဲခြားတာ၊ ပဋိပက္ခဖြစ်အောင် ဖန်တီးတာတွေကိုလည်း လုံးဝလက်မခံကြောင်းနဲ့ အဲလိုလုပ်တဲ့သူတွေကိုလည်း သည်းမခံဘဲ လိုအပ်သလို စစ်ဆေးအရေးယူတာတွေ ဆက်လုပ်ဆောင်သွားမယ်လို့ ခိုင်သုခ ကဆိုပါတယ်။
ဦးဝှေ့တင်းကို ဖမ်းဆီးတာ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ချင်းလူ့အဖွဲ့အစည်း ၄၃ ဖွဲ့ကလည်း မနေ့က ပူးတွဲကြေညာချက် ထုတ်ပြန်ပြီးတောင်းဆိုထားပါတယ်။
ဘယ်လိုအကြောင်းပြချက်နဲ့ဖြစ်ဖြစ် အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်မှုကျူးလွန်တာဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေတွေအရ ရာဇဝတ်မှုမြောက်တယ်လို့ ချင်းအလူ့အဖွဲ့အစည်းတွေက သတိပေးထားပါတယ်။
လက်ရှိ ချင်းလူမျိုးတွေနဲ့ ရခိုင်လူမျိုးအကြား ယုံကြည်မှုလည်း လျော့ကျလာနေပြီး မလိုလားအပ်တဲ့ လူမျိုးရေးပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့အတွက် ဦးဝှေ့တင်းကို အမြန်ဆုံးလွှတ်ပေးစေချင်တယ်လို့ ကြေညာချက်ထုတ်ပြန်ရာမှာပါဝင်တဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ သတင်းနဲ့အချက်အလက်ရှာဖွေရေး တာဝန်ခံ ဆလိုင်းတေရက RFA ကိုပြောပါတယ်။
"တကယ်လို့များ အဲလိုလွှတ်ပေးခြင်းမရှိပဲနဲ့ဆိုရင် မလိုအပ်တဲ့ပြဿနာတွေ ကျွန်တော်တို့ ရခိုင်နဲ့ ချင်းအကြားဖြစ်မှာဆိုးတယ်၊ ကျွန်တော်တို့ အဲဒါအရမ်းစိုးရိမ်နေရတယ်ပေါ့နော်၊ အဲဒါကြောင့်ဖြစ်နိုင်လို့ရှိရင် AA အဖွဲ့အနေနဲ့ အမြန်ဆုံးလွှတ်ပေးစေချင်တယ်၊ တကယ်လို့များအဲ့တာ မလွှတ်ပေးလို့ရှိရင် ဟုတ်ကဲ့ပြောလို့မရဘူးနော် လူမျိုးရေးလည်းဖြစ်နိုင်တယ် အဲဒါက၊ အခုဆိုလို့ရှိရင် ရခိုင်နဲ့ ကျွန်တော်တို့ ချင်းအကြားမှာ ယုံကြည်မှုလည်း ကျွန်တော်တို့ လျော့ကျလာမယ်၊ ပြီးတော့ အဲ့လိုဖြစ်နိုင်တာပေါ့နော်"
ချင်းလူ့အဖွဲ့အစည်းတွေအနေနဲ့ကတော့ ဦးဝှေ့တင်းကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဆလိုင်းတေရက ဆိုပါတယ်။
ဦးဝှေ့တင်းအနေနဲ့ AA အပေါ် နိုင်ငံတကာမှာ ဂုဏ်သိက္ခာ ကျဆင်းစေရန်ရည်ရွယ်ချက်တွေ Social Media တွေပေါ်မှာ မဟုတ်မမှန်ရေးသားတာ၊ တပ်မတော်ရဲ့ ဝါဒဖြန့်အရေးအသားတွေကို ထပ်ဆင့်ဖြန့်ဝေတာ၊ မြန်မာ့တပ်မတော်ရဲ့ ပလက်ဝဒေသအတွင်း စစ်ရာဇဝတ်ကျူးလွန်ထားတာတွေကို ဖုံးဖိထားပြီး AA အပေါ် အပြစ်တွေပုံချဖို့လုပ်ဆောင်နေတာနဲ့ ရက္ခိုင့်တပ်တော် ဆန့်ကျင်ရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်နေတယ်လို့ AA က ကြေညာချက်မှာ ထည့်သွင်းစွပ်စွဲထားပါတယ်။
ဦးဝှေ့တင်း ပြန်လွတ်ဖို့အတွက် တပ်မတော်ကပဲ လှုပ်ရှားမှရမှာဖြစ်ပြီး ရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုမှ လှုပ်ရှားကူညီပေးလို့မရတဲ့အတွက် ပြည်ထောင်စုလွှတ်တော်နဲ့ ကာကွယ်ရေးဌာန ပြည်ထဲရေးဌာနတွေဆီ စာပေးပို့ အကူအညီတောင်းထားတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။
"ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ကတော့ ပြည်ထောင်စုကို တင်ထားပါတယ်ခင်ဗျ၊ ပြည်ထောင်စုကိုတင်တယ် တစ်ဆက်စပ်တည်းပဲ ကျွန်တော်တို့ ကာကွယ်ရေး ပြည်ထဲရေး အဲ့လိုမျိုးတွေကိုလည်း မိတ္တူပေးပြီး တင်ပြထားပါတယ်ခင်ဗျ၊ မြေပြင်မှာကတော့ ကျွန်တော်တို့ ဒါ့ထက်ပိုလုပ်လို့မရ၊ ကျွန်တော်တို့အစိုးရကနေပြီးတော့ သက်ဆိုင်ရာကာကွယ်ရေးတို့ ပြည်ထဲရေးကို တာဝန်ပေးပြီးတော့ အောက်ခြေမှာ တပ်ကလှုပ်ရှားမှရမှာ၊ တပ်ကမဟုတ်ဘဲနဲ့ ရဲက ဘယ်လိုမှလှုပ်ရှားလို့မရဘူး၊ အဲဒီဖြစ်စဉ်တွေကို ဘယ်လိုမှကူညီပေးလို့မရတဲ့ အနေအထားဖြစ်ပါတယ်"
ဦးဝှေ့တင်း အဖမ်းခံရမှုအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီက နိုဝင်ဘာလ ၈ ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ AA အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာစပြီးလှုပ်ရှားချိန်ကတည်းက အရပ်သားတွေအပေါ် အကြမ်းဖက်တာ၊ ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်တာနဲ့ သတ်ဖြတ်တာတွေကိုများစွာ လုပ်ဆောင်ခဲ့တဲ့အတွက် ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကိုကာကွယ်စောင့်ရှောက်နိုင်ရေး အစိုးရက ထိရောက်ပြတ်သားတဲ့အစီအမံချမှတ်ပြီး အမြန်ဆုံးထိန်းချုပ်ဆောာင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
ဒါပေမဲ့ NLD ပါတီကတော့ ဦးဝှေ့တင်း အဖမ်းခံရမှုကို ပြင်းထန်စွာရှုံ့ချကြောင်းနဲ့ ဖမ်းဆီးထားသူတွေအနေနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်တိုက်တွန်းခဲ့ပေမယ့် AA အဖွဲ့ဆိုတာကို ထည့်သွင်းမဖော်ပြခဲ့ပါဘူး။
ဦးဝှေ့တင်းကိစ္စအတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမယ့် ဖုန်းစက်ပိတ်ထားတဲ့အတွက် ခေါ်ဆိုလို့မရပါဘူး။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက ပလက်ဝမြို့နယ်ကနေ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကိုအလာ အိန္ဒိယနိုင်ငံသားတွေနဲ့အတူ ကျောက်တန်းရွာအနီးမှာ AA အဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရတာပါ။
ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူတွေထဲက အိန္ဒိယနိုင်ငံသားတွေကို နောက်ရက်မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် အဲ့ဒီအထဲက အိန္ဒိယနိုင်ငံသားတစ်ယောက်ကတော့ သေဆုံးခဲ့ပါတယ်။
တပ်မတော်က ရရှိထားတဲ့စာရင်းတွေအရဆိုရင် ရွှေနဒီ အမြန်ရေယာဉ်ပေါ်က ဖမ်းဆီးခံထားရသူ အယောက် ၃၀ နီးပါးနဲ့ NLD လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် ပလက်ဝဘက်က ဖမ်းဆီးထားတဲ့သူ အယောက် ၂၀ စုစုပေါင်း အယောက် ၅၀ ကျော် AA အဖွဲ့လက်ထဲမှာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေတာ တစ်နှစ်နီးပါး ရှိနေပြီဖြစ်ပြီး နှစ်ဘက်တပ်က ဖမ်းဆီးစစ်ဆေးခဲ့သူ ဒေသခံတွေ ရာနဲ့ချီ ရှိနေပါတယ်။ စာရင်းအတိအကျကိုတော့ တပ်မတော်နဲ့ AA က အတိအကျ ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။
အရပ်ဖက်အဖွဲ့အစည်းတွေက ကောက်ယူထားတဲ့ စာရင်းတွေအရတော့ တိုက်ပွဲတွေကြောင့် ဒေသခံ ခုနှစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး သေဆုံးတဲ့အရပ်သား ၉၀ နီးပါးနဲ့ ဒဏ်ရာရရှိတဲ့အရပ်သား ၁၃၀ ကျော်ရှိနေပါတယ်။